ဆေးရုံကြီးအတွင်း ယာဉ်များ သွားလာရေးအဆင်ပြေစေရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။ ''ကျွန်မတို့ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ဂိတ်ပေါက်တွေကလည်း အရမ်းများတယ်။ အဆောင်တွေကလည်း တအားများတယ်။ အဲဒီအခါကျတော့ ကျွန်မတို့ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုလာရောက် ကြတဲ့ လူနာ၊ လူနာစောင့်တွေရဲ့ မော်တော်ယာဉ်တွေ၊ တာဝန်ထမ်း ဆောင်ကြတဲ့ဆရာဝန်၊ ဆရာမတွေရဲ့ယာဉ်အသွားအလာတွေမှာ လူနာတင်ယာဉ်တွေပါ အဆင်ပြေ ချောမွေ့မှုရှိအောင်လို့ မေလ ၁ ရက်နေ့ကနေစပြီးတော့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးရဲ့ ဝင်ပေါက်ထွက်ပေါက်တွေကို တစ်လမ်းမောင်း စနစ်များနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒါကလည်းအစည်းအဝေးတွေ အကြိမ်ကြိမ်လုပ်ပြီးတော့ သေသေချာချာလေးရေးဆွဲ ထားတာဖြစ်ပါတယ်။ တက္ကစီတွေလည်း ဆေးရုံဝင်းထဲရပ်နားခွင့် ပြုတော့မှာမဟုတ်တော့ပါဘူး''ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေး ရုံအုပ်ဒေါက်တာခင်သိင်္ဂီမြင့်က ပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏အရှေ့ဘက်ခြမ်း၊ရွှေတိဂုံဘုရား လမ်းပေါ်ရှိ ဝင်ထွက်ပေါက်ကို တစ်လမ်းမောင်းဝင်ပေါက်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ထွက်ပေါက်နှစ်ပေါက်ရှိမည်ဖြစ်ကြောင်း၊ ဆေးရုံ၏အနောက်ဘက်ခြမ်း၊ လမ်းမတော်လမ်းရှိ ဝင်ထွက်ပေါက်အား တစ်လမ်းမောင်းဝင်ပေါက်အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ဆေးရုံတောင်ဘက်ခြမ်းရှိ အနော်ရထာလမ်းပေါ် ၁၉ လမ်းအနီးတွင် ထွက်ပေါက်တစ်ခုကို ထပ်မံထားရှိပေးထားမည်ဖြစ်ကြောင်း သိရသည်။
''နံပါတ်(၁)အနေနဲ့ကျွန်မ တို့ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမွေအနှစ်အဆောက်အအုံရဲ့ အရှေ့ဘက် ဗိုလ်ချုပ်လမ်းဘက်မှာ ဝင်ပေါက်ထွက်ပေါက် တစ်ပေါက်စီရှိတယ်။ အဲဒါကတော့ရှင်းပါတယ်။ ဝင်ပေါက်ကဝင်မယ်။ ထွက်ပေါက် ကနေထွက်မယ်။ အဆင်ပြေ တယ်။ နံပါတ်(၂)ကတော့ အရမ်းယာဉ်ကြောကျပ်နေတဲ့နေရာကတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနဘေး(အနောက်ဘက်ရှိ လမ်းမတော်လမ်း) နှလုံးဆောင်တွေ၊ အထူးကုပြင်ပဆောင် ကိုသွားတဲ့ယာဉ်ထွက်ပေါက်ဖြစ်တယ်။ အစကတော့ အဲဒီအပေါက်မှာ အဝင်ရောအထွက်ရော သတ်မှတ်ပေးထားတယ်။ ဒါပေမဲ့ အခုကဘာဖြစ်လဲဆိုတော့ ယာဉ်ကြောကျပ်တဲ့အချိန်တွေ ကြာမြင့်နေတဲ့အတွက် ကားတွေကအထဲ မှာပိတ်မိနေတာတွေရှိတဲ့အတွက် ဆရာ၊ ဆရာမကားတွေ သူနာပြုယာဉ်တွေ အချို့အရေးကြီးတဲ့လူ နာတွေနဲ့အရမ်းကို နှောင့်နှေးကြန့်ကြာမှုတွေရှိနေတဲ့အတွက် အဲဒီအခါကျတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့နဲ့အစီအစဉ်ရေးဆွဲပြီးတော့ လမ်းမတော်လမ်းဘက်က ယာဉ်ဝင်ထွက်ပေါက်ကို ယာဉ်အဝင်ပဲ သတ်မှတ်လိုက်ပြီးတော့ ဘယ်ကနေပြန်ထွက်ရမလဲဆိုတော့ ၁၉ လမ်းဘက်(ဆေးရုံ၏တောင်ဘက် အခြမ်း)ဘက်ကနေပြန်ထွက်ရမှာ ဖြစ်ပါတယ်။
၁၉ လမ်းဘက်ခြမ်းက ဈေးဆိုင်တန်းလေးတွေရှေ့ကနေ မောင်းနှင်ပြီး ထွက်ရမှာဖြစ်ပါတယ်။ ၁၉ လမ်းပေါက်ကို လုံးဝအဝင်မပေးပါဘူး။ ဆေးရုံရဲ့လုံခြုံရေးအရရော စည်းကမ်းထိန်းသိမ်းရေးအရပါ နံနက် ၅ နာရီကနေ ည ၈ နာရီအထိပဲ ထွက်ခွင့်ရအောင် စီစဉ်ထားပါတယ်။ နံပါတ်(၃)အနေနဲ့ ရွှေတိဂုံဘုရားလမ်း Junction Center ရှေ့ မှာပေါ့။ အဲဒီကနေလည်း အဝင်ပဲခွင့်ပြုမှာဖြစ်ပါတယ်။ အစကအဝင်ရော အထွက်ရော ခွင့်ပြုတယ်။ ဒါပေမဲ့ သူနာပြုဆောင်အရှေ့ရှိတယ်။ ကင်ဆာလူနာဆောင် ရဲ့ပြင်ပလူနာဆောင် အရှေ့မှာ ဆိုရင် အဲဒီမှာ ကားတွေကအဝင်ရော အထွက်ရောအရမ်းကျပ်သွားပြီးတော့ တစ်ခါတစ်ခါကျရင် ရှင်းရခက်သွားတာတွေရှိတယ်''ဟု ၎င်းကဆက်လက်ပြောသည်။
ဆေးရုံဝင်းအတွင်း ယာဉ်ကြောကျပ်တည်းခြင်းကို ဖြေရှင်းနိုင်ရန်အတွက် တက္ကစီယာဉ်များကို ဆေးရုံဝင်းအတွင်းရပ်နားထား ခြင်းမျိုးမပြုတော့ဘဲ လူနာများကို သက်ဆိုင်ရာကုသရမည့် အဆောင်များကိုပို့ပြီးပြန်ထွက်ကာ အပြင်ရှိ တက္ကစီရပ်နား၍ရသည့် နေရာနှစ်နေရာတွင် ရပ်နားထားနိုင်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာနေဝင်းသိန်း၏ပြောပြချက်အရသိရသည်။ ယင်းစနစ်ကို ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ ဆေးရုံအထောက်အကူအဖွဲ့နှင့်လမ်းမတော်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
Source; democracytoday