ကီလိုမီတာပေါင်း ၄၀ ခန့်ရှည်လျားမည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော ရန်ကုန်မြို့ပတ် မိုးပျံအမြန်လမ်း


မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုးပျံလမ်းဖြစ်လာမည့် ကီလိုမီတာပေါင်း ၄၀ ခန့်ရှည်လျားမည့် ရန်ကုန်မိုးပျံလမ်း Yangon Elevated Expressway Project စီမံကိန်းကို Public-Private Partnership(PPP) အစီအစဉ်ဖြင့် ဖော်ဆောင်ရန် ပြည်တွင်းပြည်ပကုမ္မဏီများကို ယခုနှစ်အတွင်း တင်ဒါဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှသိရပါတယ်။

စီမံကိန်းရဲ့ ဆောက်လုပ်မှုကုန်ကျစရိတ်ဟာ တစ်ကီလိုမီတာလျှင် အမေရိကန်ဒေါ်လာ နှစ်သန်းခန့် ကုန်ကျနိုင်မည်ဟု အကြမ်းဖျင်းသတ်မှတ်ထားပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးလုပ်နိုင်သော ကုမ္ပဏီတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ကုမ္ပဏီများကို ရွေးချယ်သွားရန်အတွက် တင်ဒါသတ်မှတ်ချက်များကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန World Bank နှင့် International Finance Corporation (IFC) တို့ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရပါတယ်။

"တင်ဒါကိုလည်း ယခုနှစ်ထဲ ခေါ်သွားမယ်။ စီမံကိန်းရဲ့အခြေခံအဆင့် ဆောက်လုပ်ရေးပိုင်းကိုလည်း ယခုနှစ်ကတည်းက စတင်သွားနိုင်အောင် ရည်မှန်းထားတယ်။ တင်ဒါအတွက် စည်းမျဉ်းစည်းကမ်းတွေကို World Bank က သတ်မှတ်ထားတဲ့ Criteria တွေနဲ့အညီပဲခေါ်သွားမှာပါ။" လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ဆိုထားပါတယ်။

စီမံကိန်းလမ်းကြောင်းအနေနဲ့ ရန်ကုန် Inner Ring Road ၏ အရှေ့ဘက်ခြမ်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိအပိုင်းမှာ ၂၂ ဒသမ ၅ ကီလိုမီတာ ဖြစ်ပြီး၊ ထိုမှတစ်ဆင့် မင်္ဂလာဒုံစက်မှုဇုန်မှ အမှတ် ၃ လမ်းမကြီးမှတစ်ဆင့် လက်ရှိ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် သွားရောက်ဆက်သွယ်မည့်အပိုင်းရဲ့ အရှည်မှာ ၁၅ ကီလိုမီတာဟု သတ်မှတ်ထားပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှတစ်ဆင့် အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးနှင့် ဆက်သွယ်ရန် ရည်ရွယ်ထားရှိခြင်း ဖြစ်ပါတယ်။

စီမံကိန်းအတွက် အကြမ်းဖျဉ်း လျာထားချက်တွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းကနေ မင်္ဂလာဒုံစက်မှုဇုန်အထိ ဖောက်လုပ်မည့် စီမံကိန်း၏ ပထမအပိုင်းကို ဗိုလ်တထောင်ကမ်းနားလမ်းကနေ-ရာဇာဓိရာဇ်လမ်း- တာမွေမြို့နယ်ရှိ ကြက်ဘဲဈေးအနီးမှ သုဝဏ္ဏလမ်းဆုံ-သုဓမ္မာလမ်း- ပြည်ထောင်စုလမ်း-မြောက်ဥက္ကလာ ရေကူးအသံလွှင့်စက်ရုံ-မင်္ဂလာဒုံစက်မှုဇုန် အမှတ်သုံးလမ်းမထိပ်အထိ ဖောက်လုပ်သွားမယ်လို့ သိရပါတယ်။ ထို့နောက် စီမံကိန်း ဒုတိယအဆင့်အနေဖြင့် အမြန်လမ်းမထိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ထိ ဖော်ဆောင်မည့်စီမံကိန်းကို တဆင့်ချင်းအကြမ်းဖျင်း သတ်မှတ်ထားချက်ကိုလည်း ရှင်းပြထားပါတယ်။

"မိုးပျံလမ်းဖောက်လုပ်ဖို့ မြို့ထဲမှာ ယာဉ်ကြောတွေရှင်းလင်းပြီး အမြန်လမ်းဘက်မှာ ယာဉ်တွေ စုံပုံနေတာမျိုးကိုလည်း မဖြစ်စေချင်ဘူး။ ဒီအတွက်အမြန်လမ်းမှာ ယာဉ်ကြောပိတ်ဆို့တာမျိုးမဖြစ်အောင် စနစ်တကျစီမံသွားမှာပါ။" လို့ ၎င်းကရှင်းပြထားပါတယ်။

ရန်ကုန်မြို့ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်မည့် Yangon Elevated Expressway Project အတွက် ဘဏ္ဍာရေးအကြံပေးဝန်ဆောင်မှုများ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် {Financial Advisory Services Agreement (FASA)}၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့က နေပြည်တော်တွင် ဇန်နဝါရီလ ၁၀ ရက်က လက်မှတ်ရေးထိုးကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင် နှင့် IFC မှ Country Manager Mr. Vikram Kumar တို့က သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ယခုစီမံကိန်းတွင် ဟံသာဝတီလေဆိပ်အသစ်စီမံကိန်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းစီမံကိန်း၊ သီလဝါစက်မှုဇုန်တို့နှင့်ပါ ချိတ်ဆက်သွားမည်ဖြစ်ပြီး Project Management, Project Operation များကို နိုင်ငံ တကာအဆင့်အတန်းအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့ကြောင်းသိရပါတယ်။

စီမံကိန်း၏ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စီမံခန့်ခွဲမှု အစိတ်အပိုင်းတစ်ခုအနေဖြင့် IFC ကို Advisory Transaction ဆိုင်ရာများအတွက် ငှားရမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနဲ့ လမ်းဧရိယာနှင့် နယ်မြေဧရိယာ အချိုးဆန်းစစ်ချက်များအရ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့၏ လမ်းဧရိယာသည် မြို့ဧရိယာစုစုပေါင်း၏ ၇ ဒသမ ၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့သည် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး ရန်ကုန်မြို့သည် ၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိကြောင်း အစိုးရကသတင်းထုတ်ပြန်ထားချက်အရသိရပါတယ်။

 

Read 665 times