XPRES T EV အမှာစာ စီးရေ ၁၀,၀၀၀ အမှာစာ Tata Motors ထပ်မံရရှိ
အီးဗီစီးရေ တစ်သောင်းကို အမှာစာ လက်ခံရရှိခြင်းသည် အိန္ဒိယ အီးဗီကားဈေးကွက်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး စံချိန်သစ်အဖြစ် မှတ်တမ်းဝင်သည်။
အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Tata Motors က ကြေညာချက် ထုတ်ပြန်ခဲ့ရာမှာ BluSmart Electric Mobility က Tata Motors မှ ထုတ်လုပ်တဲ့ Xpres T EVs စီးရေ ၁၀,၀၀၀ ဝယ်ယူဖို့ Tata Motors နှင့် BluSmart Electric Mobility တို့ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ World Environment Day အထိမ်းအမှတ်ပွဲမှာ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်။
ယခင်တစ်ကြိမ်က Xpres T EV စီးရေ ၃,၅၀၀ ကို မှာကြားခဲ့ပြီး ယမန်နှစ် အောက်တိုဘာလက Tata Motors နှင့် BluSmart Electric Mobility တို့ အရောင်းအဝယ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ယခု စီးရေ တစ်သောင်းက ဒုတိယအသုတ် မှာကြားတာ ဖြစ်ပါတယ်။
Tata XPres T က Tata Tigor မော်ဒယ်ကို လုပ်ငန်းသုံးယာဉ်အဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Tata Motors က ကားအများအပြားဖြင့် လုပ်ကိုင်ရတဲ့ လုပ်ငန်းများအတွက် Xpres brand ကို သီးသန့် ထုတ်လုပ်တာ ဖြစ်ပါတယ်။ ယမန်နှစ် ဇူလိုင်လမှာ Xpres စတင်ထုတ်လုပ်ခဲ့ပြီး XPRES-T EV က အဦးဆုံးမော်ဒယ် ဖြစ်ပါတယ်။
XPRES-T က လျှပ်စစ်မော်တော်ယာဉ် ဖြစ်ပြီး ခရီးတာ ၂ မျိုးဖြင့် ထုတ်လုပ်ပါတယ်။ 213km နှင့် 165km တို့ ဖြစ်ပါတယ်။ 213km အတွက် 21.5 kWh ဘက်ထရီကို လည်းကောင်း၊ 165km အတွက် 16.5 kWh ဘက်ထရီကို လည်းကောင်း တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီအားသွင်းတာ 0% မှ 80% သို့ 21.5 kWh ဘက်ထရီကို မိနစ် ၉၀ ဖြင့်လည်းကောင်း၊ 16.5 kWh ဘက်ထရီကို ၁၁၀ မိနစ်ဖြင့်လည်း အားသွင်းပါတယ်။ မည်သည့် 15 A plug point နှင့်မဆို အားသွင်းနိုင်ပါတယ်။ အမြန်အားသွင်းစနစ် အသုံးပြုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။
ဂီယာတစ်ချက်၊ လေအိတ် ၂ လုံး၊ ABS with EBD တို့ မော်ဒယ်တိုင်းမှာ ပါဝင်ပါတယ်။ ကားအတွင်းပိုင်း Electric Blue ရောင်ဖြာလင်းနေပါတယ်။ ယာဉ်အတွင်း အပူချိန်ကို အလိုအလျောက် ညှိထိန်းပေးပါတယ်။
အိန္ဒိယ အီးဗီဈေးကွက် အပိုင်းအကန့်မှာ Tata Motors က ဈေးကွက်ဝေစု ၈၇% ရရှိထားပါတယ်။ ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ Tata EV ကို တစ်ဦးချင်း အဝယ်နှင့် အသုတ်လိုက် ကုမ္ပဏီအဝယ် နှစ်မျိုး စုစုပေါင်း စီးရေ ၂၅,၀၀၀ ရောင်းချဖို့ မျှော်မှန်းထားပါတယ်။