ကမ္ဘာ့ကားဈေးကွက်ထဲ တွင်ကျယ်နိုင်မည့် တရုတ် လျှပ်စစ်ကား Xpeng P7


 

လျှပ်စစ်ကားကဏ္ဍတွင် တရုတ်ပြည်သည် ကမ္ဘာပေါ်တွင် ဦးဆောင်နေရာမှာ ရောက်ရှိနေပြီး နောက်ဆုံးထုတ် တရုတ်လျှပ်စစ်ကား Xpeng P7 သည် ကမ္ဘာ့ဈေးကွက်ထဲ တွင်ကျယ်မည့် လျှပ်စစ်ကား ဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်က တရုတ်နိုင်ငံမှ လာသည့်ကားများသည် ကဲ့ရဲ့ရှုတ်ချစရာ ဖြစ်ခဲ့သည်။ သူတို့သည်ထင်ရှားသော အနောက်တိုင်းကားပုံစံများ၏ မိတ္တူများအဖြစ် ရှုမြင်ခံရသည်။ ရယ်စရာကောင်းသော အရည်အသွေးမျိုး ဖြစ်နေသည်။

 

Land Wind X7 သည် Range Rover Evoque ၏အပွားပုံရိပ်ဖြစ်သည်။ CH Auto Lithia Sports သည် Audi R8 နှင့် ဆင်ဆင်တူနေသည်။ ရှည်လျားသောအမည်ရှိ Dongfeng EQ2050 Brave Soldier သည် အမေရိကန်စစ်တပ်သုံး Humvee နှင့် သဏ္ဍာန်တူသည့်အတွက် အလွယ်တကူ အထင်အမြင်များ မှားယွင်းနိုင်သည်။

 

တစ်ချိန်တစ်ခါတုန်းက ဤအဖြစ်မျိုးကို ဂျပန်ကားထုတ်လုပ်ငန်းများ ဖြတ်သန်းခဲ့ကြရသည်။ ဂျပန်ကားများက ပျော့သည်။ ပျက်လွယ်သည်။ နာမည်ကောင်းမရ ဖြစ်ခဲ့ကြသည်။ နောက်တော့ ဂျပန်ကားများ၏ နည်းပညာရေချိန် မြင့်မားသွားပြီး ကမ္ဘာ့ထိပ်တန်းကားများ အဖြစ်သို့ ရောက်ကုန်သည်။

 

ယခုလည်း လျှပ်စစ်ကား (Electric Vehicle-EV) ခေတ်ထဲ စတင်ဝင်ရောက်ချိန် တရုတ်ကားထုတ်လုပ်ငန်းများတွင် အီးဗီကို ထုတ်လုပ်ရောင်းချကြရာ အရည်အသွေး စံမမီသည်များ ရှိနေခဲ့သည်။ ပြည်ပဈေးကွက် အသာထား ပြည်တွင်းဈေးကွက်မှာပင်လျှင် ကောင်းကောင်း မထိုးဖောက်နိုင်သည်များ ရှိနေခဲ့သည်။

 

သို့သော် အချိန်ကာလအရ ပြောင်းသွားသည်။ အခြားနည်းပညာနယ်ပယ် အများစုနည်းတူ တရုတ်သည်အနောက်တိုင်းမှ ကားများ၏ ဒီဇိုင်းစွမ်းရည်ကို ကျော်တက်သွားခဲ့သည်။ အထူးသဖြင့် လျှပ်စစ်ကားများသည် တရုတ်အစိုးရ၏ ဘဏ္ဍာရေး ကျောထောက်နောက်ခံကြောင့် အနောက်တိုင်းကို ကျော်တက်ကုန်သည်။

 

International Energy Agency မှ ထုတ်ပြန်သော စာရင်းအရ ၂၀၁၉ ခုနှစ်တွင် တရုတ်ပြည်မှာ ဘက်ထရီသုံး လျှပ်စစ်ကား (Battery Electric Vehicles -BEV) စီးရေ ၂ . ၅၈ သန်း ရှိနေပြီး နှိုင်းယှဉ်ပါက ဥရောပတွင် စီးရေ ၀ . ၉၇ သန်း နှင့် အမေရိကန်တွင် ၀ . ၈၈ သန်းမျှသာ ရှိသည်။ တရုတ်ပြည်တွင် အိမ်နှင့် အလုပ်တို့တွင် ကားဘက်ထရီအားသွင်းရန် စီစဉ်ထားခြင်းသည် အခြားကမ္ဘာ့နိုင်ငံများထက် ပိုများသည်။ တစ်ကမ္ဘာလုံးရှိ ကားအားသွင်းတိုင်များ၏ ၈၂%သည် တရုတ်ပြည်မှာ တည်ရှိပြီး နေ့စဉ်သုံးစွဲလျက် ရှိသည်။

 

Xpeng P7

နမူနာအဖြစ် Xpeng P7 ကို တင်ပြလိုသည်။ နာမည်ကြီး အမေရိကန်လျှပ်စစ်ကား Tesla ၏ Model 3 အစား ဝယ်စီးဖို့ အသင့်တော်ဆုံးလျှပ်စစ်ကား ဖြစ်သည်။ Xpeng P7 သည် သုညမှ တစ်နာရီ ၆၂ မိုင်သို့ ၄ .၃ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်သော ပါဝါကို ပိုင်ဆိုင်ထားသည်။

 

ဘက်ထရီကု အားအပြည့် တစ်ခါသွင်းထားပြီးလျှက် ခရီးမိုင်ပေါင်း ၄၄၀ အထိ မောင်းနှင်နိုင်သည်။ ရန်ကုန်-မန္တလေး ခရီးသည် မိုင် ၃၈၈ . ၇ မိုင် ရှိပေရာ ရန်ကုန်မှ စမောင်းပြီး မန္တလေး ရောက်သည့်တိုင် ဘက်ထရီ အားကျန်နေမည် ဖြစ်သည်။ Tesla ကဲ့သို့ပင် ကားက လူအစား မောင်းနှင်ထိန်းကျောင်းပေးသည့် autonomous driving ပါသည်။ ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၃၆,၀၀၀ ဖြစ်သည်။

 

ဆက်စပ် ဖတ်ရှုရန်  >> Tesla Model 3 ပုံတူ Xpeng ကို စတင်ဖြန့်ချိ  <<

 

ရှန်ဟိုင်းမှာ XPENG P7 1st Drive

XPENG ရဲ့ ဒုတိယမြောက် အီးဗီ ဖြစ်တဲ့ P7 ကို အရှေ့အာရှ ကားသတင်းထောက် Elliot Richards က တရုတ်ပြည် ရှန်ဟိုင်းမြို့မှာ ကားအစမ်းမောင်းကွင်းနှင့် မြို့လမ်းများပေါ် စမ်းသပ်မောင်းနှင်ခဲ့ပြီး ဗီဒီယို မှတ်တမ်းတင်ခဲ့ပါသည်။ ပါဝင်သည့် အခန်းများကို အချိန်အပိုင်းအရ ဖော်ပြအပ်ပါသည်။

 

0:00 Elliot Richards မိတ်ဆက် ၊ 1:10 XPENG P7 - အပြင်ပန်း မိတ်ဆက် ၊ 2:24 အရည်အေး ဘကိထရီအကြောင်း ၊ 2:38 အခြေခံ ဗာရှင်း ဈေးနှုန်း ၊ 3:00 စွမ်းရည်အကြောင်း ၊ 3:08 XPENG P7 - အတွင်းခန်း မိတ်ဆက် ၊ 3:52 အားသွင်းခြင်း ၊ 3:59 နောက်ထိုင်ခုံများ ၊ 4:42 ဝယ်ယူသူ ကားအမြည်း စမ်းသက်ခြင်း ၊ 5:06 ဘက်ထရီ အားသွင်းအမြန်နှုန်း၊ ခရီးတာ ၊ 5:52 ကားစမ်းကွင်း အချိုးအကွေ့ စမ်းမောင်းခြင်း ၊ 7:30 လမ်းပေါ် စမ်းမောင်းခြင်း၊ အရှိန်သတ်ဘုနေရာများ စမ်းမောင်းခြင်း ၊ 8:52 ကားရဲ့ ကိုယ်တိုင်မောင်း စွမ်းရှည် ၊ 9:07 စပီကာ၊ မီးအလင်းနှင့် ခရုစ်ကွန်ထရို ၊ 10:20 အရွယ်အစားနှင့် ပတ်ကင် ထိုးပေးခြင်း ၊ 10:46 အထင်အမြင် လေစားစရာ ဖြစ်မည့် P7 ၊ 12:48 တရုတ်ပြည်မှ ထပ်လာစရာများ ။

 

 

 

By Myanmar Automobile Guide

Ref: Fully Charged Show

Read 3090 times