Xpeng က လမ်းပေါ်မောင်းနှင်နိုင်သောကားပျံ ၂၀၂၄ တွင် ထုတ်လုပ်ရန်စီစဉ်


Xpeng Inc. ၏ တွဲဘက်လုပ်ငန်း HT Aero က လမ်းများပေါ်တွင်လည်း မောင်နှင်နိုင်သည့် ကားပျံအသစ်တစ်မျိုးကို လူသိရှင်ကြား ကြေညာသည်။
အဆိုပါကားပျံကို ၂၀၂၄ ခုနှစ်တွင် စတင်ထုတ်လုပ်ရန် စီစဉ်နေကြောင်း အောက်တိုဘာလ ၂၄ ရက်တွင် ကျင်းပသော  Xpeng Tech Day  အခမ်းအနားမှာ ပြောပြသည်။

HT Aero ၏ ယာဉ်ကို ပေါ့ပါးအောင် ဒီဇိုင်းထုတ်ထားသည်။ ဒလက်ကို ခေါက်သိမ်းပြီး လမ်းပေါ်တွင် မောင်းနှင်နိုင်သည်။  ဒလက် ပြန်ဆန့်ထုတ်ပြီး ပျံသန်းနိုင်သည်။
စီးပွားဖြစ် ထုတ်လုပ်ရောင်းချသည့်အဆင့်သို့ မရောက်ရှိသေးသဖြင့် အမြောက်အမြား ထုတ်လုပ်သည့်အခါ ဒီဇိုင်းအပြောင်းအလဲ ရှိနိုင်သည်ဟု အသိပေး ပြောကြားသည်။

ယာဉ်ပျံပေါ်ပါသူတို့ ဘေးကင်းရေးအတွက် လေထီးအပါအဝင် ဘေးကင်းရေးအင်္ဂါရပ်များ ထည့်ပေးထားသည်။

HT Aero ကို Xpeng က ကျောထောက်နောက်ခံပြုပေးထားသည်။ XPeng Motors ပူးတွဲ ထူထောင်သူ He Xiaopeng ကလည်း ပံ့ပိုးပေးသည်။ ပြင်ပရင်းနီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံထားကြသည်။

ကားပျံများသည် လေထဲ ပျံတက်သည့်အခါ ထောင်လိုက် မြင့်တက်သည်။ မြေပြင်သို့ ဆင်းသည့်အခါတွင်လည်း ထောင်လိုက်ဆင်းသည်။ သို့ဖြစ်ရာ ပြေးလမ်းရှည် မလိုအပ်ချေ။ လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်သည်။
စမ်းသပ်အဆင့်တွင်သာ ရှိနေပြီး အမြောက်အမြား ထုတ်လုပ်မည်ဆိုပါက ငါ့ကားငါပျံ ပုဂံရောက်ရောက် မဖြစ်ဖို့ သက်ဆိုင်ရာ အစိုးရ အာဏာပိုင်တို့က ဉပဒေများ၊ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပေးဖို့ လိုအပ်မည် ဖြစ်သည်။

 

 

Read 367 times