ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ အီးဗီထုတ်လုပ်မယ့် Xiaomi ကားထုတ်လုပ်ခွင့်မကျ
Xiaomi သည် ၎င်း၏လျှပ်စစ်ကားလုပ်ငန်းကို ၂၀၂၁ ခုနှစ် မတ်လတွင် စတင်မိတ်ဆက်ခဲ့ပြီး အဆိုပါပရောဂျက်တွင် ကနဦးအနေဖြင့် ကန်ဒေါ်လာ ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ၁၀ နှစ်တာကာလအတွင်း ကန်ဒေါ်လာ ၁၀ ဘီလီယံရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။
Xiaomi သည် အသစ်ဖွဲ့စည်းထားသောကုမ္ပဏီ Xiaomi Auto Co ဖြင့် လျှပ်စစ်ကားများ ထုတ်လုပ်မည် ဖြစ်သည်။
Xiaomi သည် ၎င်း၏ ပထမဆုံးသော လျှပ်စစ်ကား ရှေ့ပြေးပုံစံကို ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ထုတ်ဖော်ပြသရန် စီစဉ်ထားပြီးပြီ ဖြစ်သည်။
ယခုအခါ တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ၏လျှပ်စစ်ကားအိပ်မက်သည် ရှေ့သို့ ဆက်လက်မောင်းနှင်ခွင့် မရသော အတားအဆီးနှင့် ရင်ဆိုင်နေရသည်။
Xiaomi သည် ၎င်း၏ လျှပ်စစ်ကားပရောဂျက်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ထံမှ အတည်ပြု ခွင့်ပြုချက်ရရှိရန် အခက်အခဲများနှင့် ထိပ်တိုက်တိုးနေသည်။
တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် National Development and Reform Commission
သည် ကားထုတ်လုပ်ခွင့်အတွက် လိုအပ်သော လိုင်စင်ကို ပြီးခဲ့သည့် လများအတွင်း Xiaomi လျှောက်ထားခဲ့သည်ကို အတည်ပြု ခွင့်ပြုချက် ချမပေးခဲ့ကြောင်း Bloomberg သတင်းဌာန၏ သတင်းတွင် ဖော်ပြထားသည်။
Xiaomi ခဲလေသမျှ သဲရေကျကိန်း ဆိုက်နေသည်။
Xiaomi ပူးတွဲတည်ထောင်သူ ဘီလျံနာ Lei Jun က အတည်ပြုချက် ရယူရာတွင် ကြန့်ကြာနေမှုသည် ၎င်း၏ ပြိုင်ဘက်များကို လက်ဦးမှုများ ရယူနိုင်စေရန် အခွင့်သာနေစေသည်ဟု ပြောကြားသည်။
Google၊ Apple နှင့် Sony တို့ကဲ့သို့ နည်းပညာကုမ္ပဏီကြီးများသည် အလိုအလျောက် မောင်းနှင်နိုင်သော လျှပ်စစ်ကားများအတွက် ရည်မှန်းချက်များ ရှိေနကြသည်။
Baidu နှင့် Huawei ကဲ့သို့သော တရုတ်ကုမ္ပဏီကြီးများကလည်း အီးဗီခွင်ထဲသို့ ဝင်ရောက်ရန် ၎င်းတို့စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပြီး အီဗီနယ်ပယ်ထဲ ခြေချထားကြပြီ ဖြစ်သည်။
အကြီးမားဆုံးလျှပ်စစ်ကားစျေးကွက်ဖြစ်သည့် တရုတ်ပြည်တွင်းေဈးကွက်တွင် Nio၊ BYD နှင့် Tesla ကဲ့သို့သော အီးဗီ ထုတ်လုပ်သူများမှ လွှမ်းမိုးထားသည်။
ချိတ်ဆက်နည်းပညာများတွင် ကုမ္ပဏီ၏ ကျွမ်းကျင်မှုသည် တစ်မူထူးခြားသည့် လျှပ်စစ်ကားတစ်စီးကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေမည်ဟု Lei Jun မျှော်လင့်ထားသည်။
Xiaomi ၏လိုင်စင်ခွင့်ပြုချက်နှောင့်နှေးရခြင်း၏အကြောင်းရင်းမှာ ဒေဝါလီခံမှုများ ဖြစ်ပွားပြီးနောက် အီးဗီ ကဏ္ဍကို တင်းကျပ်စွာစိစစ်ခြင်းကြောင့် ဖြစ်သည်။ Xiaomi ၏ လာမည့် လျှပ်စစ်ကားကို ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ရန် စီစဉ်ထားသည်။ သို့သော် ထုတ်လုပ်ခွင့် လိုင်စင်ရရန် ကြန့်ကြာနေသဖြင့် နောက်ဆုံးသတ်မှတ်ရက်ကို ရွှေ့ဆိုင်းရတော့မည် ဖြစ်သည်။
တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်ထံမှ ကားထုတ်လုပ်ခွင့် လိုင်စင် မကျဘဲ ကြန့်ကြာနေရသည်မှာ တရုတ်နိုင်ငံတွင် လျှပ်စစ်မော်တော်ယာဉ်များ ထုတ်လုပ်ရန် လုပ်ငန်းများ ထူထောင်လုပ်ကိုင်ခဲ့ကြရာ၌ ကားတစ်စီး ဖြစ်မြောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ဒေဝါလီခံသွားရသည့် လုပ်ငန်းများ ရှိခဲ့သောကြောင့် ယခုအခါ လိုင်စင်ပေးဖို့ တင်းကျပ်ထားသည်။ လျှပ်စစ်ကားများ ထုတ်လုပ်ရန် အရင်းအနှီး ရှိရုံမျှဖြင့် မဖြစ်နိုင်ချေ။ ကုမ္ပဏီမှာ မော်တော်ယာဉ် ထုတ်လုပ်ေရး နားလည်တတ်ကျွမ်းသူများ ရှိနေဖို့လိုအပ်သည်။ ထို့အချက်ကို တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်က တင်းတင်းကျပ်ကျပ် စိစစ်နေသည်။
သို့ဖြစ်ရာ ကားထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားသော ကုမ္ပဏီသည် ၎င်း၏ ဘဏ္ဍာရေးစွမ်းဆောင်ရည်ကိုသာမက ၎င်း၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကိုလည်း သက်သေပြရန် အထောက်အထား စာရွက်စာတမ်းများ ပေးအပ် တင်ပြရန် အဆိုပါ ကော်မရှင်က တောင်းဆိုသည်။
Xiaomi က ကောင်မရှင် တောင်းခံသည့် စာရွက်စာတမ်းများကို တင်ပြမည်။ တင်ပြသည့် အထောက်အထား စာရွက်စာတမ်းများကို ကော်မရှင်က လေ့လာသုံးသပ်မည်။ ထိုအခါ မပြည့်စုံဟု ယူဆပါက ပြည့်စုံအောင် စာရွက်စာတမ်းများ တောင်းခံမည်။ ထပ်မံတင်ပြလာသည့် စာရွက်စာတမ်းများကို လေ့လာသုံးသပ်မည်။ အကယ်၍ ပယ်ချခံရပါက စလုံးရေစ အစမှ ပြန်လည်လျှောက်ထားဖို့ Xiaomi က စာရွက်စာတမ်းများ အချိန်ယူ ပြင်ဆင်ရမည်။ လိုင်စင် ဘယ်တော့ရမလဲ ဆိုသည်ကို အသာထား၊ လိုင်စင် ကျမကျကိုပင်လျှင် တပ်အပ်သေချာ မပြောနိုင်ချေ။
Xiaomi က လျှပ်စစ်ကားကို ၂၀၂၅ ခုနှစ်မှာ ထုတ်လုပ်ဖို့ အစီအစဉ် ရေးဆွဲထားသည်။
ခွင့်ပြုမိန့်ကျဖို့ ကြန့်ကြာနေသဖြင့် အချိန်ဇယားကို ပြန်လည်ရေးဆွဲရတော့မည်မှာ သေချာနေပြီ ဖြစ်သည်။
ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်ရှိသည့် Xiaomi ၏ အီးဗီတောင်ပံ Xiaomi Auto Co သည် ယခုအခါ မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရသည်။
လိုင်စင်မကျခြင်းသည် သုတေသနနှင့် ဖွံ့ဖြိုးရေး အတွက် အကုန်အကျခံထားသည်များ သဲထဲ ရေသွန် ဖြစ်သွားနိုင်သည်။ Xiaomi ၏လျှပ်စစ်ကားအိပ်မက် အဆုံးသတ်ခြင်းလည်း ဖြစ်သွားနိုင်သည်။
#MyanmarAutomobileGuide
Telegram Channel https://t.me/Guid4U
Source: Bloomberg, AutoHT, MAG