စမတ်ဖုန်းလုပ်ငန်း Xiaomi ရဲ့ လုပ်ငန်းသစ်တစ်ခု ဖြစ်တဲ့ Xiaomi Auto က တရုတ်နိုင်ငံ မြို့တော် ဘီဂျင်းမှာ စက်ရုံတစ်ရုံ၊ ဝူဟန်မြို့မှာ စက်ရုံတစ်ရုံ ထားရှိပြီး စက်ရုံနှစ်ရုံ အပြိုင်လုပ်ကိုင်ပြီး မော်တော်ယာဉ်တွေ ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။ ဘီဂျင်းမှာ တည်ရှိတဲ့ Borgwardရဲ့ တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံကို Xiaomi ဝယ်ယူလိမ့်မယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
Xiaomi Auto က လမ်းကြောင်းနှစ်ခုဖြင့် မောင်းနှင်မယ်လို့ သတင်းထွက်ပေါ်ပါတယ်။
လမ်းကြောင်းတစ်ခုက ကိုယ်ပိုင်စက်ရုံ ထူထောင်ပြီး လျှပ်စစ်ကား ထုတ်လုပ်ရေးကို လုပ်ကိုင်ဖို့ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ တည်ရှိပြီးသား မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒုတိယလမ်းကြောင်းအနေဖြင့် တည်ရှိပြီးသား မော်တော်ယာဉ် လုပ်ငန်းတစ်ခုမကကို ဝယ်ယူ၍ဖြစ်စေ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံတွေ ဝယ်ယူ၍ ဖြစ်စေ လုပ်ဆောင်ဖို့ အစီအစဉ် ရှိပါတယ်။
တရုတ်အစိုးရက တရုတ်မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခု ဖြစ်တဲ့ Borgward ကို ဝယ်ယူလုပ်ကိုင်ဖို့ Xiaomi ကို တိုက်တွန်းထားပါတယ်။
Borgward က မြန်မာပြည်မှာ လုပ်ငန်းခွဲကို Borgward Myanmar အမည်ဖြင့် လုပ်ကိုင်ပါတယ်။ Borgward အနေဖြင့် တစ်နှစ်လျှင် စီးရေ ၁၈၀,၀၀၀ စီး ထုတ်လုပ်နိုင်တဲ့ ခေတ်မီစက်ရုံ ဘီဂျင်းမြို့မှာ တည်ရှိပါတယ်။
Xiaomi က Borgward ကို ဝယ်တဲ့အပြင် ကိုယ်ပိုင်စက်ရုံတစ်ခုကိုလည်း ဝူဟန်မြို့ရှိ Economic and Technological Development Zone ထူထောင်ဖို့ အစီအစဉ် ရှိပါတယ်။ စက်ရုံတည်နေရာက လျှပ်စစ်ကားများသာ ထုတ်လုပ်လျက် ရှိပြီး တရုတ် Tesla လို့ ဆိုကြတဲ့ XPeng Motors စက်ရုံနဲ့ မလှမ်းမကမ်းမှာ ဖြစ်ပါတယ်၊ ဝူဟန်စက်ရုံ ဆောက်လုပ်ရေးကို များမကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။
Borgward ကို ၂၀၀၈ ခုနှစ်မှာ ဂျာမနီနိုင်ငံမှာ စတင်ထူထောင်ခဲ့ပါတယ်။ လက်ရှိမှာ ဒီဇိုင်းနဲ့ အင်ဂျင်နီယာ အဖွဲ့တို့ကို ဂျာမနီမှာ လုပ်ကိုင်ပြီး ကားထုတ်လုပ်မှုကို တရုတ်နိုင်ငံမှာ လုပ်ကိုင်လျက် ရှိတာမှာ တရုတ်ကားလုပ်ငန်း Foton Motor က လုပ်ကိုင်ပေးပါတယ်။
၂၀၁၄ ခုနှစ်မှာ Foton Motor က Borgward ကားအမှတ်တံဆိပ်ကို ဂျာမန်ကုမ္ပဏီ Borgward AG ထံမှ ယူရို ၅ သန်းဖြင့် ဝယ်ယူခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Ucar Inc. က Borgward ရှယ်ယာ ၆၇ ရာခိုင်နှုန်းကို ယွမ် ၄.၁ ဘီလျံဖြင့် ဝယ်ယူခဲ့ပါတယ်။ အရောင်းအဝယ်ဈေးတည့်ပြီး သဘောတူညီချက် ရရှိထားတာဖြစ်ပြီး နောက်ဆုံးအရစ်ကို ငွေမပေးချေရသေးပါဘူး။
Ucar Inc., ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Lu Zhengyao က Luckin Coffee ရဲ့ ဥက္ကဋ္ဌ ဖြစ်ခဲ့ဖူးပြီး Luckin Coffee က ငွေကြေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နေတဲ့အတွက် Lu Zhengyao ရဲ့ စီးပွားရေး အထိနာနေတယ်။ Borgward က Ucar Inc. လက်ထဲ ရောက်ရှိခဲ့ပြီး ဇွန်လမှာ ဒေဝါလီ ခံတယ်။
Borgward ရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံက ဘီဂျင်းမြို့တော် Miyun Park ထဲမှာ တည်ရှိပါတယ်။ Miyun Park ထဲမှာ
Foton Motor နဲ့ Wandu အပါအဝင် နာမည်ရ ကားလုပ်ငန်းတွေရဲ့ စက်ရုံတွေ လုပ်ကိုင်လျက် ရှိပါတယ်။ Borgward က ထုတ်လုပ်မှု ရပ်ဆိုင်းထားခဲ့ရတာ တစ်နှစ်ကျော်ပါပြီ။ စက်ရုံက ပထမအဆင့်မှာ တစ်နှစ်ကို စီးရေ ၁၈၀,၀၀ ထုတ်လုပ်နိုင်စွန်း ရှိပြီး ဒုတိယအဆင့်ကို တိုးချဲ့လုပ်ကိုင်မယ်ဆိုရင် တစ်နှစ်လျှင် စီးရေ ၃၆၀,၀၀ စီး ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်။ စက်ရုံကို သမားရိုးကျ လောင်စာဆီသုံး မော်တော်ယာဉ် ထုတ်လုပ်မှုနဲ့ လျှပ်စစ်ကား ထုတ်လုပ်မှု နှစ်မျိုးစလုံးအတွက် အရည်အချင်းပြည့်မီပါတယ်။