ဒေါ်လာ ၄,၅၀၀ ကားငယ် အထာကို တစ်စစီဖြုတ်ပြီး လေ့လာ


ဒေါ်လာ ၄,၅၀၀ ကားငယ် အထာကို တစ်စစီဖြုတ်ပြီး လေ့လာ

တရုတ်ပြည်ဖြင့် အိမ်စီးလျှပ်စစ်ကား Wuling Hongguang Mini EV ရောင်းဈေးသည် တစ်စီး ယွမ် ၂၈,၈၀၀ (အမေရိကန်ဒေါ်လာ ၄,၅၀၀) ဖြစ်ပြီး မြို့များ၊ ကျေးရွာများတွင် ရောင်းအား ကောင်းသည့် နာမည်ကျော်ကား ဖြစ်သည်။
Wuling Hongguang Mini EV ကို SAIC-GM-Wuling ဖက်စပ်လုပ်ငန်းက ယမန်နှစ်၂၀၂၀ ခုနှစ်တွင် စတင်ထုတ်လုပ်သည်။ ယခုနှစ် စက်တင်ဘာလအထိ စီးရေ ၄ သိန်းကျော် ရောင်းချခဲ့သည်။
SAIC-GM-Wuling သည် SAIC Motor (Shanghai Automotive Industry Corporation), General Motors နှင့်  Liuzhou Wuling Motors Co Ltd.တို့၏ ဖက်စပ်လုပ်ငန်း ဖြစ်သည်။

Japan Management Association က ‌ဒေါ်လာ ၆,၀၀၀ တန် တန်းအမြင့်ဆုံး Mini EV ကို တင်သွင်းပြီး ပြပွဲတစ်ခုတွင် ပြသသည်။ ထိုကားကို ပြပွဲပြီးသွားသောအခါ  Nagoya University မှ ပါမောက္ခ Masayoshi Yamamoto နှင့်အဖွဲ့က တစ်စစီ ဖြုတ်ကြပြီး အစိတ်အပိုင်း တစ်ခုချင်းကို ဆန်းစစ်ကြည့်သည်။ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ကြည့်ကြသည်။ 

ပါမောက္ခ Masayoshi Yamamoto တွေ့ရှိခဲ့သည့် အချက်မှာ ဈေးပေါသည့်ပစ္စည်းများကို သုံးထားသောကြောင့် ကားကို ဈေးပေါပေါဖြင့် ရောင်းချပေးသည်။

ဈေးပေါသည့်အလျောက် ကြာကြာသိပ်မခံသော အစိတ်အပိုင်းများ သုံးစွဲထားသဖြင့် ဖြုတ်လဲရသည့်အခါ ဖြုတ်ရန်နှင့် ပြန်တပ်ရန် လွယ်ကူအောင် ဒီဇိုင်း ထုတ်ပေးထားခြင်း ဖြစ်သည်။ ထို့ပြင် အစိတ်အပိုင်းများကို တရုတ်ပြည်တွင် အလွယ်တကူ မှာကြားရရှိနိုင်သည်။  အပိုပစ္စည်း မရှားချေ။ 

 

 

၂၀၂၀ ဇူလိုင်လတွင် SAIC-GM-Wuling က Hongguang Mini EV ကို စတင်ရောင်းချသည်။ ၄ ယောက်စီး၊ အလျား ၂.၉၂ မီတာ၊ အကျယ် ၂.၄၉၃ မီတာ အရွယ်အစား ဖြစ်ပြီး လစ်သီယမ် အိုင်ယွန်း ဘက်ထရီ သုံးစွဲထားသည်။
တရုတ်ပြည်တွင် အရောင်းရဆုံး အီးဗီများတွင် Mini EV ပါဝင်သည်။ အောက်တိုဘာလ တစ်လတည်းတွင် စီးရေ ၄၀,၀၀၀ နီးပါး ရောင်းရသည်။
အစိုးရက Tesla အပါအဝင် အီးဗီထုတ်လုပ်သူများကို အထောက်အပံ့ပေးသည်။ Mini EV သည် အထောက်အပံ့ မရယူလျှင်လည်း အမြတ်ရသည့် အခြေအနေကို ရရှိထားသည်ဟု ကုမ္ပဏီက ပြောကြားသည်။

Mini EV တွင် ဘရိတ်အုပ်သည့်အခါ စွမ်းအင်ရယူပြီး ဘက်ထရီ အားသွင်းသည့်စနစ် မပါသဖြင့် ထိုစနစ်အတွက် ကုန်ကျစရိတ် သက်သာသည်။ ထိုသို့ အားသွင်းစနစ် မပါသောကြောင့် ဘက်ထရီကို အားပြန်မဖြည့်ပေးသဖြင့် သွားနိုင်သည့် ခရီးတာ လျော့ကျသည်။ 
Mini EV တွင် 13.9 kWh ဘက်ထရီ သုံးထားပြီး ခရီးတာ ကီလိုမီတာ ၁၇၀ အထိသာ သွားနိုင်သည်။

လျှပ်စစ်ကားများသည် သက်တမ်း နှစ်ပေါင်း၂၀ သို့မဟုတ် ကီလိုမီတာ ၂၀၀,၀၀၀ အထိ တာရှည်ခံအောင် ဒီဇိုင်းထုတ်ထားကြသည်။ Mini EV သည် ထိုကာလရှည်အထိ တာရှည်ခံဖို့ ရည်ရွယ်ထားပုံ မရှိချေ။ အစိတ်အပိုင်းတစ်ခု ချို့ယွင်းပါက အသစ်လဲတပ်ဖို့ အလွယ်တကူ မှာယူနိုင်သည်။ ဈေးချိုသည်။ အဟောင်းကို ဖြုတ်ဖို့ လွယ်အောင် ဒီဇိုင်းထုတ်ထားသည်။ အသစ်ပြန်တပ်ဖို့လည်း လွယ်ကူသည်။ 
Hongguang Mini EV သည် ဈေးချိုသည်။ ပျက်လျှင် ပြင်ဖို့လွယ်သည်။ ပြင်ရသည့် စရိတ်စက သက်သာသည်။  အသစ်လဲဖို့ အပိုပစ္စည်း အလွယ်တကူ ရနိုင်သည်။ ကားမဝယ်နိုင်သဖြင့် လမ်းလျှောက်မည့်အစား ကားဖြင့် သွားလို့ ရအောင် လုပ်ပေးထားသည်။

Read 6409 times