အားမသွင်းရတဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ထရပ်ကား


အားမသွင်းရတဲ့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ထရပ်ကား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့အကြီးဆုံးလျှပ်စစ်ကားသည် ဘရိတ်စနစ်မှ ထုတ်ယူသည့် စွမ်းအင်ဖြင့် ဘက်ထရီအားသွင်းပေး‌နေသောကြောင့် ပြင်ပမှ ဓာတ်အားဖြင့် မဆိုစလောက်သာ အားသွင်းဖို့ လိုအပ်သည့် ဧရာမ dump truck ဖြစ်သည်။ ၎င်းလျှပ်စစ်ထရပ်ကားသည် Dumper အမျိုးအစား ထရပ်ကားဖြစ်ပြီး လျှပ်စစ်စွမ်းအင်ဖြင့် မောင်းနှင်သဖြင့် ‘eDumper’ ဟု အမည်ပေးထားသည်။ 
ဆွစ်ကုမ္ပဏီ E-Mining ၊  EMPA ၊ University of Bern နှင့် NTB Interstaatlicke Hochschule fur Technik Buchs တို့ ပူးပေါင်းလုပ်ကိုင်ခဲ့ကြသည်။
ဒီဇယ်အင်ဂျင် တပ်ထားသည့် Komatsu 605-7 HD dump truck ဖြစ်ပြီး အင်ဂျင်ကြီးကို ဖယ်ထုတ်ပြီး လျှပ်စစ်မော်တာနှင့် ဘက်ထရီထုပ် အကြီးစားတို့ ထည့်ပေးထားသည်။ eDumper တွင် ထည့်ပေးထားသော ဘက်ထရီထုပ်သည် အလေးချိန် ၄.၅ တန် ရှိသည်။ အိမ်စီးကား ၂ စီးစာ အလေးချိန်နှင့် ညီမျှသည်။ ကမ္ဘာ့အကြီးမားဆုံး အီးဗီဘက်ထရီဟု ဆိုနိုင်လောက်သည်။
လျှပ်စစ်ထရပ်ကားအဖြစ်သို့ ရောက်ရှိသွားအောင် ၁၈ လကြာ လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၈ တွင် စတင်သုံးစွဲခဲ့ကြသည်။


eDumper သည် ထရပ်ကားအကြီးစား ဖြစ်သည့်အားလျော်စွာ ယာဉ်အလေးချိန် ၆၅ တန် ရှိသည်။  ထိုသို့လေးလံသည်ကို အကြောင်းပြုပြီး ဓာတ်အား ထုတ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားသည်။

၎င်းeDumperကို သုံးစွဲသည့် လုပ်ငန်းခွင်တွင် တောင်ကုန်းထိပ်သို့ တက်ပြီး ကုန်တင်ရသည်။ ထို့နောက် ကုန်အပြည့်ဖြင့် တောင်ခြေသို့ ဆင်းရသည်။ တောင်ခြေရောက်သောအခါ စုပုံရန် သတ်မှတ်နေရာတွင် သယ်ယူလာသည့် ကုန်များကို သွန်ချရသည်။ ပြီးလျှင် ကုန်မပါဘဲ အလွတ်ဖြင့် တောင်ကုန်းထိပ်ကို ပြန်တက်ပြီး ကုန်တင်ရသည်။ ထိုအတိုင်း တက်ချီ ဆင်းချီ မောင်းနှင်ရသည်။
အဆင်းခရီးတွင် အရှိန်အလွန်အကျွံ မဖြစ်အောင် ဘရိတ်နင်းပေးရသည်။ ထိုသို့ ဘရိတ်နင်းတိုင်း စွမ်းအင်ကို ယူ၍ ကားပေါ်မှ ဂျင်နရေတာ လည်စေပြီး ဘက်ထရီကို အားသွင်းပေးသည်။

 ဘရိတ်နင်းသည့် ဖြစ်စဉ်တွင် ယာဉ်မှာ ရရှိထားသည် အရွေ့စွမ်းအင်ကို နုတ်ယူပြီး လျော့နည်းစေကာ ကားကို နှေးသွားအောင် ပြုပေးခြင်းဖြစ်သည်။ သာမန်ဘရိတ်တွင် အရွေ့စွမ်းအင်ကို နုတ်ယူပြီး အပူစွမ်းအင် အဖြစ်ပြောင်းလဲပေးပြီး ၎င်းအပူစွမ်းအင်ကို လေထုထဲ ဆုံးရှုံးသွားစေသည်။ 
 eDumper တွင် အရွေ့စွမ်းအင်ကို နုတ်ယူပြီး ဂျင်နရေတာ လည်ရန် သုံးစွဲပေးခြင်းဖြင့်  လျှပ်စစ်စွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။ ရလာသည့် လျှပ်စစ်စွမ်းအင်ကို ဘက်ထရီထုပ်သို့ ပေးပို့ပြီး သိမ်းဆည်းပေးသည်။ တစ်နည်းဆိုရသော် ဘက်ထရီကို အားသွင်းပေးရန် နုတ်ယူထားသော စွမ်းအင်ကို သုံးစွဲပေးသည်။
 အဆင်းခရီးတ‌လျှောက် eDumper ကို ဘက်ထရီအားသွင်းပေးသည်။ အတက်ခရီးတွင် ဘက်ထရီမှ စွမ်းအင်ကို ထုတ်သုံးပြီး တောင်ကုန်းထိပ်သို့ တက်သည်။
 အဆင်းခရီးတွင် ယာဉ်+ကုန် စုစုပေါင်းအလေးချိန် ၁၂၃ တန် ရှိသည်။ အတက်ခရီးတွင် ကုန်မပါဘဲ တက်သဖြင့် ယာဉ်အလေးချိန် ၆၅ တန် ရှိသည်။  တောင်ကုန်းထိပ်နှင့် တောင်ခြေ တက်ချီဆင်းချီ မောင်းနှင်ရာ၌ အဆင်းနှင့်အတက် အလေးချိန်ကွာခြားချက် များလေလေ ဘက်ထရီ အားပိုပြည့်လေ ဖြစ်သည်။

 


eDumper သည် တစ်နှစ်လျှင် ကုန်တန်ချိန် ၃၀၀,၀၀၀ ကျော် သယ်ယူပို့ဆောင်ပေးသည်။ ယခုလို ဒီဇယ်အင်ဂျင်အစား ဘက်ထရီကို သုံးသဖြင့် တစ်နှစ်လျှင် အနည်းဆုံးအနေဖြင့် ဒီဇယ်ဆီ ၅၀,၀၀၀ သက်သာသွားပါသည်။ ၎င်း ဒီဇယ်ကြောင့် ထွက်သည့် အခိုးအငွေ့ကြောင့် လေထုညစ်ညမ်းခြင်းလည်း ကင်းရှင်းသွားပါသည်။

eDumper သည် ၎င်းဘာသာ အားသွင်းပြီး သုံးစွဲရာ၌  များသောအားဖြင့် အားသွင်းပေးဖို့ မလိုအပ်ချေ။ ဆောင်းရာသီ အအေးလွန်ကဲနေချိန်တွင် ဘက်ထရီများ အပြည့်အဝ အလုပ်မလုပ်နိုင်ကြတော့ချေ။ ထိုအခါ သိုလှောင်နိုင်စွမ်း သိသိသာသာ ကျဆင်းပါသည်။ ထိုအခါမျိုး၌ ပြင်ပမှ ဓာတ်အားရယူပြီး အားသွင်းပေးဖို့ လိုအပ်ပါသည်။
eDumper အဖြစ်သို့ ပြောင်းလဲရသည့် စရိတ်ကြီးမားပါသည်။ ဘက်ထရီထုပ်အတွက် ကုန်ကျစရိတ် များပါသည်။ နှိုင်းယှဉ်ကြည့်လျှင် ဒီဇယ်အင်ဂျင်သုံး Komatsu 605-7 HD dump truck ဈေးနှုန်းထက် အကြမ်းအားဖြင့် ၂ ဆခွဲ ကုန်ကျပါသည်။
လုပ်ငန်းခွင်တွင် သုံးစွဲပုံအရ ဘရိတ်အနင်းများသည့် နေရာများ ပါဝင်နေမှ အားသွင်းပေးနိုင်မည်ဖြစ်ပြီး တွက်ခြေကိုက်မည် ဖြစ်ပါသည်။
 Source odditycentral


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

MAG


 


 

Read 4521 times