ရွှေပြည်သာမြို့နယ် စည်ပင်သာယာသန့်ရှင်းရေးဌာနသည် အမှိုက်သိမ်းခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စေရန်အတွက် မြောက်ပိုင်းခရိုင်သန့်ရှင်းရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ အမှိုက်သိမ်းယာဉ်များကို ယာဉ်မောင်းအမျိုးသမီးများခန့်အပ်ကာ ဒီဇင်ဘာလဆန်းမှစတင်၍ အမှိုက်သိမ်းဆည်းခြင်းများ ဆောင်ရွက် နေပြီဖြစ်ကြောင်း သန့်ရှင်းရေးတာဝန်ခံရုံးမှ သိရသည်။
"ဒီယာဉ်မောင်းအမျိုးသမီးတွေကို ဌာနကယာဉ်မောင်းနှင့် ယာဉ်ပိုင်းဆိုင်ရာပညာရပ်တွေကို သင်ကြားပို့ချခဲ့ ပေးပြီးမှ ယာဉ်မောင်းအမျိုးသမီးနှစ်ဦးကို လုပ်ငန်းပိုင်းဆိုင်ရာမှာ အကောင်အထည်ဖော်တာပါ။ လောလော ဆယ်တော့ အမှိုက်သိမ်းယာဉ်ငယ်နဲ့ ကြီးကြပ် တစ်ဦး အမှိုက်သိမ်းဝန်ထမ်းနဲ့ အမှတ်(၁)ရပ်ကွက်ကို အမှိုက် ထုပ်ကောက်စနစ်သိမ်းဆည်းနေပါတယ်။
နောက်ထပ်အမှတ်(၂၁၊ ၂၂၊ ၂၃)ရပ်ကွက်တွေကိုလည်း တိုးချဲ့သိမ်း ဆည်းဖို့စီစဉ်ထားတယ်။ အခုတော့ ယာဉ်ငယ်မောင်းပြီးနောက်ပိုင်းမှာ ယာဉ်မောင်းကျွမ်းကျင်လာရင် ယာဉ်ကြီး ကို တစ်ဆင့်တက်မောင်းနှင်ရမှာပါ၊ ယာဉ်မောင်းအမျိုးသား အကြောင်းတစ်စုံတစ်ရာကြောင့် ပျက်ကွက်ခဲ့ရင်လဲ လုပ်ငန်းမရပ်ဆိုင်းတော့ဘူးပေါ့။ ယာဉ်မောင်းတိုးလာတဲ့အတွက် အမှိုက်သိမ်းယာဉ်ကြီးတွေ မရောက်ပေါက်နိုင် တဲ့ နေရာတွေကိုလည်း ယာဉ်ငယ်လေးတွေနဲ့ အမှိုက်သိမ်းဆည်းနိုင်တဲ့ အခွင့်သာကြောင်း" သန့်ရှင်းရေးတာဝန်ခံ ဦးတေဇလင်းက ပြောသည်။
ရွှေပြည်သာမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၇ ရပ်ကွက်တွင် အမှိုက်ကန် ၅၂ ကန်၊ အမှိုက်ပုံး ၁၇၀ ပုံးတို့ရှိပြီး တစ်နေ့လျှင် စွန့်ပစ်အမှိုက်တန်ချိန် ၁၂၀ ခန့်ကို အမှိုက်သိမ်းယာဉ်ကြီး ၈ စီး၊ ယာဉ်ငယ် ၅ စီး တုတ်တုတ် ဆိုင်ကယ် ၉ စီးဖြင့် သန့်ရှင်းရေးတာဝန်ခံ ဦးတေဇလင်းနှင့် ဒုတိယတာဝန်ခံ ဦးဇင်ကိုမြင့်တို့ စီမံကြီးကြပ်ကာ သန့်ရှင်းရေးဝန်ထမ်းပေါင်း ၁၃၆ ဦးတို့သည် မြို့ပြပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက် သိမ်းဆည်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။