မြဝတီက Without Car ကားဈေးကွက်


မြဝတီဆိုတာနဲ့ မြန်မာနိုင်ငံအတွင်း တရားမဝင် without ကားတွေသွင်းတဲ့မြို့ without ကားတွေ ထည်လဲစီးတဲ့မြို့လို့ အသိများကြပါတယ်။ 

မြန်မာနိုင်ငံ တနံတလျားကို ဖြန့်ချီပေးနေတဲ့ without ကား ဝယ်ရောင်းသမားတွေသိကြတာက ဒီ without ကားတွေဟာ ဂျပန်နိုင်ငံမှ လေလံဆွဲပြီး မဲဆောက်သောင်ရင်းမြစ်ကမ်းပါးဂိတ်မှာ (များသောအားဖြင့် ပါကစ္စတန်ကုလားတွေ)ရောင်းချကြတယ်ပေါ့လေ။ အဲ့ဒါကို မြန်မာတွေက သွားဝယ်။ဂိတ်ကိုတာဝန်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကို ကမ်းကူးခ ဂိတ်ကြေးပေးပြီး ညနေပိုင်းမှာ ဝယ်ထားတဲ့ ကားတွေကိုလှေနဲ့တင် ဒီဘက်မြဝတီကမ်းဘက်ရောက်။

 

နောက် မြဝတီမြို့ကတဆင့် မြန်မာနိုင်ငံအတွင်းက ဝယ်မယ့်သူတွေရှိရာမြို့ကို အမျိုးမျိုးသောနည်းတွေနဲ့အရောက်ပို့တဲ့ without ကားလောကပါပဲ။( ဒီအကြောင်းသိချင်ရင် အသေးစိတ်ထပ်ရေးပြပါဦးမယ်)

 

ထိုင်းအာဏာပိုင်တွေဟာလည်း ဂျပန်ကျကားတွေကို ထိုင်းဆိပ်ကမ်းတွေကတဆင့် မဲဆောက်မြို့ကို ဖြတ်သန်းရောင်းချခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲ့ဒီကား ကွန်တိန်နာတွေကို မဲဆောက်မြို့တွင်းရှိ ဂျပန်ကားရောင်းတဲ့ ကားဝင်းထဲမှာမှ ဖောက်ခွင့်ပေးထားပါတယ်။ ကမ်းနားမှာ လမ်းမှာ လုံးဝဖောက်ခွင့်မရှိပါဘူး။ ရောင်းခွင့်မရှိပါဘူး။ အဲ့ဒီကားတွေကို မြန်မာနိုင်ငံသိ့ုသာရောင်းချစေပါတယ်။

 

ဒါပေမယ့် မြန်မာနိုင်ငံအတွင်းကိုရောက်ပြီး ကြိုက်တဲ့နံပါတ်တွေအလွယ်တကူ ကောက်တပ်ထားတဲ့ အဲ့ဒီ without ကားတွေကိုတော့ ကျန်ခဲ့တဲ့ နှစ်လလောက်ထိ ချစ်ကြည်ရေးတံတားပေါ်ကတဆင့် သူတို့နိုင်ငံအတွင်းကို နေ့ချင်းပြန်အလည်သွားလိုပါကလည်း ခွင့်ပြုပေးပါတယ်။ ခုတော့ လိုင်စင်ကားအစစ်အမှန်တွေနဲ့ ကလိုထူးဘော အဖွဲ့လက်မှတ်လုပ်ထားတဲ့ ကားတွေကိုသာ တံတားပေါ်ကဖြတ်သန်းပြီး မဲဆောက်မြို့တွင်း လည်ပတ်ခွင့်ပြုပါတော့တယ်။

 

ူကားဝယ်ရောင်းသမားအများစုနဲ့အတူ မြဝတီနယ်ခံအချို့ပါမသိသေးတဲ့ without ကားလောကတစ်ခုကလည်း မြဝတီမှာသီးခြားရှိနေပါသေးတယ်။ ဒီလမ်းကိုတော့ တချို့အရမ်းလည်တဲ့ ကားဝယ်ရောင်းတချို့နဲ့ မြဝတီနယ်ခံလူတချို့သာသိကြပါသေးတယ်။ အဲ့ဒီလောကကတော့ Vigo, Tiger စတဲ့ယိုးဒယားကားတွေကို မြန်မာနိုက်ငံအတွင်းသို့ တရားမဝင် မတရားသောနည်းလမ်းများဖြင့်ခိုး သွင်းနေတဲ့ ခိုးကူးကားလောကပါပဲ။

 

ထိုင်းနိုင်ငံအတွင်းမှာ အရစ်ကျစနစ်နဲ့ရောင်းချပေးတဲ့ Vigo, Tiger စတဲ့ ထိုင်းနိုင်ငံထုတ်ကားတွေကို ထိုင်းနိုင်ငံသားတွေက အရစ်ကျစနစ်နဲ့ဝယ်ယူခွင့်ရှိပါတယ်။ တချို့ထိုက်းနိုင်ငံသားတွေက အဲ့ဒီလို အရစ်ကျနဲ့ဝယ်ယူပြီး မြန်မာကားဝယ်ရောင်းသမားတွေကိုထက်ဝက်ဈေးနဲ့ လက်ငင်းပြန်ရောင်းချပြီးငွေကစားကြပါတယ်။

 

အဲ့ဒီလိုရောင်းချတဲ့ကားတွေကို မြန်မာနိုင်ငံသားတွေက ဝယ်ယူပြီး(ထိုင်းနိုင်ငံကတရားဝင်ဂိတ်တွေကတဆင့် ဂျပန်ကားတွေလို အန္တရာယ်ကင်းကင်းနဲ့ အလွယ်တကူ ဖြတ်ပြီးသယ်ယူလို့မရတဲ့အတွက်) ခိုးကူးဂိတ်လို့ခေါ်တဲ့ ဂိတ်မဟုတ်တဲ့ သောင်ရင်းမြစ်ကမ်းပါး ထိုင်းဘက်ကမ်းက လယ်မြေပိုင်ရှင်နဲ့ မြန်မာလက်ကမ်းက လယ်မြေပိုင်ရှင်ကို ဖြတ်သန်းခပေးပြီး ခိုးကူးကြပါတယ်။ မြန်မာဘက်ကမ်းက လက်နက်ကိုင်အဖွဲ့အစည်းများက တာဝန်ယူ အခွန်အခတောင်းယူပြီး သယ်ဆောင်ပေးကြပေမယ့် ထိုင်းဘက်ကမ်းက ရဲများကတော့ပူးပေါင်းခြင်းမရှိဘဲအမြဲလိုက်လံဖမ်းဆီးတတ်ကြပါတယ်။

 

ခိုးကူးနောက်တစ်မျိုးကတော့ အရစ်ကျဝယ်ယူထားတဲ့ကားများကို ပြန်လည်ဝယ်ယူခြင်းမဟုတ်ဘဲ မဲဆောက်မြို့မှာ ရပ်ထားတဲ့ကားများကို ကားခိုးအဖွဲ့က နေ့ခင်းကြောင်တောင်လိုက်လံခိုးယူခြင်းပါပဲ။ အဲ့ဒီလိုခိုးယူမယ့်အဖွဲ့ဟာ ကားကိုခိုးမယူခင် နှစ်ရက် သုံးရက်စောင့်ကြည့်ဆဲကာလမှာပဲ အဲ့ဒီကားကိုဓါတ်ပုံရိုက်ယူပြီး မြဝတီဘက်ခြမ်းက ဝယ်လက်နဲ့ချိတ်ပါတယ်။

 

ကားတန်ဖိုးကတော့ ပေါက်ဈေးရဲ့ထက်ဝက်ပါ။ ဝယ်လက်ရပြီဆိုတာနဲ့ ကားကို တာဝန်ယူ ခိုးကူးပေးမယ့် မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်အဖွဲ့နဲ့ထပ်ချိတ်ရပါတယ်။ ကူးခကတော့ ဂျပန်ကားကူးခရဲ့နှစ်ဆပါ။ အားလုံးပြီးရင်တော့ အဆင်ပြေတဲ့နေ့မှာပဲ ကားကိုခိုးယူပြီး မဲဆောက်ဘက်ကမ်းက အချိန်းအချက်လုပ်ထားတဲ့သောင်ရင်းမြစ်ကမ်းပါး လယ်တောထဲကို ကားမောင်းပြေးရပါတယ်။ တခါတလေ ထိုင်းရဲတွေ သတင်းရသွားတဲ့အခါ လိုက်လံဖမ်းဆီးတတ်တာမျိုးလည်းရှိတတ်ပါတယ်။

 

ကမ်းနားရောက်ရင်တော့ အသင့်စောင့်နေတဲ့ မြန်မာဘက်ကမ်းက ကားတက်နိုင်အောင် ပျဉ်နှစ်ချပ်ကန့်လန့်တင်ထားတဲ့လှေပေါ် ကားကိုမောင်းယူရပါတယ်။ လှေဟာ ရေလယ်ခေါင်ရောက်ပြီဆိုရင်တော့ ထိုင်းရဲတွေဘယ်လိုမှလုပ်လို့မရတော့ပါဘူး။ တခါတံသေနတ်နဲ့လှမ်းပစ်တာမျိုးရှိတတ်ပေမယ့် ဖမ်းလို့လည်းမရတော့ပါဘူး။ ဒါဟာ နှစ်နိုင်ငံကြားက အရမ်းကိုကြီးမားတဲ့ ဥပဒေအားနည်းချက်ပါ။

 

အဲ့လိုနဲ့ မြဝတီဘက်ခြမ်းရောက်ရင်တော့ ကိစ္စအားလုံးပြီးငြိမ်းသွားပါပြီ။ မြဝတီဘက်ရောက်တဲ့ကားကို ထိုင်းဘက်ခြမ်းက လာဖမ်းလို့ လာသိမ်းလို့လည်းမရတော့ပါဘူး။ ထိုင်းအာဏာပိုင်တွေဟာ ထိုင်းနိုင်ငံထုတ်ကားများဖြစ်တဲ့ Vigo, Tiger စတဲ့ကားများကိုတော့ ချစ်ကြည်ရေးတံတားပေါ်ကဖြတ်ပြီး သူတို့နိုင်ငံအတွင်းကို လာရောက်လည်ပတ်ခွင့်ကိုတော့လုံးဝပိတ်ပင်ထားပါတယ်။

 

မြဝတီမြို့မှာ without ကားပေါများတာ လူတိုင်းနီးပါးသိပြီးလောက်ဖြစ်ပါတယ်။ သင်ဟာ ဂျပန်နိုင်ငံထုတ် without ကားတစ်စီး ဝယ်စီးဖို့ဆန္ဒရှိရင်တော့မြဝတီမြို့ကို လာခဲ့ပါ။ သင့်ကို မြဝတီမြို့က နိုင်ငံတော်လစာစားနေတဲ့လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက တာဝန်ယူဖွင့်လှစ်ထားတဲ့ သောင်ရင်းမြစ်ကမ်းနားက ၁၃ ဂိတ်သစ်ကို ခေါ်ဆောင်သွားပေးပါ့မယ်။

 

သင်ဟာ ကားနဲ့သွားတဲ့သူဖြစ်ရင်တော့ ဂိတ်အဝင်အဝမှာ သင့်ကိုကဒ်ပြားလေးတစ်ခုပေးပါလိမ့်မယ်။ အဲ့ဒီကဒ်ပြားလေးကို သင်ဟာ သင့်ကားဒတ်ရ်ှဘုတ်ပေါ်တင်ထားရပါမယ်။ ပြန်ထွက်ရင်တော့ အဲ့ဒီကဒ်ပြားလေးပြန်အပ်ရပါတယ်။ အဲ့ဒီကဒ်ပြားမပါတဲ့ကားတွေကိုတော့ ခုမှကမ်းကူးလာတဲ့ကားလို့သတ်မှတ်ပြီး ဂိတ်ကြေးထပ်မံကောက်ယူမှာဖြစ်ပါတယ်။

 

ပြီးတာနဲ့ သင့်ကားကို ဂိတ်တလျှောက် သောင်ရင်းမြစ်ကမ်းပါးအထိမောင်းယူသွားရပါမယ်။ကမ်းနားရောက်ရင်တော့ ဂိတ်ထဲက ကျယ်ဝန်းလှတဲ့ ကားပါကင်မှာသင့်ကားကိုပါကင်ထိုးပြီးရင်တော့ သင်ဟာ မြဝတီဘက် သောင်ရင်းမြစ်ကမ်းပါးမှ မဲဆောက်ဘက် သောင်ရင်းမြစ်ကမ်းပါးကိုကူးဖြတ်ပို့ဆောင်ပေးနေတဲ့ လှေကြီးကိုစီးပြီးမဲဆောက်ဘက်ကမ်းကို ကူးရပါတော့မယ်။ လှေစီးခက တစ်ယောက်ကို ဘတ် ၂၀ ပါ။

 

ဒီလိုနဲ့ မဲဆောက်ဘက်ခြမ်းရောက်ပြီဆိုရင်တော့ သင်ဟာ ကျယ်ဝန်းလှတဲ့ ကားပင်လယ်ကြီးကို စမြင်ရပါပြီ။ လှေပေါ်ကဆင်းဆင်းခြင်းပဲ ကားပြပေးမယ့်ပွဲစားအသေးလေးတွေ သင့်ဘေးကိုရောက်လာပါလိမ့်မယ်။ ဘာကားလိုချင်သလဲ လိုက်ပြပေးမယ်လို့ပြောတာကို အားကိုးတကြီးနဲ့ လက်မခံလိုက်ပါနဲ့။ သူတို့သင့်ဘေးမှာပါသွားပြီဆိုတာနဲ့ သင်ဘယ်ကားကြည့်ကြည့် ကားပိုင်ရှင်တွေဟာ အဲ့ဒီပွဲစားတွေအတွက် အနည်းဆုံး ဘတ် ၁၅၀၀ သင့်ကားဖိုးကို တင်တော့မှာမို့ပါ။

 

ဒီလိုနဲ့ ဆက်လျှောက်သွားရင်တော့ ကားဝင်းအကြီးကြီးထဲမှာမှ ခြံမခတ်ဝင်းမခတ်ဘဲ ကားပိုင်ရှင်တွေရဲ့ သူ့အကွက်နဲ့သူချပြထားတဲ့ အမျိုးစုံ အရောင်စုံ မော်ဒယ်စုံကားများကိုစတင်မြင်ရပါမယ်။ တချို့ကားရှေ့ဘက်မှန်တွေမှာ ဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်တွေရေးပေးထားတာကြောင့် ကားဘေးနားမှာ ကားတံခါးဖွင့်ပြ စမ်းပြ ရှင်းပြ ပေးမယ့်သူအလွယ်တကူမတွေ့ရင်လည်း အဲ့ဒီဖုန်းနံပါတ်လေးကိုလှမ်းဆက်လိုက်ရုံပါပဲ။

 

အဲ့ဒီလိုဆက်လိုက်တာနဲ့တပြိုင်နက် သေ့ာပြင်ကုလားထက်များတဲ့ သော့တွဲကြီးကိုကိုင်ဆောင်ထားတဲ့ ကားပိုင်ရှင် သို့ ကားလွှဲအပ်ခြင်းခံထားရသူချက်ချင်းရောက်လာပြီး သင့်ကိုကားအကြောင်းရှင်းပြပါလိမ့်မယ်။ကားကို စမ်းပြပါလိမ့်မယ်။ သင်စိတ်ကြိုက်စမ်းသပ်လို့ကြိုက်ပြီဆိုရင်တော့ ဈေးဆစ်လို့ရပါတယ်။ ဈေးမတည့် ကားမကြိုက်ဘူးဆိုရင်တော့ သင်ဟာ နောက်ကားတစ်စီးကို စိတ်ကြိုက်မဖြစ်မချင်း ဆက်လက်ရှာဖွေနိုင်ပါတယ်။

 

များသောအားဖြင့် ကားရောင်းသူများဟာ ပါကစ္စတန်တွေဖြစ်နေတတ်ပါတယ်။ အကယ်၍ ကားစိတ်ကြိုက်မတွေ့ပါကလည်း ဂျပန်နိုင်ငံမှ စက္ကန့်နှင့်အမျှတင်နေသောကားများထဲမှ သင့်စိတ်ကြိုက်ကားကို ဝန်ဆောင်ခယူ၍ လေလံဆွဲပေးသော လေလံရုံးငယ်လေးထဲသို့ဝင်၍ သင်ကိုယ်တိုင်လေလံဆွဲယူနိုင်ပါသေးတယ်။ လေလံဆွဲပြီးချိန်မှ မဲဆောက်သို့ သင့်ကားရောက်ရှိဖို့ အချိန်ကတော့ ကြာမြင့်ချိန် ၂ ပါတ်ပါ။

 

ကားစိတ်ကြိုက်ရပြီ ဈေးတည့်ပြီဆိုရင်တော့ သင်ဟာ ကားတန်ဖိုးအပြင် ကားကိုကမ်းကူးခ ၄၇၀၀ ဘတ်အပိုထပ်ဆောင်းပေးဆောင်ရပါမယ်။ တကယ်လို့ သင်ဟာကားဝယ်ချိန်နောက်ကျပြီး သင့်ကားမြဝတီဘက်ခြမ်းကူးဖို့မမှီတော့ဘူး သင်ကလည်းမစောင့်နိုင်ဘဲ ဒီနေ့ပဲချက်ချင်းကူးချင်တယ်ဆိုရင်တော့ ဒဏ်ကြေးအဖြစ် ၅၀၀ ဘတ်ထပ်မံပေးဆောင်ရပါမယ်။

 

ကားထဲက စပါယ်ယာဘီး ဂျိုက် tv စတာတွေလည်းစစ်ယူဖို့မမေ့ပါနဲ့။ သေချာမစစ်တဲ့သူတွေဆို သူတို့က ဖြုတ်ယူထားတတ်လို့ပါ။ အဲ့ဒီကိစ္စတွေပြီးရင်တော့ သင်ဟာ လှေခ ဘတ် ၂၀ ပေးပြီးမြဝတီဘက်ခြမ်းမှာပြန်လာနားလို့ရပါပြီ။

ညနေ ၄ နာရီထိုးပြီးဆိုတာနဲ့ မြန်မာနိုင်ငံတနံတလျားက ကားလာဝယ်သူတွေ သင့်လိုပဲဝယ်ယူထားတဲ့ တမျှော်တခေါ်ရှည်လျားတဲ့ကားတွေကို လှေနဲ့စတင် သယ်ယူပေးပါပြီ။

 

မဲဆောက်ဘက်ကမ်းမှာ ရပ်ထားတဲ့သင်တို့ကားတွေကို ဂိတ်ထဲက ကားမောင်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေက သစ်သားတန်းတွေထိုးထားတဲ့လှေပေါ်ကို စနစ်တကျကွက်တိဖြစ်အောင် မောင်းတက်ကြမှာဖြစ်ပါတယ်။ နည်းနည်းမှ လွဲချော်လို့မရပါဘူး။ ။ နည်းနည်းကလေးလွဲလိုက်တာနဲ့ ကားဟာရေထဲကိုထိုးကျသွားမှာပါ။ဒါပေမယ့် အဲသည်လို တစ်ခုခုလွဲချော်မှုတွေကိုတော့ သင် လုံးဝ စိုးရိမ်ပူပန်နေစရာမလိုပါဘူး။

 

သူတို့ကားမောင်းဆင်းရင်းတိုက်မိတာပဲဖြစ်ဖြစ် ကားရေထဲကိုပြုတ်ကျသွားတာပဲဖြစ်ဖြစ် ဂိတ်က အစအဆုံး အားလုံးတာဝန်ယူလျော်ပေးပါတယ်။ လှေတစ်စီးကို ကား၃ စီးနှုန်းနဲ့ အခေါက်ခေါက်အခါခါသယ်ယူပေးပါတယ်။နေ့စဉ် တစ်ရက်ကို ပုံမှန်ကားကူးနှုန်းဟာ အစီးရေ ၂၀၀စီးမှ ၄၀၀ စီးထိ ပိတ်ရက်မရှိပုံမှန်ကူးနေပါတယ်။ သင့်ကား ဒီဘက်ကမ်းရောက်ပြီဆိုရင်တော့ သင်ဟာ သင့်နာမည်ပြောပြီးကားကိုအလွယ်တကူသွားယူမောင်းလာရုံပါပဲ။

 

သည်အဆင့်တွေအားလုံးကို သင်ဟာ တရားဝင်သကဲ့သို့ အဖမ်းအဆီးအတွက်ကြောက်ရွံ့မှုမရှိဘဲလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ သင့်ကိုမြဝတီက ဘယ်ရဲ ဘယ်ဌာနကမှ ဖမ်းဆီးခြင်းပြုမှာမဟုတ်ပါဘူး။  ဂိတ်ထဲမှတဆင့် သင်တည်းခိုရာမြဝတီမြို့ထဲကိုရောက်ဖို့ဆိုရင်တော့ သင်ဟာ လမ်းမှာဂိတ်ကြေး ၅၀၀၀ + ၅၀၀၀ + ၃၀၀၀ ထပ်မံပေးဆောင်ရပါမယ်။

 

မြဝတီမြို့ထဲရောက်ရင်တော့ ကားကိုသင့်စိတ်ကြိုက်နံပါတ်ပြားတပ်ခြင်း စတစ်ကာတပ်ခြင်းများပြုလုပ်ဖို့ ဆိုင်တွေကတော့အများကြီးပါ။ သင့်စိတ်ကြိုက်ရွေးချယ်အပ်နှံနိုင်ပါတယ်။ သင်ဝယ်ယူထားတဲ့ ကားတွေကိုသင်နေထိုင်ရာမြို့သို့ အခက်အခဲမရှိသယ်ယူဖို့ဆိုရင်တော့ လမ်းကြောင်းက ၂ ခုရှိပါတယ်။

 

တစ်ခုက ကညန မှထုတ်ပေးသော မီးထိုးခံသောကားဝှီးတက် အသားတံဆိပ်ပါသောကားနံပါတ်ပြား မူလီကအစ အစစ်နှင့်ခွဲမရအောင် ချွတ်စွတ်တူသောအတုများကို မြန်မာငွေကျပ် ၆ သိန်းမှ ၁၀ သိန်းအကြားပေးလုပ်ပြီး သင့်ကားကို လိုင်စင်ကားသကဲ့သို့ သင်ကိုယ်တိုင် ခပ်တည်တည်မောင်းယူသွားခြင်းဖြစ်ပါတယ်။ သင်စိတ်မရဲ၍ မောင်းမယူချင်ပါကလည်း ရန်ကုန်အထိမောင်းကြေး ၂ သိန်းမှ ၄ သိန်းထိဈေးအစားစားဖြင့် လိုက်ပို့ပေးသောမောင်းသမားများကို အလွယ်တကူခေါ်ယူ၍ ရပါသေးသည်။

 

တချို့ ကားကိုအလုံးလိုက်ချိန်းချင်သောလိုင်စင်ကားပိုင်ရှင်များဟာလည်း သူတို့ရဲ့ လိုင်စင်ကားအစစ်မှ ဝှီးတက် နံပါတ်ပြားစတာတွေကိုယူဆောင်လာပြီး မြဝတီမှကားဝယ်ကာ ပုံမှားရိုက်မောင်းယူသွားတာမျိုးလည်းရှိတတ်ပါသေးတယ်။ နောက်တစ်ခုက သင်ကိုယ်တိုင်လိုင်စင်တွေကို အတုမလုပ်ဘဲ ကားပို့စားသူများကို သင့်ကားအပ်လိုက်ခြင်းပါပဲ။

 

အဲ့ဒီလို ကားအပ်လိုက်တာနဲ့ သူတို့က သင့်ကိုကားတန်ဖိုးအလိုက် ငွေပေါင်ပြန်ပေးပါလိမ့်မယ်။ သင်က ပို့ရမယ့်လိပ်စာအတိအကျသာပေးလိုက်ရုံပါပဲ။ ကား သင့်အိမ်ရှေ့ရောက်မှ သူတို့ပေးထားသောငွေပေါင်နှင့် ကားပို့ခကိုရှင်းပေးရုံပါပဲ။ ကဲ....သည်လိုနဲ့ သင်ဟာ အဖမ်းအဆီးမရှိ သင့်အိမ်ရှေ့အရောက်ရောက်လာမယ့် without ကားတစ်စီးကို ပိုင်ဆိုင်နိုင်ပါပြီ။

 

ဤကဲ့သိုသောနည်းဖြင့် မြဝတီမြို့မှ တစ်ရက်အနည်းဆုံး အစီးရေ ၂၀၀  တစ်လ အစီးရေ ၆၀၀၀ သောကားများဟာ မြန်မာနိုင်ငံတနံတလျားမှာပြန့်ကျဲရောက်ရှိနေတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပါပြီ။ မည်သည့်အရပ်ကိုရောက်၍ မည်သို့သောနည်းဖြင့် မည်သူတွေစီးနေသည်ဆိုတာကတော့...

 

(ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေခြင်းသာ ဖြစ်သည်)

Credit: Original Uploader

Read 78456 times