ကားတွင် သွယ်တန်းထားသော ဝါယာကြိုးများကို မိမိဘာသာမိမိ မပြင်ခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။ ဖြူစ်လဲခြင်းလောက်သာ မိမိကိုယ်တိုင်ပြုလုပ်သင့်ပါသည်။ ဖြူစ်ကလည်း ပြတ်ခဲလှပါသည်။
ပြတ်ပြီဆိုလျှင် သူနှင့်ပတ်သတ်သော ဝါယာလိုင်းတွင် ပြဿနာရှိနေတက်ပါသည်။ ထိုအခါမျိုးတွင် နားလည်တက်ကျွမ်းသောသူများတွင် သွားရောက်ပြုပြင်သင့်ပါသည်။
ဖြူစ်များကို တစ်နေရာတည်းတွင် စုစည်းပေးထားပြီး ဖြူစ်ဘောက်စ်ဖြင့် ထားရှိပေးထားပါသည်။ ဖြူစ်ဘောက်စ် ထားပေးနေကျနေရာမှာ စက်နှိုးသော သော့ပေါက်နားက ဒတ်ရှ်ဘုတ်နေရာ၏ အောက်နားတွင် ဖြစ်ပါသည်။
ဖြူစ်ဘောက်စ် အဖုံးကို ဖွင့်ပြီး အကြည်သားဖြင့်လုပ်ထားသော ဖြူစ်ကို ပြတ်မပြတ်စစ်ဆေးကြည့်ရှုနိုင်ပါသည်။ ပြတ်သည်ဆိုလျှင်လည်း လဲရပါမည်။ လတ်တလောအခြေအနေမျိုးတွင် လဲစရာမရှိသေးပါက ဖြူစ်၏
သတ္တုတံနှစ်ခုကို ဆက်သွယ်ပေးပြီး ယာယီပြုပြင်မှု ပြုလုပ်ပေးနိုင်ပါသည်။ ယာယီဆိုသည်မှာ ခေတ္တခဏသာအတွက်သာဖြစ်ပြီး အမြန်ဆုံး ဖြူစ်အသစ်တစ်လုံး ဝယ်ပြီး လဲထည့်ရပါမည်။
ဖြူစ်၏ အိမ်က အရောင်များနှင့် လုပ်ထားပါသည်။ လဲလှယ်သည့်အခါ အရောင်တူရန်ထက် အမ်ပီယာခံနိုင်ရည်တန်ဖိုး တူရန်သာ အရေးကြီးပါသည်။ ဖြစ်နိုင်ပါက အရောင်တူ တန်ဖိုးတူသော ဖြူစ်အိမ်ကို လဲလှယ်ပေးရမည်ဖြစ်ပါသည်။
ယာဉ်သုံးဖြူစ်ကို ဘလိတ်ဖြူစ် blade fuse ဟု ခေါ်ပါသည်။ ပလပ်ထိုးသည့်အတိုင်း အလွယ်တကူ ဖြုတ်၍ တက်၍ ရသည့် ဒီဇိုင်းနှင့်ထုတ်လုပ်ထားသည်။ အသုံးများသည့် ဖြူစ် သုံးမျိုးရှိပါသည်။
အရွယ်အစားအရပြောမည်ဆိုလျှင် မက်စီဘလိတ်ဖြူစ် Maxi blade fuse က အကြီးဆုံးဖြစ်ပါသည်။ စံသတ်မှတ်ချက်အရ အကျယ် ၂၉.၂ မီလီမီတာ၊ အထူ ၈.၅ မီလီမီတာ၊ အလျား ၃၄.၃ မီလီမီတာ (အပေါက်ထဲထိုးမည့် သတ္တုသားအပါအဝင်) ရှိပါသည်။ အမေရိကန်တွင်ထုတ်လုပ်သော ကားမိုဒယ် ၉၀% ဝန်းကျင်မှာ မက်စီဘလိတ်ဖြူစ်ကို တပ်ဆင်ထားကြခြင်းဖြစ်ပါသည်။
နောက်ဖြူစ်တစ်မျိုးမှာ စတင်းဒတ် အေတီအို ဘလိတ်ဖြူစ် ဖြစ်ပါသည်။ အေတီအို ဆိုခြင်းက ယာဉ်နည်းပညာအဖွဲ့အစည်း (Automotive Technology Organization) ကို ဆိုလိုပါသည်။ အေတီအို သတ်မှတ်ချက်စံအရွယ်အစားအရ ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ အကျယ် ၁၉.၁ မီလီမီတာ၊ အထူ ၅.၂ မီလီမီတာ၊ အလျား ၁၉.၃ မီလီမီတာ (အပေါက်ထဲထိုးရမည့် သတ္တုသားအပါအဝင်) ရှိပါသည်။
ဖြတ်တောက်ပေးမည့် အမ်ပီယာသတ်မှတ်ချက်များအတွက် အရောင်သတ်မှတ်ချက်ကိုပါ ပြဌာန်းပေးထားပါသည်။ လိမ္မော်ရောင်က ၅ အမ်ပီယာ၊ အနီက ၁၀ အမ်ပီယာ၊ အပြာက ၁၅ အမ်ပီယာ၊ အဝါက ၂၀ အမ်ပီယာ၊ ပယင်းရောင် သို့မဟုတ် အကြည်သားရောင်က ၂၅ အမ်ပီယာနှင့် အစိမ်းတို့က ၃၀ အမ်ပီယာဖြစ်ပါသည်။
မီလီဘလိတ်ဖြူစ်က စတင်းဒတ် အေတီအိုဖြူစ်အတိုင်းသာ ဖြစ်ပါသည်။ အမ်ပီယာအရောင် သတ်မှတ်ချက်က အစ တူနေပါသည်။ ကားအင်ဂျင်ပိုင်းတွင် မက်စီဘလိတ်ဖြူစ်နှင့်အတူ တွဲသုံးပါသည်။