ဓာတ်ဆီအင်ဂျင်သုံး ကားတစ်စီးသည် ပုံမှန်ပြုပြင်ထိန်းသိမ်းပေးရန် လိုအပ်သည်။
သို့မှသာ အင်ဂျင်လည် ပတ်မှု အကောင်းဆုံးအခြေအနေတွင်ရှိမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှု မဆောင်ရွက်ဘဲ နေ့စဉ် ကားသုံးစွဲနေပါက အင်ဂျင်စွမ်းဆောင်မှုများ တဖြည်း ဖြည်း ကျဆင်းလာပြီး တစ်နေ့တစ်ချိန်တွင် ကားစက်နှိုးရ ခက်ခဲသော ပြဿနာ၊ အင်ဂျင်ဆွဲအား ရုန်းအား ကျဆင်းသော ပြဿနာ စသည့် ပြဿနာများ ကြုံတွေ့ရမည်။
ကားတစ်စီး၏ ဖွဲ့စည်းတည်ဆောက်ပုံအရ အလုပ်လုပ်ပုံသည် စနစ်တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။
စနစ်တစ်မျိုးချို့ယွင်းနေလျှင် အခြားစနစ်တစ်မျိုးကို သွားရောက်ထိခိုက်ပါသည်။
ကားတစ်စီးသည် စက်ယန္တရား စနစ်များ စုစည်းထားခြင်းသာဖြစ်၍ သက်ရှိများကဲ့သို့ ပြန်လည်အစားထိုး ပြုပြင်တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းမှုစနစ်များမပါရှိနိုင်ပါ။ အချိန်တန်လျှင် ပွန်းစားပျက်စီးပါသည်။
ပွန်းစားပျက်စီးမှုများ အနည်းဆုံး ဖြစ်စေရန်နှင့် ပုံမှန်အလုပ်လုပ်နိုင်ရန် ပုံမှန်ထိန်းသိမ်းပေးရသည်။
ဓာတ်ဆီကားများတွင် အင်ဂျင်စွမ်းဆောင်ရည် မြင့်တက်လာစေရန် အင်ဂျင်ကျူးနင်း ခေါ် Engine Tune Up ပြုလုပ်ပေးရသည်။
အင်ဂျင်ကျူးနင်း ပြုလုပ်ပေးခြင်းသည် ဓာတ်ဆီ အင်ဂျင် တစ်လုံး၏ သက်ဆိုင်ရာ စနစ်များကို အကောင်းဆုံး လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သလိုပြုပြင်ပေးလိုက်ခြင်းဖြစ်သည်။
ဓာတ်ဆီကားတစ်စီး၏ အခြေခံအလုပ်လုပ်ပုံကို သိရှိနားလည်ထားပါက အင်ဂျင်ကျူးနင်းပြုလုပ်ခြင်းသည် မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သော ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဖြစ်သည်။
ပြုပြင်ထိန်းသိမ်းရန်လိုအပ်ခြင်း အကြောင်းများ
ဓာတ်ဆီကား တစ်စီးတွင် လောင်စာဆီစနစ်၊ မီးပေးစနစ် (Ignition System)၊ စက်နှိုးစနစ်၊ ချောဆီပို့စနစ်များ ပုံမှန်အလုပ်လုပ် နေ သော်လည်း သုံးစွဲမှုကာလ ကြာရှည်လာ သည်နှင့်အမျှ ချို့ယွင်းချက်များဖြစ်ပေါ် လာသည်။
လောင်စာဆီစနစ် တွင် ဆီစစ်ဘူးပိတ်ခြင်း၊ ဆီထဲတွင် ရေများ ရောနှောပါလာခြင်း၊ ကာပရိုက်တာ ပိတ်ခြင်း၊ ကာပရိုက်တာ လုပ်ဆောင်ချက် မမှန်ခြင်း၊ Fuel Injection စနစ်တွင် Injector များ ချေးပိတ်ခြင်း၊ မီးပေးစနစ်တွင် Spark Plug များ မီးစား၍မကောင်း တော့ခြင်း၊ ဒစ်စတြီဗျူတာပွိုင့်နှင့် ကွန်ဒန်ဆာများ မကောင်းခြင်း၊ စက် နှိုးစနစ်တွင် မော်တာ အနှိုးထိုင်းခြင်း၊ ဘက်ထရီမကောင်းခြင်း၊ ဒိုင်နမိုချာဂျင်မဝင်ခြင်း၊ လေစစ်၊ ဆီစစ်ဘူးများ ပိတ်ခြင်းစသော ချို့ယွင်းအားနည်း ချက်များသည် လည်ပတ်သုံးစွဲနေသော ကားတိုင်းတွင် ဖြစ်တတ်သည်။
ချို့ယွင်း အားနည်းချက်များကို လျော့နည်း ပပျောက်သွားရန် အင်ဂျင် ကျူးနင်း ပြုလုပ်ပေးနိုင်လျှင် ပို၍ ကောင်းသည်။ အင်ဂျင်တစ်လုံးတွင် ရှိသော သက်ဆိုင်ရာ စနစ်များသည် ချို့ယွင်းမှုမရှိဘဲ ပုံမှန်အလုပ်လုပ်နေ လျှင် အင်ဂျင်၏စွမ်းဆောင်မှု အပြည့် အဝရရှိမည်။
အင်ဂျင် Tune Up ပြုလုပ်ခြင်း သည် အင်ဂျင် အစိတ်အပိုင်းများအား စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ စမ်း သပ်တိုင်းတာခြင်း၊ ပြန်လည်ချိန်ညှိ ခြင်း၊ မကောင်းသော အစိတ်အပိုင်းများကို အစားထိုး အသစ်လဲလှယ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းဖြစ်သည်။
ကားတင်သွင်းခွင့် မူဝါဒ ပြောင်းလဲခဲ့သော်လည်း ခေတ်ဟောင်း မှ ရှေးရိုးစံထား စနစ်သုံး ကားဟောင်း များစွာ ကျန်ရှိနေသေးသည်။ နည်း ပညာမြင့် ကားကောင်းများ ဝင်ရောက်လာသော်လည်း ရှေးရိုးစနစ်သုံး ကားဟောင်းများစွာကို သုံးစွဲနေကြပါသေးသည်။