ဘာကြောင့် အင်ဂျင်အအေးခံရည်လျော့နည်းသွားတာလဲ


အင်ဂျင်အအေးခံစနစ်သည် ကားအင်ဂျင်တစ်လုံး အကောင်းဆုံး စွမ်းဆောင် လည်ပတ်နိုင်ရန်အတွက် အဓိကကျသော စနစ်တစ်ခုဖြစ်သည်။ 

Water Cooling စနစ်တွင် Coolant ခေါ် အင်ဂျင်အအေးခံရည်သည် အင်ဂျင် ဘလောက်မှ အပူများကို ရေတိုင်ကီသို့ သယ်ဆောင်လာပြီး ပြင်ပလေဖြင့် အေးစေကာ အင်ဂျင်တစ်လုံး၏ အပူချိန်ကို ထိန်းသိမ်းပေးခြင်းဖြစ်သည်။ ထို့ကြောင့် အအေးခံစနစ်တွင် လည်ပတ်နေသော Coolant အအေးခံရည်သည် အဓိကကျသော တာဝန်ကို ထမ်းဆောင်နေသည်။

ကားအင်ဂျင်တစ်လုံး အပူလွန်ကဲခြင်း (Overheat)ဖြစ်စေသော အကြောင်းများစွာထဲတွင် Coolant အအေးခံရည် လျော့နည်း ပျောက်ဆုံးသွားခြင်းသည်လည်း အကြောင်းရင်းတစ်ခုဖြစ်သည်။ အအေးခံရည်သည် အအေးခံစနစ်အတွင်း ချွတ်ယွင်းမှု အပြစ်တစ်ခုခုကြောင့် ယိုစိမ့်ပြီး လျော့နည်းသွားနိုင်သည်။ 

ကားမောင်းနေစဉ် အတွင်း Coolant အရည် တဖြည်းဖြည်း လျော့လာနေသည်ကို ယာဉ်မောင်းသူ မသိလိုက်ပါက နောက်ဆုံးအပူချိန် မြင့်တက်လွန်းပြီး ရေတိုင်ကီ ရေဆူမည်။ အပူလွန်ကဲမှု ဖြစ်စဉ်သည် ကားအင်ဂျင်တစ်လုံးကို ကြီးမားစွာ ပျက်စီး ထိခိုက်စေနိုင်သည်။ ပတ်ဝန်းကျင် အပူချိန် မြင့်တက်လွန်းသော ယခုနှစ်ကဲ့သို့ နွေရာသီကာလမျိုးတွင် ကားအင်ဂျင် အပူလွန်ကဲမှု ဖြစ်ပေါ်ရန် အခြေအနေ များက တွန်းပို့နေသည်။

ခရီးဝေးကားမောင်းရန်ရှိလျှင် သင့်ကားအင်ဂျင် Overheat မဖြစ်စေရန် အထူးဂရုစိုက်သင့်သည်။ အပူလွန်ကဲမှုကြောင့် အင်ဂျင်ဂတ်စ်ကတ်ပြတ်ခြင်း၊ အင်ဂျင် Head ကွဲခြင်း၊ ကားမီးလောင်ခြင်း ဖြစ်နိုင်သည်ကို အထူးသတိပြုသင့်သည်။ 

Coolant အအေးခံရည် ယိုစိမ့်နေခြင်းကြောင့် အင်ဂျင် အအေးခံစနစ်တွင် လည်ပတ်နေသော Coolant အရည်ထုသည် ပမာဏ လျော့နည်းသွားပြီး အပူစွန့်ထုတ်ပေးနိုင်သော စွမ်းရည်ကျဆင်းလာမည်။ အင်ဂျင်မှ ထွက်သော အပူပမာဏကို အအေးခံစနစ်က နိုင်နိုင်နင်းနင်း စွန့်ထုတ်မပေးနိုင်သောအခါ အပူချိန်ဒီဂရီက တဖြည်းဖြည်းမြင့် တက်လာပြီး နောက်ဆုံး ရေတိုင်ကီ ရေဆူသည်အထိ ဖြစ်သွားမည်။

Coolant အအေးခံရည် လျော့နည်းယိုစိမ့်နိုင်သောအစိတ်အပိုင်းများနှင့် ချွတ်ယွင်းအားနည်းချက်များကို ရှာဖွေ စစ်ဆေးနိုင် မှသာ Coolant အအေးရည် ပျောက်ဆုံးမှုကို ကုစားနိုင်ပါမည်။ 

အအေးခံရည် ယို့စိမ့်သောနေရာများကို အလွယ်တကူ မြင်တွေ့နိုင်သကဲ့သို့ မမြင်တွေ့နိုင်သော ပြစ်ချက်နေရာများလည်း ရှိနိုင်သည်။ နံနက်ပိုင်းကားစက် မနှိုးမီ အင်ဂျင်ဝိုင်၊ ရေတိုင်ကီ၊ ဘရိတ်ဆီစစ်ဆေးစဉ်ကပင် ရေတိုင်ကီတွင် Coolant အရည်လျော့နည်းမှု ရှိ/မရှိသိနိုင်သည်။ အကယ်၍ လျော့နည်းနေလျှင် ယိုစိမ့်နေသောနေရာ နှင့် အကြောင်းအရင်းကိုရှာဖွေစစ်ဆေးရပါမည်။

Coolant အအေးခံရည် အစိမ်းအပြာအဝါ စသောအရောင်ရှိပြီး အနှံ့ရှိသော ဆေးရည်ဖြစ်၍ ယိုစိမ့်ဖြစ်ပေါ်က အလွယ်တကူ သိရှိနိုင်သည်။ အင်ဂျင်အအေးခံစနစ်အတွင်း လည်ပတ်နေသော Coolant အအေးခံရည်သည် အင်ဂျင်ပူလာသောအခါ ထုထည် ပွလာ၍ ဖိအားမြင့်တက်လာသည်။ ရေတိုင်ကီ (Radiator) ကပ်ဖုံး (Cap) ၏ ဖွဲ့စည်းတည်ဆောက်ထားသော ဒီဇိုင်းမှာလည်း ရေတိုင်ကီနှင့် အအေးခံပိုက်လိုင်းတစ်လျှောက်တွင် ဖိအားမြင့်နေစေရန် စီမံထားခြင်းဖြစ်သည်။ အအေးခံစနစ် အတွင်းရှိ အရည်ဖိအား မြင့်နေမှသာ ရေဆူအမှတ် (Boiling point) မြင့်မည်။

အအေးခံစနစ် အတွင်း Coolant အရည်ဖိအား မြင့်နေခြင်းကြောင့် သေးငယ်သော အပေါက်အကွဲကြောင်း ပြစ်ချက် တစ်ခုခုရှိပါက အရည်များ ယိုစိမ့်ထွက်နိုင်ပါသည်။ အအေးခံရည်ယိုစိမ့်ရာမှ လျော့နည်း ပျောက်ဆုံးမှု ပမာဏ များသွားပါက အအေးခံစနစ်ကိုထိခိုက်စေပြီး အပူချိန်မြင့်တက်ပါကအင်ဂျင် Overheat ဖြစ်သွားအထိ ပြဿနာ ကြီးထွားနိုင်ပါသည်။

အင်ဂျင်အအေးခံရည် (Coolant) များယိုစိမ့်မှု ဖြစ်တတ်သောနေရာများနှင့် ချွတ်ယွင်းအားနည်းချက်များကို ယာဉ်မောင်း သူများ သိရှိထားလျှင် မိမိကားအင်ဂျင် အပူလွန်ကဲမှုပြဿနာကို ဖြေရှင်းနိုင်ပါမည်။ အအေးခံရည် ယိုစိမ့်မှုဖြစ်တတ်သော နေရာများနှင့် ဖြစ်ပေါ်သောအကြောင်းရင်းများ-

(၁) ရေတိုင်ကီ (Radiator)

ရေတိုင်ကီကိုပါးလွှာသောကြေးနီ (သို့မဟုတ်) ဒန်၊ သတ္တု (သို့မဟုတ်) ခဲ နှင့် သတ္တုရောစပ် တည်ဆောက်ထား၍ ထိခိုက်မိပါက ပျက်စီးလွယ်ပါတယ်။ ကားလမ်းပေါ်မှ ကျောက်စရစ်ခဲများလွှင့်စဉ်ထိမှန်ပါကလည်းပေါက်ပြဲ ယိုစိမ့်နိုင်ပါသည်။ 

သတ္တုပွန်းစားခြင်းကြောင့်လည်း သုံးစွဲမှု သက်တမ်းကြာလာပါက အအေးခံရည်များ ယိုစမ့်နိုင်ပါသည်။ အင်ဂျင်တုန်ခါမှု၊ လမ်းကြမ်း အဆောင့်ဒဏ်များကြောင့်လည်း ရေတိုင်ကီ ထိခိုက်ပေါက်ပြဲလွယ်ပါသည်။

(၂) ရေတိုင်ကီ Cap ဖုံး

Cap ဖုံးမကောင်းပါက ရေတိုင်ကီထဲတွင် အအေးခံရည်များ အမြဲတမ်းပြည့်နေစေရန် ဆောင်ရွက်မပေးနိုင်ပါ။ Cap ဖုံးမလုံ၍ ရေတိုင်ကီ ရေဆူလွယ်ပြီး အအေးခံရည်များ အငွေ့ပျံခန်းခြောက်မည်။ ရေလျှံဘူးမှ အအေးခံရည်များ ပြန်လည် စီးဝင်နိုင် စွမ်းမရှိတော့၍ ရေတိုင်ကီထဲတွင် အအေးခံရည် အမြဲလျော့နည်းနေတတ်သည်။ Cap ဖုံးဝါရှာများ မလုံလောက်တော့ပါက ရေတိုင်ကီထဲတွင် ဖိအား Pressure ကို ထိန်းထားနိုင်စွမ်းမရှိပါ။

(၃) ဝါးတားပိုက် (Hoses)

ရေတိုင်ကီနှင့် အင်ဂျင်ဘလောက် ရေလိုင်းများကို ဝါးတားပိုက်နှင့် ဆက်သွယ်ထားပါသည်။ ရာဘာကွန်ပေါင်းသားနှင့် ပြုလုပ်ထားသော ဝါးတားပိုက်မှာ ရေတိုက်ကီအဝင်လိုင်းပိုက်နှင့် အထွက်လိုင်းပိုက် နှစ်လိုင်းရှိပါသည်။ ပိုက်စွပ်ပြီး ဆက်သောနေရာကို ပိုက်ကလစ် (Clamps) နှင့် ညှပ်ဖမ်းသည့်နေရာများမှ အအေးခံရည် ယိုစိမ့်ထွက်နိုင်သည်။ ပိုက်ကွဲ နိုင်သည်။

(၄) ဝါးတားပန့် (Water Pump) နှင့် ပန့်ဆီးလ် (Seal)

ဝါးတာပန့်တွင် လည်ပတ်သောအင်ပဲလာဝင်ရိုး နှင့် Seal ကြားမှ အအေးခံရည်များယိုစိမ့်ထွက်နိုင်ပါသည်။ ပန့်ဆီးလ် (Seal) မလုံဘဲရေယိုကျပါကဝါးတာပန့်တစ်ခုလုံးကိုလဲပေးခြင်းကပို၍ကောင်းပါသည်။

(၅) အပူချိန်တိုင်းဆင်ဆာ(Sensor)

အအေးခံစနစ်အတွင်းလည်ပတ်နေသော Coolant အအေးခံရည်၏ အပူချိန်ကိုတိုင်းတာရန် ဆင်ဆာ (Sensor) ယူနစ် တပ်ဆင်ထားရပါသည်။ ဆင်ဆာယူနစ်ကြားထဲမှ တစ်ခါတစ်ရံအအေးခံရည် ယိုစိမ့်ထွက်နိုင်သည်။

(၆) အင် Head နှင့် ဂတ်စ်ကတ်

အင်ဂျင်ဘလောက် ရေတိုင်ကီနှင့် Head ရေလိုင်းတို့ ကြားတွင် ဂတ်စ်ကတ် ရှိနေပါသည်။ အင်ဂျင်အပူလွန်ကဲမှုဖြစ်၍ ဂတ်စ်ကတ် ပြတ်သွားပါက အင်ဂျင်အတွင်းအအေးခံရည် ယိုစိမ့်မှု ဖြစ်တတ်ပါသည်။

(၇) Head Bolt တိုင်ချောင်ခြင်း

အင်ဂျင် Head ကိုတင်းကျပ်စွာဖမ်းတွယ် နေစေရန် Head Bolt တိုင်များတင်းအားအပြည့်ရှိသင့်သည်။ ချောင်နေပါက Head နှင့် ဘလောက်ကြားမှ အအေးခံရည်များစိမ့်ထွက်နိုင်သည်။

(၈) Heater Core

အေးခဲလွန်းသောဒေသများတွင် ကားအတွင်းပိုင်းကို အနွေးဓါတ်ပေးရန် Heater Core တပ်ဆင်တည် ဆောက်ထားသည်။ Heater Core ကို ကားရေတိုင်ကီကဲ့သို့ တည်ဆောက်ထားသဖြင့် အအေးခံရည်များ Heater Core မှ ယိုစိမ့်ထွက်နိုင်သည်။

(၉) သာမိုစတတ် Housing

အအေးခံစနစ်တွင် သာမိုစတတ် (Thermostat) တပ်ဆင် အသုံးပြုလေ့ရှိပြီးသာမိုစတတ် Housing တွင် တပ်ဆင် နေရာချထားသည်။ Housing အတိုင် ဂတ်စ်ကတ်ကြားမှ အအေးခံရည်များ ယိုကျနိုင်ပါသည်။

(၁ဝ) ATF Oil Cooler

အော်တိုဂီယာစနစ် သုံးသောကားများတွင် အော်တိုဂီယာစနစ်မှ ATF Oil (ခေါ်) ပါဝါဆီများကို Oil Cooler ဖြင့် အအေးခံ ပေးရပါသည်။ Oil Cooler နှင့် အင်ဂျင် အအေးခံစနစ် ရေလိုင်းများဆက်သွယ်ရာတွင်လည်း ယိုစိမ့်မှုဖြစ်နိုင်ပါသည်။

(၁၁) Freeze Plug

အင်ဂျင်ဘလောက်နှင့် အင်ဂျင် Head တွင် Freeze Plug အပိတ်ဝိုင်းများ ရှိသည်။ ထိုပလပ် (Plug) များ သံချေးတက်ပြီး အအေးခံရည်များ ယိုစိမ့်ထွက်တတ်သည်။ Plug အဟောင်းများ ချွတ်ယွင်းမှုရှိ၍ ယိုစိမ့်မှုရှိပါက plug အသစ်လဲပေးရန် လိုပါသည်။

(၁၂) Intake Manifold Gasket

အင်ဂျင်ဆလင်ဒါ Head တွင် Intake Manifold ကိုတပ်ဆင်ရာတွင် ဂတ်စ်ကတ် ကြားခံညှပ်ပေးရသည်။ ဂတ်စ်ကတ်ကြားမှ ဆလင်ဒါ Head ရေလိုင်းမှ အအေးခံရည်များယိုစိမ့်နိုင်သည်။

(၁၃) ရေလျှံဘူး (Coolant Reservoir)

ရေတိုင်ကီထဲတွင် အအေးခံရည်များအမြဲတမ်း ပြန်ပြည့်နေစေရန်နှင့် လျှံထွက်သော အအေးခံရည်များ ထိန်းသိမ်းထားရန်အ တွက် ရေလျှံဘူးကို အသုံးပြုရသည်။ ရေလျှံဘူးကို ပလပ်စတစ်ဖြင့် ပြုလုပ်ထားပြီး ရေတိုင်ကီနှင့် ဆက်သွယ်ရာတွင် ရာဘာ ပိုက်ပျော့ကို သုံးသည်။ ရေလျှံဘူးသည် ပလပ်စတစ်သားဖြစ်၍ ကွဲအက်လျှင် ရေယိုနိုင်ပါသည်။

အင်ဂျင်အအေးခံစနစ်တွင် Coolant အရည်များ ထူးထူးခြားခြား လျော့နည်း ပျောက်ဆုံးနေပါက ယိုစိမ့် ထွက်နိုင်ခြေရှိသော အထက်ဖော်ပြခဲ့သော အစိတ်အပိုင်း (Parts) များကို ဦးစွာရှာဖွေစစ်ဆေးပါ။ ပို၍ သေချာစေရန် ယိုစိမ့်နေခြင်းများကို စစ်ဆေးနိုင်ရန် Pressure Testing လုပ်ဖို့ လိုပါသည်။

အအေးခံရည်ယိုစိမ့်မှု ရှိနေခြင်းကို မပေါ့ဆပါနှင့်။ ရေဖြည့်ပြီးမောင်းနေရုံနှင့်မပြီးပါ။ ရေယိုစိမ့်မှုသည် နည်းရာမှ တဖြည်းဖြည်း များလာတတ်ပါသည်။ 

ချွတ်ယွင်းမှုအားနည်းချက်များကို အစားထိုး လဲလှယ်ပြုပြင်ပါ။ အအေးခံရည် ယိုစိမ့်နေခြင်းသည် အင်ဂျင် အအေးခံစနစ်ကို အားနည်းစေပြီး အပူလွန်ကဲရာမှု ပြဿနာအထိ ကြီးမားသွားစေနိုင်ပါသည်ကို သတိထားပါ။ အအေးခံရည် ယိုစိမ့်မှုဖြစ်ခြင်းကို ခိုင်းနှိုင်းပြီး ညွန်းဆိုရလျှင် သင့်ခန္ဓ္ဓာကိုယ်၌ သွေးယိုစိမ့်မှု မရပ်တမ်းမနားတမ်း ဖြစ်ပေါ်နေပါက အရေးကြီးသော အခြေအနေတစ်ရပ်ဖြစ်သကဲ့သို့ သဘောထားသင့်ပါသည်။

ဆရာမာစတာ(စက်မှု)

Read 2628 times