ကျောင်းသား၊ကျောင်းသူတို့ နေ့စဉ် ကျောင်းသို့ သွားလာရာတွင် မရှိမဖြစ်လိုအပ်သောအရာသည် ကျောင်းကားများ ဖြစ်သည်။ ကျောင်းကားသည် ကျောင်းသားများကို ပညာရေးဆိုင်ရာ ကျောင်းများသို့ ပို့ဆောင်ပေးသော မော်တော်ယာဉ်ဖြစ်သည်။ ကျောင်းကားများသည် ကျောင်းသား၊ကျောင်းသူတို့ အတွက် အင်မတန်အရေးပါလှပါသည်။
ကျောင်းကားသည် ယနေ့ခေတ် လမ်းများပေါ်တွင် အလုံခြုံဆုံး သယ်ယူပို့ဆောင်ရေး ယာဉ်ဖြစ်သည်။ ကျောင်းကားဖြင့် သွားခြင်းသည် အိမ်မှ ကားမှကားဖြင့်သွားခြင်းထက် ၁၃ ဆပိုလုံခြုံသည်။
ကျောင်းဘတ်စ်ကား အများစု၏ အရောင်ကို လူအများက အ၀ါရောင်ဟု ထင်မှတ်ကြသည်။ ကျောင်းဘတ်စ်ကားများ၏ အရောင်သည် အဝါရောင် ချည်းပဲ မဟုတ်ပါ၊ လီမွန်အရောင်ကဲ့သို့ လိမ္မော်ရောင် ကဲ့သို့ ခပ်ဆင်ဆင် ဖြစ်သည်။ ကျောင်းကားတစ်စီး၏ အရောင်သည် အဝါရောင်-လိမ္မော်ရောင် ဖြစ်သည်။ ဤကဲ့သို့ အရောင်သုံးထားခြင်းဖြင့် မနက်ခင်းမြူခိုးမြူငွေ့များ ထဲတွင် ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။
၁၉၃၀ ပြည့်လွန် နှစ်များက အမေရိကန်ပြည်ထောင်စုရှိ ကျောင်းဘတ်စ်ကားများသည် အဝါရောင်ဖျော့ဖျော့ ဖြစ်သည်။ ထို့ကြောင့် အဝါရောင် ကျောင်းဘတ်စ်ကားများ "school bus yellow" ဟူသောဝေါဟာရသည် အင်္ဂလိပ်ဘာသာ စကားတွင် ပေါ်ပေါက် လာခြင်း ဖြစ်သည်။အဝါရောင်သည် အခြားမည်သည့် အရောင်ထက်မဆို သင်၏ အာရုံကို ပိုမိုမြန်ဆန်စွာ မြင်တွေ့နိုင်သည်။ လူအများစုသည် အဝါရောင် အရာဝတ္ထုများကို ဦးစွာသတိပြုမိကြသည်။
လူတစ်ယောက်သည် ရှေ့ကိုကြည့်နေသည့်အချိန်၌ပင်၊ သူ၏ မျက်လုံးထောင့်နေရာတွင် အရောင်များထက် ပို၍ စောလျင်စွာတွေ့နိုင်သော အရောင်သည် အဝါရောင်ဖြစ်သည်။ သိပ္ပံပညာရှင်များက အမြင်အာရုံသည် အဝါရောင်ကို ရှာဖွေတွေ့ရှိနိုင်သည်မှာ အနီရောင်ထက် ၁.၂၄ ဆပိုများကြောင်း ဖော်ပြသည်။
ကျောင်းဘတ်စ်ကားများ ထုတ်လုပ်ရာတွင် အသုံးပြုသော အရေးအကြီးဆုံး ကုန်ကြမ်းမှာ သံနှင့်ရောစပ်ပြီး ကာဗွန်အနည်းငယ်ပါသော သံမဏိဖြစ်သည်။ သံမဏိကို ကိုယ်ထည် နှင့် အခြားအစိတ်အပိုင်းများအတွက် အသုံးပြုသည်။ ထို သံမဏိကိုသံသတ္တုရိုင်းများ၊ coke (လေမရှိသော ကျောက်မီးသွေး လောင်ကျွမ်းခြင်းမှ ထုတ်လုပ်သော ကာဗွန်ကြွယ်ဝသော ပစ္စည်းများ) နှင့်ထုံးကျောက်များမှပြုလုပ်သည်။
အဆိုပါ coke သည် သံကို သံမဏိအဖြစ်သို့ ပြောင်းလဲစေပြီး ထုံးကျောက်သည် သတ္တုရိုင်းတွင်းရှိ အညစ်အကြေးများနှင့် ဓာတ်ပြုပြီး ၎င်းတို့ကို ကျောက်ဆောင်ပုံစံဖြင့်ဖယ်ရှားသည်။ ထို့နောက် ကာဗွန်နှင့် အခြားအညစ်အကြေးများကို အောက်စီဂျင်ဖြင့် သံရည်ပူအရောအနှောထဲတွင်ဖယ်ရှားသည်။
ကျောင်းကားတစ်စီး၏ ပြတင်းပေါက်များသည် Laminated ဖန်သားနှင့်ပြုလုပ်ထားသည်။ Laminated ဖန်သည် ပလတ်စတစ်အလွှာဖြင့် ဖုံးအုပ်ထားသော ဖန်သားအလွှာနှစ်လွှာပါဝင်သည်။ ကျောင်းကား၏ တာယာများကို သဘာဝ ရော်ဘာ သို့မဟုတ် ဒြပ်နှော ရော်ဘာ၊ ကာဗွန်အနက်ရောင်၊ ဆာလဖာနှင့် အခြားဓာတုပစ္စည်းများဖြင့် ရောနှော၍ ပြုလုပ်ထားသည်။
ကျောင်းဘတ်စ်ကားများ ဘေးကင်းလုံခြုံကြောင်း အဓိကအချက်များထဲမှ တစ်ခုမှာ ၄င်းတို့သည် ဖက်ဒရယ် မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းရေး စံသတ်မှတ်ချက် (FMVSS) ၄၂ ချက်နှင့် ကိုက်ညီသောကြောင့် ဖြစ်သည်။ လုံခြုံစိတ်ချရသော စံနှုန်းများ အနက်တစ်ခုမှာ ကလေးငယ်များအား ကာကွယ်ရန် အထူးဒီဇိုင်းဆွဲထားသည့် မြင့်မားသောကျောမှီ၊ နီးကပ်စွာအကွာအဝေးရှိပြီး၊ အရှိန်အဟုန်မြင့်သော စွမ်းအင် စုပ်ယူနိုင်သည့် ထိုင်ခုံများပါ၀င်သော အလိုအလျောက် ခရီးသည်ကာကွယ်ရေးပုံစံ ဖြစ်သည်။ အဆိုပါ အင်ဂျင်နီယာ အယူအဆသည် ထိုင်ခုံခါးပတ်မပါဘဲ ကျောင်းဘတ်စ်ကားများကို လုံခြုံစိတ်ချနိုင်သော အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါသည်။
ကျောင်းကားများကို အသုံးပြုခြင်းဖြင့် -
လမ်းပေါ်တွင် ကားအသွားအလာများ လျော့ချနိုင်ခြင်း၊ ညစ်ညမ်းမှုများ လျော့ချနိုင်ခြင်း၊ ကျောင်းသားများကို အချိန်တိကျစေခြင်း၊ တက်ကြွစွာ စီးနင်းနိုင်ခြင်း၊ လုံခြုံရေး features များ တပ်ဆင်ထားခြင်း၊ ကျောင်းကားများသည် အလွယ်တကူ မှတ်မိနိုင်ခြင်း၊ အချိန်မှီ အတန်းများကို တက်ရောက်နိုင်ခြင်း၊ မိဘများသည် ကလေးများကို ခြေရာခံနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။
ကျောင်းဘတ်စ်ကားများသည် ကျောင်းသား ကျောင်းသူတို့ အတွက် လုံခြုံမှု အပြည့်အ၀ ပေးစွမ်းနိုင်သော ယာဉ်အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ကျောင်းနေရွယ် ကလေးတို့အတွက် ကျောင်းဘတ်စ် ကားများ၏ အရေးပါမှုသည် ကြီးမားလှပါသည်။ မိဘများသည်လည်း မိမိတို့သားသမီးများကို ပညာသင်ကြားရာတွင် လုံခြုံသည့် သယ်ယူပို့ဆောင်ရေးဖြစ်သော ကျောင်းဘတ်စ်ကားများကိုသာ ရွေးချယ်သင့်ပေသည်။