အဖြူရောင်မျဉ်းနဲ့ ရေးဆွဲထားတဲ့ ကမ္ဘာ့ပထမဦးဆုံး လမ်းအမှတ်အသား ( Road Marking ) တွေကို ၁၉၁၈ ခုနှစ်က UK မှာ စတင်ခဲ့ပါတယ်။
၁၉၂၀ ပြည့်လွန်နှစ်တွေမှာတော့ ယူကေရဲ့လမ်းမတွေမှာ ဆေးရောင်အသုံးပြုပြီး လမ်းအမှတ်အသားတွေရေးဆွဲမှုဟာ အရှိန်အဟုန်နဲ့ တိုးတက်ကျယ်ပြန့်လာပါတယ်။
ဒါပေမဲ့ ၁၉၂၆ ခုနှစ် မတိုင်ခင်အချိန်အထိ တော့ အဲဒီအဖြူရောင်မျဉ်းတွေကို ဘယ်လိုနေရာမှာ ဘယ်လိုပုံစံ အသုံးပြုပြီး ရေးဆွဲမလဲဆိုတာကို တရားဝင်လမ်းညွှန်ချက် ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
၁၉၂၆ ခုနှစ်ရောက်တဲ့အခါကျမှ UK ရဲ့ပထမဦးဆုံး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဘယ်လိုအဖြူရောင်မျဉ်းတွေကို အသုံးပြုသင့်တယ်ဆိုတာမျိုး လမ်းညွှန်လာခဲ့ပါတယ်။
၁၉၃၀ ပြည့်လွန်နှစ် ကာလတွေမှာတော့ အဖြူရောင်မျဉ်းတွေကို လမ်းဆုံနေရာတွေမှာ ယာဉ် ရပ်တန့်ဖို့အတွက် သတိပေးမှုတစ်ခုအဖြစ် ရေးဆွဲအသုံးပြုလာကြပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်ကာလတွေ ရောက်တဲ့အခါမှာတော့ လမ်းတွေပေါ်မှာ အဖြူရောင်မျဉ်းတွေအပြင် ကားရပ်နားစောင့်ဆိုင်းတာနဲ့ ပစ္စည်း အတင်/အချပြုလုပ်တာတွေကို ကန့်သတ်ဖို့အတွက် အဝါရောင်မျဉ်းတွေ ကိုလည်း ရေးဆွဲအသုံးပြုလာကြပါတယ်။
၁၉၅၉ ခုနှစ်မှာတော့ UK အစိုးရက ကားတစ်စီးနဲ့တစ်စီး ကျော်တက်မောင်းနှင်တာတွေကို ဟန့်တား နိုင်ဖို့အတွက် အဖြူရောင်နှစ်ထပ်မျဉ်းရေးဆွဲတဲ့ စနစ်ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်တွေမှာတော့ UK ရဲ့ လမ်းမတွေ ပေါ်က ယာဉ်ကြောကျပ်တည်းရှုပ်ထွေးတဲ့ လမ်းဆုံနေရာတွေမှာ ယာဉ် အချိုးအကွေ့အဆင်ပြေစေဖို့အတွက် အဝါရောင်လေးထောင့်ကွက်ပုံစံကို ရေးဆွဲအသုံးပြုလာကြပါတယ်။
UK မှာ လမ်းအမှတ်အသားတွေကို နည်းလမ်းသုံးမျိုးသုံးပြီး ရေး ဆွဲလေ့ရှိပါတယ်။ ပထမဆုံးနည်းကတော့ လမ်းမျက်နှာပြင်ပေါ် ဆေးရောင်နဲ့ ရေးဆွဲတာ ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ သာမိုပလ စတစ်နဲ့ ပြုလုပ်ထားတဲ့လမ်းအမှတ်အသားတွေကို အသုံးပြုတဲ့နည်းပါ။
နောက်ဆုံးနည်းကတော့ ယာယီ လမ်းအမှတ်အသားတိပ်တွေကို အသုံးပြုတာ ဖြစ်ပါတယ်။
လမ်းပေါ်မှာ မျဉ်းတွေရေးဆွဲတဲ့အခါ ဆေးရောင်ဖျန်းပေးတဲ့ စက်ယန္တရားကို အသုံးပြုလေ့ရှိပါတယ်။
လမ်းပေါ် ဆေးရောင်ခြယ် တဲ့ နည်းလမ်းက ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ပေမဲ့ တခြားနည်းလမ်း တွေလောက်တော့ လမ်းပေါ် စွဲမြဲနေတာမျိုး မရှိပါဘူး။
တကယ်လို့ အကြောင်းတစ်ခုခုကြောင့် ပြန်ဖျက်ချင်တယ်ဆိုရင်လည်း အလွယ်တကူ ပြန်ဖျက်ဖို့ ခက်ခဲပါတယ်။
သာမိုပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ လမ်း အမှတ်အသားတွေကတော့ ကြာရှည်ခံတယ်၊ ကုန်ကျစရိတ်သက်သာတယ်၊ ကားတာယာတွေ ပွတ်တိုက်မှုဒဏ်ခံနိုင်ရည်အား မြင့်မားတဲ့အတွက် အသုံးပြုကြတာ များပါတယ်။
ယာယီလမ်းအမှတ်အသားတိပ်တွေဟာ လမ်းမပေါ်မှ စကပ်ပြီးအသုံးပြုတဲ့အချိန်ကနေ အနည်းဆုံးသုံးလလောက် အထိ ကြာရှည်ခံလေ့ရှိပြီး ကားတာယာပွတ်တိုက်မှု ဒဏ်ခံနိုင်ရည်စွမ်း မြင့်မားပေမဲ့ ကုန်ကျစရိတ်များပါတယ်။
အကြီးမားဆုံး အားနည်းချက်ကတော့ ရာသီဥတုစိုစွတ်တဲ့အခါ သို့မဟုတ် အေးတဲ့အခါမှာ ဒီလို ယာယီ လမ်းအမှတ်အသားတိတ်တွေဟာ လမ်းတွေပေါ်မှာ ကပ်နိုင်စွမ်းအား မရှိတဲ့ အချက်ပါပဲ။
Automobile