ဘီးလှိမ့်ခွန် ပေးဆောင်ပြီးကြောင်း ပြသနိုင်မှသာ ယာဉ်သက်တမ်း တိုးခွင့်ပြုမည်


မန္တလေးမြို့တော် စည်ပင်နယ်နိမိတ်အတွင်းရှိ ယာဉ်များ သက်တမ်းတိုး ဆောင်ရွက်ရာတွင် ယခုလမှစ၍ ဘီးလှိမ့်ခွန် ပေးဆောင်ပြီးကြောင်း အထောက်အထားပါရှိမှသာ ယာဉ်သက်တမ်းတိုး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဘီးခွန်ဌာနမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှစ၍ ဘီးခွန်ကောက်ခံခြင်းကို ကညန ယာဉ်သက်တမ်းအတိုင်း ပြောင်းလဲကောင်ခံခဲ့ပြီး ယာဉ်ပိုင်ရှင်များမှာ ယာဉ်သက်တမ်းတိုး ဆောင်ရွက်သော်လည်း ဘီးခွန်ပြုလုပ်ခြင်း မရှိခြင်းကြောင့် ယခုကဲ့သို့ တိကျစွာ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု သိရသည်။

ယခင် ကညန ယာဉ်သက်တမ်းတိုး ဆောင်ရွက်ရာတွင် မော်တော်ယာဉ် စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီလျှင် မှတ်ပုံတင်အသစ် လဲလှယ်ပေးခြင်း ဖြစ်ရာ ယာဉ်ပိုုင်ရှင်များက ယင်းပြဌာန်းချက်အရ ဘီးခွန်ပေးဆောင်ရန် မလိုဟု ပြောဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။

သို့သော် ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ မော်တော်ယာဉ် မှတ်ပုံတင်ဆောင်ရွက်ရာတွင် ဦးစီးဌာန အနေဖြင့် နှစ်လဲသက်တမ်းတိုး မှတ်ပုံတင်ခြင်း၊ အခြားမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်းသော စည်းကမ်းချက်များကိုလည်း သတ်မှတ်ရမည်ဟု ပြဌာန်းပါရှိသောကြောင့် ယာဉ်သက်တမ်းတိုး ဆောင်ရွက်ရာတွင် အာမခံကြေားနှင့် စည်းပင်ကြေး(ဘီးခွန်) တို့ကို တစ်ပါးတည်း ပေးဆောင်ပြီးမှသာ ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများ ထုတ်ပေးခြင်းကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်ဘီးခွန်ဌာနတွင် ယာဉ်မှတ်ပုံတင်ပြီး နယ်သို့ပြန်သွားသော သက်တမ်းတိုး မဆောင်ရွက်သည့် ယာဉ်များ၊ ကညနမှတ်ပုံတင်ပြီး နယ်စီးယာဉ်များ၊ မှတ်ပုံတင်ဆောင်ရွက်ပြီးသော်လည်း showroom များတွင် မရောင်းချရသေးသည့် ယာဉ်များ များပြားနေသဖြင့် မော်တော်ယာဉ်ထက် ဆိုင်ကယ်များက ဘီးခွန်ပေးဆောင်မှု ပိုနည်းပါးကြောင်း အဆိုပါဌာန၏ စာရင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ကညန ယာဉ်မှတ်ပုံတင်ချိန်အတိုင်း ဘီးခွန်ကောက်ခံသည့် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မော်တော်ယာဉ်အစီးရေ ၅၃,၈၄၉ စီးနှင့် ဆိုင်ကယ်အစီးရေ ၉၁,၃၆၁ စီးတို့အတွက် ဘီးခွန်ကောက်ခံ ရရှိငွေပေါင်း ကျပ်သိန်းပေါင်း ၃,၅၀၀ ကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း ဘီးခွန်ဌာန၏ စာရင်းများအရ သိရသည်။

 

Read 2133 times