ဘီးခွေနဲ့ တာယာကို ဟန်ချက်ညီအောင်ချိန်ညှိခြင်း


ကားလမ်းပေါ်မှာ ရွေ့လျားနေတဲ့ ကားတစ်စီးအတွက် ဘီးနဲ့တာယာတွေက ဟန်ချက်တည်ငြိမ်ဖို့ လိုအပ်ပါတယ်။

ဒစ်ဝှီး(Disc Wheel) နဲ့ တာယာ တပ်ဆင်ထားတဲ့ Unit တစ်ခုလုံး Wheel Balance ညီမျှဖို့ အလေးချိန်ကိုပါ မျှတအောင်လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဟန်ချက်ညီညာမှုမရှိဘဲ(Unbalance) ဖြစ်နေတဲ့ Disc Wheel နဲ့ တာယာ တပ်ဆင်ထားတဲ့ ကားတစ်စီးကို မောင်းနှင်မယ်ဆိုရင်တော့ ဘေးကင်းလုံခြုံမှုကို ထိခိုက်စေပါလိမ့်မယ်။

အမြန်နှုန်း မြင့်လာတာနဲ့အမျှ ဘီးတွေက တုန်ခါလှုပ်ယမ်းလာပြီး အသံမြည်လာမှာပါ။

ကားအောက်ပိုင်းနဲ့ ဟတ်ဘောဘဲလ်ရင်း(Hub Ball Bearing) တွေ အချိန်မတိုင်ခင် ပျက်စီးနိုင်သလို ကားတစ်စီးလုံး လှုပ်ရမ်းနေလို့ ခရီးသည်နဲ့ ယာဉ်မောင်းလည်း သက်သောင့်သက်သာ ရှိမှာမဟုတ်ပါဘူး။

တာယာပန်းသားတွေလည်း ပွန်းစားမှု မြန်ဆန်ပါလိမ့်မယ်။

ကားတစ်စီးအတွက် ဒစ်ဝှီးနဲ့ တာယာတွေရဲ့ စွမ်းဆောင်မှု(Performance)ကောင်းစေဖို့ Wheel Balanceကို ပုံမှန်ချိန်ညှိပေးဖို့ လိုအပ်ပါတယ်။

ဒစ်ဝှီးက သံခွေ(Steel Wheel) နဲ့ အလွိုင်းခွေ နှစ်မျိုးရှိပြီး တာယာကို ဒစ်ဝှီးခွေမှာ အထိုင်ချပြီးချိန်မှာ Balance ကို ပြန်ပြီးချိန်ညှိပေးရမှာ ဖြစ်ပါတယ်။

အလေးချိန်ညီမျှမှုမရှိတဲ့ တာယာဘီးတစ်လုံးကို တပ်ဆင်ပြီး အမြန်လမ်းမှာ High Speed နဲ့ မောင်းနှင်မယ်ဆိုရင် ဟန်ချက်မညီမျှလို့ ကားဘီးတွေ တုန်ခါမှု ဖြစ်ပေါ်တတ်ပါတယ်။

အလူမီနီယမ်ဒစ်ဝှီး

============

အလူမီနီယမ်ဒစ်ဝှီး(Cast Light-Alloy Disc Wheel) က အလူမီနီယမ်နဲ့ မဂ္ဂနီယမ်တို့ အဓိကပေါင်းစပ်ထားပြီး ပေါ့ပါးတဲ့အတွက် အလေးချိန်လျှော့ချလို့တဲ့ ယာဉ်တွေနဲ့ ယာဉ်ရဲ့ဒီဇိုင်းကိုပုံဖော်ဖို့  တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။

အလူမီနီယမ် ဒစ်ဝှီးကို တပ်ဆင်ထားတဲ့ ကားတွေအတွက် သတိပြုရမယ့် အချက်တွေရှိပါတယ်။

– အလူမီနီယမ်ဝှီး(Wheel) အသစ်၊ ဒါမှမဟုတ် အဟောင်းကို တပ်ဆင်ပြီးတာနဲ့ ပထမဆုံး ခရီးအကွာအဝေး ကီလိုမီတာ ၁၅ဝဝ သွားပြီးတိုင်း ဘီးနတ်(Wheel Nut)တွေရဲ့ တင်းကျပ်အားကို ပြန်လည်စစ်ဆေးပါ။

– အလူမီနီယမ် ဝှီးတွေအတွက် ဒီဇိုင်းပြုလုပ်ထားတဲ့ နတ်ခေါင်းတွေကိုပဲ အသုံးပြုရမှာ ဖြစ်ပါတယ်။

– ဝှီးကိုချိန်ညှိခြင်း(Wheel Balancing) ပြုလုပ်ရာမှာ အလူမီနီယမ် ဝှီးအတွက် ပြုလုပ်ထားတဲ့ Balance Weight ကိုသာ အသုံးပြုသင့်ပါတယ်။ 
တပ်ဆင်မှုပြုလုပ်ချိန်မှာ ပလတ်စတစ်၊ ဒါမှမဟုတ် ရော်ဘာတူကိုသာ အသုံးပြုရမှာဖြစ်ပြီး သတ္တုတူတွေကို အသုံးမပြုရပါဘူး။

– အလူမီနီယမ် ဒစ်ဝှီးတွေကို မကြာခဏစစ်ဆေးမှု ပြုလုပ်ရမှာ ဖြစ်ပြီး ပျက်စီးမှုရှိခဲ့လျှင် ချက်ချင်းအစားထိုး လဲလှယ်ပေးရမှာပါ။

စတီယာရင်စနစ်

===========

Suspension စနစ်နဲ့ ပူးတွဲဖွဲ့စည်းထားတဲ့ စတီယာရင်စနစ်အတွက် စတီယာရင်ကောင်းစွာတည်ငြိမ်မှုနဲ့ ကွေ့ပြီးချိန်မှာ မူလအနေအထားကို ကောင်းစွာ ပြန်လည်ရောက်စေမှုစတဲ့

အခြေအနေတွေက ဟန်ချက်ညီမှ ဖြစ်မှာပါ။

စတီယာရင်စနစ်နဲ့ Suspension စနစ်တွေက သက်ဆိုင်ရာအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ ရှေ့ဘီးတွေရဲ့ အနေအထားက မှန်ကန်စွာ ရှိသင့်ပါတယ်။

ရှေ့ဘီးတွေကို ချိန်ညှိရာမှာ Suspension နဲ့ စတီယာရင်တို့ရဲ့ ဂျီ သြမေတြီနည်းအရ တွက်ချက်သတ်မှတ်ထားတဲ့ ထောင့်တန်ဖိုးတွေအပေါ် မူတည်ပြီး အကောင်းဆုံးမောင်းနှင်မှု၊

စတီယာရင်တည်ငြိမ်မှုနဲ့ အစိတ် အပိုင်းများ ကြာရှည်ခိုင်ခံ့စေရေးတို့အတွက် ချိန်ညှိပေးရမှာ ဖြစ်ပါတယ်။

နောက်ဘီးတွေမှာ Independent Suspension စနစ် ဖြစ်ခဲ့ရင် Dynamic Stress နဲ့ ပွန်းစားမှုကိုနည်းပါးစေလို့ (Camber ၊ Toe Angle)ကို ချိန်ညှိပေးရမှာပါ။

သတ်မှတ်ထားတဲ့ ထောင့်တန်ဖိုးတွေက ယာဉ်ရဲ့ ဝန်အား(Load) နဲ့ ရပ်ထားစဉ်(Level) အနေအထားတွေမှာ မူတည်နေတာကြောင့် ရှေ့ဘီးတွေကို ချိန်ညှိရာမှာ

ယာဉ်ရပ်တန့်ထားတဲ့ အခြေအနေအတွက် ပြင်ညီ Level နဲ့ ကားဘော်ဒီကို မြေပြင်မျက်နှာပြင်မှာ သတ်မှတ် ထားတဲ့ အကွာအဝေးအတိုင်း ရှိစေရမှာ ဖြစ်ပါတယ်။

Static Balancing နဲ့ Dynamic Balancing

=============================

လည်ပတ်နေတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေက Balance ညီမျှ မှုမရှိခဲ့ရင် ဗဟိုခွာအား(Centrifugal Force) သက်ရောက်မှုကြောင့် မြန်နှုန်း မြင့်လည်ပတ်ချိန်မှာ

တုန်ခါမှု(Vibration) တွေ ဖြစ်ပေါ်ပြီး Ball Bearing တွေ ပျက်စီးစေပါတယ်။

ကားဘီး တာယာတစ်လုံးမှာ Balancing ချိန်ညှိပေးဖို့ နှစ်မျိုးလိုအပ်ပါတယ်။Static Balancing နဲ့ Dynamic Balancing တို့ ဖြစ်ပါတယ်။

တာယာဘီး တည်ငြိမ်နေတဲ့အခြေအနေမှာ အလေးချိန်သက်ရောက်မှု ညီမျှခြင်းရှိ/မရှိစစ်ခြင်းကို Static Balancing လို့ သတ်မှတ်ပါတယ်။

Static Balancing ညီမျှခြေရှိမှသာ ဘီးနဲ့တာယာတွေ ဝင်ရိုးအပေါ်လည်ပတ်ချိန်မှာ တည်ငြိမ်မှုရှိမှာ ဖြစ်ပါတယ်။

ဒိုင်နဲမစ် ဟန်ချက်ညီမျှခြေ (Dynamic Balancing) ကတော့ ကားတစ်စီး မြန်နှုန်းမြင့်ရွေ့လျားနေချိန်မှာ ကားဘီးနဲ့ တာယာတွေမှာ သက်ရောက်နေတဲ့ ဗဟိုခွာအားနဲ့ အလေးချိန်ညီမျှမှုရှိပြီး

တုန်ခါမှုကင်းတဲ့ တည်ငြိမ်မှုကို ရရှိစေဖို့ ချိန်ညှိပေးရတာပါ။

ဒစ်ဝှီးနဲ့ တာယာဘီးတွေကို ချိန်ညှိပေးဖို့ Balancing Machine အသုံးပြုရပါတယ်။ ခေတ်မီတဲ့ ကားဘီးချိန်စက်တွေက ကွန်ပျူတာစနစ် သုံးဖြစ်လို့ တိတိကျကျ တိုင်းတာစစ်ဆေးနိုင်ပါတယ်။

ဒစ်ဝှီးဘီးနဲ့ တာယာကို ကားဘီးချိန်စက်(Balancing Machine) မှာ တပ်ဆင်ပြီး လည်ပတ်နှုန်း Rpm 300 အထက်မှာ စမ်းသပ်ရပါတယ်။

Balance အောက်နေတဲ့ ကားဘီးတွေရဲ့ တည်နေရာနဲ့ ကောင်တာဝိတ်(Counter Weight) အလေးချိန်ကို ကားဘီးချိန်စက်က အတိအကျ ဖော်ထုတ်ပေးပါတယ်။

Unbalance ဖြစ်နေတဲ့နေရာမှာ ဒစ်ဝှီးရဲ့ အတွင်း/အပြင်နှုတ်ခမ်းမှာ ကောင်တာ ဝိတ်တုံးခဲ၊ ဒါမှမဟုတ် ဇင့်သတ္တုတုံးကို ကလစ်ဖမ်းတဲ့ကိရိယာနဲ့ ဖိညှပ်ပြီး တပ်ဆင်ပေးနိုင်ပါတယ်။

တာယာ

=======

ကားဘီးတွေ Balance မချိန်ခင် တာယာအနာအဆာ ရှိ/မရှိ၊ သံ ငုတ်နဲ့ ခဲတွေ စိုက်ဝင်နေခြင်း ရှိ/မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။

ရွေ့လျားသွားလာနေတဲ့ မော်တော်ယာဉ်တစ်စီးအတွက် လမ်းမျက်နှာပြင်နဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ ပစ္စည်းကတော့ ကားတာယာတွေပါပဲ။

တာယာတွေရဲ့ စွမ်းဆောင်နိုင်ရည်(Performance) အမြဲကောင်းနေစေဖို့နဲ့ ဘေးကင်း လုံခြုံမှု(Safety) ရှိစေဖို့ တာယာဆားဗစ် လုပ်ဆောင်ပေးရမှာပါ။

ယာဉ်ပိုင် ရှင်၊ ဒါမှမဟုတ် ယာဉ်မောင်းတစ်ဦးဟာ မိမိမော်တော်ယာဉ်က တာယာတွေကို အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။

တာယာတစ်လုံးမှာ လေဖိအား(Inflation Pressure) မှန်နေဖို့က အလွန်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

ကျွတ်ပါတဲ့ တာယာ၊ ဒါမှ မဟုတ် ကျွတ်မပါတဲ့တာယာတွေမှာ ထိုးသွင်းထားတဲ့လေတွေက တဖြည်း ဖြည်းချင်း ယိုစိမ့်တတ်ပါတယ်။ တာယာတွေမှာရှိတဲ့ လေပေါင်ကို ရှိသင့်တဲ့ ပမာဏရှိနေစေဖို့ ပုံမှန်စစ်ဆေးပေးရမှာပါ။

လေဖိအား လေပေါင်များလွန်းနေရင် တာယာမျက်နှာပြင် အလယ် ပန်းသားတွေ ပွန်းစားမှုဖြစ်ပြီး ဘီးတာယာတွေ ခုန်နေလို့ ကားစီးရတာ သက်သောင့်သက်သာ မရှိနိုင်ပါဘူး။

ရှိသင့်ရှိထိုက်တဲ့ လေပေါင်ထက် လျော့နည်းနေမယ်ဆိုရင်လည်း တာယာမျက်နှာပြင် ဘေးလိုင်းနှစ်ဖက်မှာ ပွန်းစားမှု ပိုမြန်ပါလိမ့်မယ်။

တာယာပန်းသားမျက်နှာပြင်နဲ့ လမ်းမျက်နှာပြင်ပွတ်မှုအား များနေတဲ့အတွက် လောင်စာဆီပိုသုံးရမှာ ဖြစ်ပါတယ်။

လေလျော့နေလို့ တာယာအတွင်းသား အပူချိန်မြှင့်တက်လာမှာပါ။

တာယာလေလျော့နည်းနေတာကို သတိမပြုမိဘဲ မောင်းနေမယ်ဆိုရင်တော့ တာယာပွင့်ထွက်လာပြီး ယာဉ်တိုက်မှု ဖြစ်တတ်ပါတယ်။

တာယာဘီးတွေ ပူနေမယ်ဆိုရင် လေဖိအားကို မချိန်သင့်ပါဘူး။ အေးသွားမှ ချိန်သင့်ပါတယ်။

လေပေါင်ဖိအား အမှန်ရရှိနိုင်ဖို့ ကောင်းမွန် တဲ့ Pressure Gauge ကို အသုံးပြုရမှာပါ။

တာယာတစ်လုံးမှာ လေထိုး မယ်ဆိုရင် ထုတ်လုပ်သူကညွန်းထားတဲ့ လေဖိအားလေပေါင်ထက် ပိုမထိုးပါနဲ့။

ခရီဝေးမသွားခင် တာယာဘီးအားလုံးကို လေချိန်ပါ၊ စစ်ဆေးပါ။ တာယာပန်းသားတွေ ကုန်တဲ့အထိ အသုံးမပြုသင့်ပါဘူး။

ရှေ့ဘီးနဲ့ နောက်ဘီးတွေ ပွန်းစားမှုမတူညီနိုင်လို့ တာယာတွေကို ရှေ့နောက်/ဘယ်ညာလှည့်ပြီး အသုံးပြုပေးသင့်ပါတယ်။

ကားအောက် ပိုင်းတိုက်ရော့၊ ဘောလ်ဂျွိုင်းတွေ ပုံမှန်စစ်ဆေးပြီး ဘီးအလိုင်းမင့်ကို တစ်လတစ်ကြိမ် ချိန်ှညှိပေးသင့်ပါတယ်။

တာယာဘီးတွေ ပွန်းစားမှု မညီ တဲ့အတွက် Wheel Balancing ချိန်ပေးဖို့ လိုအပ်ပါတယ်။

ပစ္စည်း ကိရိယာစုံလင်တဲ့ အဆင့်မြင့်တာယာဆားဗစ်ဆိုင်တွေမှာ သင့်ရဲ့ ကားတာ ယာတွေ၊ ဒစ်ဝှီးတွေကို စစ်ဆေးသင့်ပါတယ်။

သက်တမ်းလွန်ပြီး Date Out နေတဲ့ တာယာတွေ၊ ပန်းတစ်ခြမ်း စားနေတဲ့ တာယာတွေ၊ လိမ်နေတဲ့ တာယာတွေ၊ ဘဲဥပုံလိုက်နေတဲ့ တာယာတွေ၊ ပြုပြင်ထားတဲ့ တာယာတွေကို မသုံးသင့်ပါဘူး။

တာယာ ဘေးကင်းလုံခြုံမှုရှိစေရေးက အသက်နဲ့ထပ်တူ အရေးကြီးကြောင်း အစဉ် သတိပြုဖို့ လိုအပ်ပါတယ်။

ဘေးကင်းလုံခြုံမှု(Safety)အတွက် အရည် အသွေးကောင်းမွန်တဲ့ တာယာတွေကိုသာ ရွေးချယ်အသုံးပြုသွားသင့်ပါတယ်။

Read 3316 times