ကားမီးလောင်ရခြင်းအကြောင်းအရင်းများ


ကားမီးလောင်ရသည့် အကြောင်းအရင်းအမျိုးမျိုးရှိသော်လည်း ယာဉ်ပိုင်ရှင်၏ ထိန်းသိမ်းစောင့်ရှောက်မှုသည်လည်း အဓိကကျပါတယ်။

ဘယ်လိုအကြောင်းအရာတွေကြောင့် ကားမီးလောင်ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီယိုစိမ့်ခြင်း

လောင်စာဆီစနစ်မှ ချို့ယွင်းမှုဖြစ်ပြီး ယိုစိမ့်ရာမှ ကားမီးလောင်မှုအများဆုံးဖြစ်စေနိုင်ပါတယ်။ သာမန်ပွတ်တိုက်မှုမှဖြစ်သည့် အပူဓာတ်ကြောင့် ယိုစိမ့်သောလောင်စာဆီမှ မီးထတောက်နိုင်ပါတယ်။ ယိုစိမ့်မှုကို မျက်မြင်မတွေ့ရသော်လည်း လောင်စာဆီအနံ့ရလာလျှင် လောင်စာဆီစနစ်က ယိုစိမ့်ခြင်းရှိမရှိ ချက်ချင်းစစ်ဆေးသင့်ပါတယ်။

(၂) ဂတ်စကတ်ပြတ်ခြင်း

အင်ဂျင်အပူလွန်ကဲပြီး ရေဆူခြင်းသည် ဂတ်စကတ်ပြတ်ခြင်း၊ ပေါက်ခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ထိုအချက်မှာလည်း ဆီယိုစိမ့်တဲ့အထိဖြစ်လာပြီး ကားမီးလောင်နိုင်ပါတယ်။ ဂတ်စကတ်ပြတ်ပါက ရေတိုင်ကီထဲမှာ ဆီနှင့် ရေအရောအနှောဖြစ်လာတတ်ပါတယ်။

(၃) Oil Seal နှင့် ဆီပိုက်

Oil Seal နှင့် ဆီပိုက်တွေမှာ ရော်ဘာဖြင့်ပြုလုပ်ထားသောကြောင့် အင်ဂျင်အပူလွန်ကဲသည့်အခါအရည်ပျော်ပြီး ဒုက္ခပေးနိုင်ပါတယ်။ ထိုနေရာမှ ဆီစိမ့်ထွက်ပြီး ဝါယာရှော့ဖြစ်ခြင်း၊ အကြောင်းအမျိုးမျိုးကြောင့်မီးပွားလေးများဖြစ်လာပါက မီးထလောင်နိုင်စေပါတယ်။

(၄) အင်ဂျင်အပူချိန်

မီးလောင်မှုတစ်ခုဖြစ်ရန် အပူ၊ လောင်စာ နှင့် အောက်စီဂျင်သုံးမျိုးပေါင်းစပ်မိပြီး ကားအင်ဂျင်အပူလွန်ကဲခြင်းကြောင့် မီးလောင်ရခြင်းအဖြစ်များပါတယ်။ အင်ဂျင်အပူချိန်လွန်လာသည်နှင့် လောင်စာဆီနှင့် အင်ဂျင်ဝိုင်များက ကျယ်ပြန့်လာပြီး လျှံထွက်ခြင်း၊ စိမ့်ထွက်ခြင်းများဖြစ်လာနိုင်ပါတယ်။

ဓာတ်ဆီက သတ်မှတ်သည့်အပူချိန်ကျော်လွန်ပါက မီးထတောက်နိုင်ပါတယ်။ ထိုအရာမှာ အင်ဂျင်အနီးမှ လောင်စာဆီပို့ဆောင်သည့် နေရာတစ်လျှောက် မီးထတောက်လောင်ခြင်း ဖြစ်ပါတယ်။

အချို့ကားများတွင် ဆီပို့သည့်ရော်ဘာပိုက်မှာ အင်ဂျင်အပေါ်မှဖြတ်သွားပြီး အင်ဂျင်အပူလွန်ကဲသည့်အခါ ရော်ဘာပိုက်မှာအရည်ပျော်ပြီး မီးလောင်နိုင်ပါတယ်။

(၅) ကျောက်ဆန်ခါ ပိတ်ဆို့ခြင်း

လောင်စာဆီမသန့်ခြင်း၊ အင်ဂျင်ကျနေခြင်းကြောင့် ကာဘွန်ထုတ်လွှတ်မှုများတတ်ပါတယ်။ လောင်စာကို အပြည့်အဝမလောင်ကျွမ်းနိုင်ဘဲ အိတ်ဇောစနစ်ထဲတွင် ကာဘွန်ဂျိုးနှင့် အညစ်အကြေးတွေကို ပိတ်ဆို့စေပါတယ်။ ထိုအချက်မှာ ကျောက်ဆန်ခါကို လုံးဝပိတ်ဆို့သွားစေပြီး အပူဓာတ်ကို အင်ဂျင်အတွင်းခန်းသို့ပြန်ရောက်စေခြင်းက အင်ဂျင်အပူလွန်ကဲမှုကို ဖြစ်စေပါတယ်။

ထို့ကြောင့် ကျောက်ဆန်ခါကို စစ်ဆေးပြီး သန့်စင်ခြင်းပြုလုပ်သင့်သကဲ့သို့ ချို့ယွင်းနေပါက ကျောက်ဆန်ခါအသစ်လဲလှယ်သင့်ပါတယ်။

(၆) ရေတိုင်ကီချို့ယွင်းခြင်း

အင်ဂျင်အအေးပေးစနစ်(cooling system) ထိန်းသိမ်းမှုမရှိပါက အင်ဂျင်အပူလွန်ကဲမှုမှတစ်ဆင့် ကားမီးလောင်သည်အထိ ဖြစ်နိုင်ပါတယ်။

ရေဒီရေတာစနစ်မှာ ချို့ယွင်းတက်သည်မှာ ပန်ကာကြိုး၊ ရေလည်အုံ၊ လည်ပတ်သည့် ရေပိုက်လိုင်းစနစ်တို့ဖြစ်ပါတယ်။ Cooling fan သီးခြားးသုံးသည့် ပန်ကာအဖွင့်အပိတ် မှန်ကန်ရန်လိုအပ်ပါတယ်။ ရေတိုင်ကီလေဝင်ပေါက်တွေမှာ ဖုန်မှုန့်များနှင့် အမှိုက်ပိတ်ဆို့နေလျှင်လည်းလေအေးပေး စနစ်ကို ချို့ယွင်းစေပါတယ်။ သတ်မှတ်ထားသည့် coolant အရည်ကို သတ်မှတ်ပမာဏအတိုင်း အပြည့်ရှိနေအောင်ထားပါ။

(၇) သာမိုစတက် ချို့ယွင်းခြင်း

အအေးပေးစနစ်မှာ သာမိုစတက်ကပုံမှန်အလုပ်မလုပ်ပါက အင်ဂျင်အပူလွန်ကဲစေတတ်ပါတယ်။ သာမိုစတက်မှာ ရေတိုင်ကီအတွင်းလည်ပတ်သည့် coolant အရည်၏ အပူချိန်ကို လိုအပ်သလို ထိန်းချုပ်ပေးနိုင်ပါတယ်။ ရေဒီရေတာအတွင်း အအေးဓာတ်လွန်ကဲနေပါက ရေများခဲမသွားရအောင် သာမိုစတက်ကို ပိတ်ပြီး အင်ဂျင်အပူဓာတ်နှင့် coolant ၏ အပူချိန်ကို မြှင့်တင်ပေးပါတယ်။

ရေဒီရေတာအတွင်း အပူချိန်များနေပါက သာမိုစတက်ဖွင့်ပြီး ဝင်လာသောလေအေးကြောင့် ရေဒီရေတာနှင့် အပူချိန်ကို လျှော့ချပေးပါတယ်။ ရေဒီရေတာက အင်ဂျင်အပူချိန်များကို စုပ်ယူလျှော့ချပေးပါတယ်။ သာမိုစတက်ချို့ယွင်းပြီး အမြဲပိတ်နေပါက အင်ဂျင်အပူလွန်ကဲစေပါတယ်။

(၈) အင်ဂျင်ဝိုင်

အင်ဂျင်အတွင်းလည်ပတ်ပြီး လည်ပတ်မှုချောမွေ့စေရုံသာမက အင်ဂျင်၏ အပူကိုလျှော့ချပေးနိုင်သည်မှာ အင်ဂျင်ဝိုင်ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်မှာ သက်တမ်းရင့်နေပြီး အမှိုက်နှင့် အညစ်အကြေးတွေ ရောထွေးနေပါက အင်ဂျင်အပူလွန်ကဲတာဖြစ်စေပါတယ်။ ထို့ကြောင့်အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးလဲလှယ်သင့်ပါတယ်။

(၉) ဝါယာရှော့

ဘက်ထရီမှထွက်လာသည့် လျှပ်စစ်မီးကြောင်းကြောင့် ဖြစ်လာသည့် မီးပွားများက ယိုစိမ့်သည့်ဆီနှင့် ဆီငွေ့တွေတွေ့ထိပြီး မီးလောင်နိုင်ပါတယ်။

ဝါယာကြိုးဆွေးမြေ့ပျက်စီးခြင်းမှတစ်ဆင့် ဝါယာရှော့ဖြစ်နိုင်သလို ဝါယာကြိုးရှိနိုင်သည့်နေရာတိုင်းတွင်လည်း ဝါယာရှော့ဖြစ်နိုင်ပါတယ်။

ကားနှင့် အင်ဂျင်ဝန်းကျင်မှာ ဆီနှင့်လောင်စာဆီတွေပေကျန်ညစ်ပတ်နေခြင်းမှလည်း မီးလောင်မှုကိုဖြစ်စေနိုင်ပါတယ်။ ကား၏ မူလပါဝင်သော ဝါယာရင်းလိုင်းမှအပ အခြားပါဝါမကူးခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။

မူလကမပါသော နှင်းခွဲမီး၊ LEDအလှမီးအစရှိသည်တို့ကို မိမိသဘောဖြင့်မကျွမ်းကျင်ပဲ တပ်ဆင်ထားခြင်းကြောင့် ဝါယာရှော့ဖြစ်စေနိုင်ပါတယ်။

ကျွမ်းကျင်သည့် ဝါယာရင်းဆရာနှင့် စနစ်တကျတပ်ဆင်ခြင်း၊ ပြုပြင်ခြင်းပြုလုပ်သင့်ပါတယ်။

ကားဘက်ထရီမှ ချို့ယွင်းသောကြောင့် မီးလောင်ခြင်းဖြစ်နိုင်၍ ဘက်ထရီကိုလည်း ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

လောင်စာဆီပါဝါမပြည့်ခြင်း၊ မသန့်ရှင်းခြင်းအစရှိသော လောင်စာဆီကြောင့် ကာဘွန်ဂျိုးပိတ်တာ ပလပ်ချို့ယွင်းခြင်းကြောင့် အင်ဂျင်အပူလွန်ကဲနိုင်သောကြောင့် သန့်ရှင်းမှန်ကန်သော လောင်စာဆီရွေးချယ်အသုံးပြုရန်လိုအပ်ပါတယ်။

ဝါယာရင်းဆိုင်အမှားကြောင့် ဝါယာရှော့ဖြစ်ခြင်း၊ ဘက်ထရီရှော့ဖြစ်ခြင်း၊ ဆီပိုက်လိုင်းဖြုတ်ပြီး ပြန်တပ်ဆင်တာ မသေချာခြင်းများကြောင့်လည်း ကားမီးလောင်သည်အထိဖြစ်နိုင်ပါတယ်။

ကျွမ်းကျင်သူများပြုပြင်ပေးသော်လည်း ကိုယ်တိုင်က စစ်ဆေးနိုင်အောင်လေ့လာထားသင့်ပါတယ်။

Read 6975 times