ရုရှားနဲ့ ယူကရိန်း စစ်ပွဲကြောင့် အနောက်နိုင်ငံတွေက ရုရှား အပေါ်စီးပွားရေးပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်လျက် ရှိနေပြီး ဒီအခြေအနေက တရုတ်မော်တော်ကားနဲ့ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူတွေကို ဈေးကွက်ချဲ့ထွင်ဖို့ လမ်းစဖော်ပေးလိုက်သလို ဖြစ်လာပါတယ်။
တရုတ်မော်တော်ယာဥ် ထုတ်လုပ်သူတွေဖြစ်တဲ့ Chery Automobile၊ Great Wall Motor နဲ့ Geely Automobile တို့က ရုရှား မှာ ခရီးသည်တင်ယာဥ်နဲ့ အသေးစားလုပ်ငန်းသုံးယာဥ် စုစုပေါင်း ရောင်းအားဟာ ယခင်နှစ်က ၆.၃% သာ ရှိခဲ့ပြီး ယခုအခါ ၁၆.၅% အထိ ရောက်ရှိလာကြောင်းကို Association of European Businesses Report အရ သိရပါတယ်။
Chery က ရုရှားနိုင်ငံတွင်းရောင်းအားကို မော်တော်ယာဥ် ၅၃,၀၀၀ နဲ့ ၃၁% အထိ ရောက်ရှိခဲ့ပြီး Geely က မော်တော်ယာဥ် ၂၄,၀၀၀ စီးရောင်းချခဲ့ကာ ယခင်နှစ်ထက် ရောင်းအား ၀.၇% ကျဆင်းခဲ့ပါတယ်။
ရုရှားမှာရောင်းအားအကောင်းဆုံးဖြစ်နေတဲ့ Chery Tiggo
မော်တော်ကားထုတ်လုပ်သူတွေက တရုတ်ကနေ အပိုပစ္စည်း ထောက်ပံ့မှုကို အလွယ်တကူ ရရှိနိုင်တဲ့ အတွက်ကြောင့် တရုတ်ထုတ်ကုန်တွေရဲ့ ဈေးကွက်ပမာဏက ဒီနှစ်မှာ လေးပုံတစ်ပုံကို ကျော်တက်သွားနိုင်တယ်လို့ ရုရှားမီဒီယာ တစ်ခုက ပြောပါတယ်။
အိန္ဒိယ နဲ့ တခြားနိုင်ငံတွေလို တရုတ်က အနောက်နိုင်ငံတွေရဲ့ ရုရှား အပေါ်စီးပွားရေးပိတ်ဆို့မှုမှာ ပါဝင်ခြင်း မရှိပါဘူး။ ရုရှား နဲ့ တရုတ် ဆက်ဆံရေးက တဖြည်းဖြည်းတိုးတက် ကောင်းမွန်လာပြီး မှတ်တိုင်အသစ်တွေကို စိုက်ထူနိုင်နေပြီလို့ ရုရှား ရဲ့ သမ္မတ Vladimir Putin က အရင်အပတ်က တရုတ်ထိပ်တန်း သံတမန် Wang Yi နဲ့ Moscow တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
Putin နှင့် Wang Yi လက်ဆွဲနှုတ်ဆက်နေကြသည်ကို တွေ့ရပုံ
အရင်နှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ၃၀% အထိမြင့်တက်လာခဲ့ပြီး တရုတ်ရဲ့ အကောက်ခွန်စီမံအုပ်ချုပ်ရေး အစီရင်ခံစာအရ နှစ်နှစ်ဆက်တိုက် စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်ခဲ့တဲ့ နောက်ပိုင်းမှာ ပြည်ပ မော်တော်ကားထုတ်လုပ်သူတွေက ရုရှားနိုင်ငံအတွင်း ထုတ်လုပ်မှုတွေကို ရပ်နားခဲ့ပြီး Mercedes-Benz Group နဲ့ Toyota Motor တို့ကလည်း ရုရှားဈေးကွက်ထဲကနေ ထွက်ခွာဖို့ ပြောခဲ့တဲ့ ကုမ္ပဏီတွေအများကြီးထဲမှာ အပါအဝင်ဖြစ်ပါတယ်။
ဒီကိစ္စဟာ ရုရှားနိုင်ငံအတွင်းက မော်တော်ကားအသစ်ရောင်းချမှုကို ၅၉% အထိကျဆင်းစေခဲ့ပြီး ယခင်နှစ်မှာ မော်တော်ယာဥ် ၆ သိန်း ၉ သောင်း အထိသာ ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပမော်တော်ကားကုမ္ပဏီတွေရဲ့ ရောင်းအားဟာ ၈၀% အထိလျော့ကျသွားပြီး လက်ရှိအခြေအနေဟာ တရုတ်နဲ့ ရုရှားထုတ်ကုန်တွေကို ပိုပြီး အကျိုးစီးပွားဖြစ်စေခဲ့ပါတယ်။
Advertisement
Click Here >>> Ko Nyein Maung
ရုရှားမော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ AvtoVAZ က ဈေးကွက်ပမာဏ ၂၇.၄%အထိရောက်ရှိနေပြီး Lada မော်တော်ကားထုတ်လုပ်ရေးက ပစ္စည်းပြတ်လပ်ခြင်းနဲ့ စက်ရုံရပ်ဆိုင်းမှု တွေကြောင့် ၄၆% ကျဆင်းခဲ့ပါတယ်။
ရုရှားမော်တော်ယာဥ်ဈေးကွက်ကို တရုတ်ဝင်ရောက်လာခြင်းက ရောင်းအားထက် ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပါယ် ပါဝင်နေပါသေးတယ်။
ပြင်သစ်မော်တော်ယာဥ် ကုမ္ပဏီ Renault က အရင်နှစ်က Moscow မှာရှိနေတဲ့ စက်ရုံကနေထွက်ခွာသွားခဲ့ပြီး ဆိုဗီယက်ခေတ် မော်တော်ထုတ်ကုန်ဖြစ်ခဲ့တဲ့ Moskvich က အဲ့ဒီစက်ရုံမှာ နေရာယူက နိုဝင်ဘာလမှာ ထုတ်လုပ်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ဒီစက်ရုံထုတ် မော်တော်ကားဒီဇိုင်းက တရုတ်ရဲ့ Anhui Jianghuai Automobile Group (JAC) က မော်တော်ကားဒီဇိုင်းကို အခြေခံထားတာဖြစ်ပြီး အတွင်းပိုင်း စက်ပစ္စည်းတော်တော်များများက တရုတ်နိုင်ငံထုတ်တွေလို့ သိရပါတယ်။
ဒါ့အပြင် AvtoVAZ ကလည်း ယခင်က Nissan Motor မော်တော်ကားစက်ပစ္စည်းတပ်ဆင်တဲ့ စက်ရုံနေရာမှာ တရုတ်မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရန် စဥ်းစားနေကြောင်းလည်း သိရပါတယ်။ ယခုလို ပူးပေါင်းလုပ်ဆောင်တာက တစ်နှစ်ကို ဇိမ်ခံကားပေါင်း ၁၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားရဲ့ နံပါတ် (၁) ကားကုမ္ပဏီ AvtoVAZ
အဲ့ဒီလို ဈေးကွက်နေရာ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေ ပိုပြီး ဝင်ရောက်လာတာကို လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍမှာလည်း တွေ့ရှိလာရပါတယ်။ Xiaomi က ရုရှားလျှပ်စစ်ပစ္စည်းဈေးကွက်မှာ ၂၀၂၁ ခုနှစ်က ၄၅% သာရရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့ ၈၀% အထိ နေရာယူထားနိုင်ခဲ့တယ်လို့ ရုရှားပုဂ္ဂလိကကုမ္ပဏီ တစ်ခုက ခန့်မှန်းထားပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲမတိုင်ခင်က iPhone က ပိုက်ဆံသုံးနိုင်တဲ့ လူတွေအတွက် ရွေးချယ်စရာဖြစ်ခဲ့ပြီး ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် Apple က ရုရှားကနေစွန့်ခွာသွားခဲ့ပါတယ်။ ရုရှားလူမျိုးတွေက မှောင်ခိုဈေးကနေ iPhone တွေကိုရရှိနိုင်ပေမယ့် မှောင်ခိုပစ္စည်းတွေက ဈေးကြီးတဲ့အတွက် ရုရှားမှာရှိတဲ့ ဈေးကွက်ထဲက တဖြေးဖြေးမှေးမှိန်လာပါတယ်။
တရုတ်နိုင်ငံရဲ့ Huawei နည်းပညာကုမ္ပဏီက ၂၀၂၂ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး Notebook Computer ဖြန့်ချီရောင်းချသူဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းကတော့ ရုရှားဈေးကွက်မှာ နံပါတ် ၈ နေရာမှာပဲ ရှိခဲ့တာပါ။
Computer ထုတ်လုပ်ရောင်းချတဲ့ HP ကုမ္ပဏီရဲ့ ဈေးကွက်ပမာဏကတော့ ယခင် နံပါတ် ၁ ကနေ ၂၀၂၂ ခုနှစ်မှာ နံပါတ် ၄ နေရာကို ကျဆင်းသွားခဲ့ပါတယ်။
Source - Nikkei Asia