ရှောင်မီ အဦးဆုံးအီးဗီ ပရီမီယံ စီးသူ သန်း ၂၀ ထံ ဦးတည်မောင်းနှင်


ရှောင်မီ အဦးဆုံးအီးဗီ ပရီမီယံ စီးသူ သန်း ၂၀ ထံ ဦးတည်မောင်းနှင်

 

 Xiaomi သည် ၎င်း၏ ပထမဆုံး လျှပ်စစ်ကားကို ပရီမီယံစျေးနှုန်းဖြင့် ရောင်းချသည်မှာ ပရီမီယံဈေးနှုန်း ကားအမျိုးအစားများကို ဝယ်ယူသုံးစွဲသူ  သန်း ၂၀ ခန့်ရှိနေပြီ ဖြစ်သောကြောင့်ဟု ရှောက်မီလုပ်ငန်းစု ဥက္ကဌ (President) Weibing Lu မှ ပြောကြားပါသည်။

 

ရှောင်မီသည် စျေးပိုသက်သာသော ထုတ်ကုန်များထုတ်လုပ်‌ရောင်းချသူအဖြစ် နာမည်ကြီးသည်။ ယခု ပထမဆုံးအီးဗီကို ဈေးအမြင့်တန်းဖြင့် ရောင်းချမည်။ ကုမ္ပဏီ အစဉ်အလာ၏ ပြောင်းပြန် ဖြစ်နေသည်။ 

 

ရှောင်မီ၏ မဟာဗျူဟာတွင် အရေးကြီးသော အစိတ်အပိုင်းမှာ ကုမ္ပဏီမှ ရောင်းချသော စမတ်ဖုန်းများ၊ အိမ်သုံး အီလက်ထရွန်းနစ် ပစ္စည်းများနှင့် ကားကို ချိတ်ဆက်ရန်အတွက် ၎င်း၏လည်ပတ်မှုစနစ် HyperOS ဖြစ်သည်။

 

တရုတ်စမတ်ဖုန်းကုမ္ပဏီ ရှောင်မီသည်  ပြိုင်ဆိုင်မှု ပြင်းထန်နေသော အီးဗီစျေးကွက်၏ ပရီမီယံ အပိုင်းကဏ္ဍတွင် စီးပွားရေး အခွင့်အလမ်းကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ထားသည်။ 

 

 

"ကျွန်တော်တို့ဟာ ပရီမီယံစမတ်ဖုန်း ရောင်းအားကို အခြေခံထားတဲ့ သုံးသပ်ချက်အရ  တရုတ်နိုင်ငံမှာ ပရီမီယံအသုံးပြုသူ သန်း ၂၀ ရှိနေပြီဖြစ်လို့ ပရီမီယံကဏ္ဍမှာ ကျွန်တော်တို့အတွက် တာထွက်ကောင်းလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်"ဟု Lu မှ ပြောကြားပါသည်။ 

 

“ကနဦးမှာ ဝယ်ယူကြတဲ့သူတွေဟာ ပရီမီယံ စမတ်ဖုန်း သုံးကြတဲ့သူတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

ယခုလို ကားထုတ်လုပ်သည့်အဆင့်သို့ ရောက်ရှိလာရန် ကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲခဲ့သည်။

 

 Xiaomi သည် မော်ဒယ် SU7 လျှပ်စစ်ကားကို ဒီဇင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံ၌ ထုတ်ဖော်ပြသခဲ့သော်လည်း စျေးနှုန်း အတိအကျကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

ကားများကို ဒုတိယသုံးလပတ်တွင် အလုံးအရင်းဖြင့် ပေးပို့နိုင်ဖို့ လုပ်ဆောင်နေသည်ဟု Lu က ပြောသည်။

 

မြို့တော်ပေကျင်းတွင် အခြေစိုက်ထားသော ရှောင်မီသည် စမတ်ဖုန်းနယ်ပယ်တွင် ထိပ်တန်း(၅) စာရင်းဝင်သည်။ ၂၀၂၃ ခုနှစ်တွင် ဈေးကွက်ထဲသို့  စမတ်ဖုန်း အလုံးရေ ၁၄၆.၄ သန်း ပေးပို့ခဲ့သည်။

 

ရှောင်မီသည် ပရီမီယံ စမတ်ဖုန်း အတန်းအစားသို့ ၂၀၂၀ ပြည့်နှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။ 

 

ရှောင်မီသည် အဓိကအားဖြင့် စမတ်ဖုန်းနှင့် စမတ်ကားတို့အတွက် လည်ပတ်စနစ် HyperOS ကို စတင်ခဲ့သည်။ ရှောင်မီမှ ထုတ်လုပ်သည့် ကားများတွင် HyperOS ကို အသုံးပြုမည် ဖြစ်သည်။

 

လာမည့် ၁၀ နှစ်အတွင်းတွင် လျှပ်စစ်ကား ဈေးကွက်သည် ယနေ့ စမတ်ဖုန်းဈေးကွက်နှင့် ဆင်ဆင်တူနေလိမ့်မည်။ စမတ်ဖုန်းဈေးကွက်တွင် ဈေူကွက်ဝေစု ၇၀% ကို ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၅ ခုက ရယူထားသည်။ အီးဗီ ဈေးကွက်တွင်လည်း ဈေးကွက်ဝေစု ၇၀% ဝန်းကျင်သည် ထိပ်တန်း အီးဗီကုမ္ပဏီ လေး ငါးခု လက်ထဲတွင် ရှိနေမည်ဟု Lu က ပြောကြားသည်။ 

အီးဗီထုတ်လုပ်သည့် လုပ်ငန်းကဏ္ဍတွင် ရေရှည်ရပ်တည်နိုင်ဖို့မှာ အရင်းအနှီးကြီးမားသည်။ 

 

"ရန်ပုံငွေ အများကြီးမရှိရင် ကျွန်ျတာ်တို့  နောက်ဆုံးလက်ကျန် ကစားသမားဖြစ်နိုင်မယ် မထင်ဘူး"ဟု Lu က ပြောကြားသည်။ 

 

ရှောင်မီသည် ကားများကို ကိုယ်ပိုင်စက်ရုံများတွင် ထုတ်လုပ်နိုင်အောင် ဆက်လက်လုပ်ဆောင်မည်။ အခရာကျသည့် အစိတ်အပိုင်းများကိုလည်း ကိုယ်တိုင် ထုတ်လုပ်နိုင်အောင် လုပ်ဆောင်မည်ဟု Lu က ပြောကြားသည်။

 

SU7 ကို နိုင်ငံပိုင်လုပ်ငန်း BAIC Group မှ ထုတ်လုပ်ပေးသည်။ 

 

Source cnbc


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Read 467 times