မူဝါဒအသစ်ထွက်ပေါ်လာပြီးနောက် တစ်ပတ်အတွင်းရန်ကုန်ကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထွက်ပေါ်လာပြီးနောက် ကားစျေးများမှာ အမျိုးအစား၊ ဂရိတ်နှင့် ရန်ကုန်လိုင်စင်ဖြစ်မဖြစ်အပေါ်မူတည်ပြီး ကျပ်သိန်းနှစ်ဆယ်မှ ကျပ်သိန်းငါးဆယ်အထိ စျေးများမြင့်တက်သွားခဲ့သည်။

ကားစျေးများမြင့်တက်သွားရာတွင် ယာယီနံပါတ်ကားများထက် နံပါတ်ထွက်ပြီးသားကားများမှာ အရောင်းအဝယ်ပိုဖြစ်ကြောင်းသိရပါသည်။

ယာယီနံပါတ်ကားများမှာ စလစ်စျေးမြင့်တက်မှုကြောင့် ပုံမှန်လောက်သာ အဝယ်ရှိကြောင်း သိရပါသည်။

မူဝါဒထွက်ပေါ်ပြီးနောက်တွင် ကျပ်သိန်း ၁၅၀နှင့် သိန်းနှစ်ရာကြားရန်ကုန်လိုင်စင် ၁၃၀၀စီစီကားများ အဝယ်လိုက်သကဲ့သို့ နံပါတ်ထွက်ပြီးသား Toyota Alphard၊ Toyota Wish၊ Toyota Kluger၊ Mitsubishi RVR ကားများလည်း အရောင်းအဝယ်ဖြစ်နေပါသည်။

၁၃၀၀စီစီကားများထဲတွင် ၂၀၁၁မိုဒယ်နောက်ပိုင်း ပုံပြောင်သွားသည့် ကျပ်သိန်း၂၅၀ဝန်းကျင် Honda Fit GK3၊ Honda Fit Shuttle ၊ Toyota Axio ကားများအဝယ်လိုက်နေကြောင်းသိရပါသည်။

ယခုရက်ပိုင်းတွင် ဝယ်လက်များ မေးများသော Toyota Kluger ၊ Toyota Wish၊ Toyota Crown များက ကျပ်သိန်းနှစ်ဆယ်နှင့် သိန်းငါးဆယ်ကြားစျေးမြင့်တက်သွားပါသည်။

၁၃၀၀စီစီ ကားများထဲတွင် ယခင်နှစ်ကသွင်းထားသော လက်ကျန်ကားများ မရှိသလောက်ဖြစ်သွားသည့်အတွက် ကျန်ရှိသောကားများက သိန်းနှစ်ဆယ်ခန့် စျေးမြင့်တက်သွားပါသည်။

လာမည့်နှစ်မှစပြီး လုပ်ငန်းသုံးကားများကို ၂၀၁၄မိုဒယ်နှင့်အထက်သာ တင်သွင်းရမည်ဆိုသော်လည်း ၆၆၀စီစီ Carry Truck များက ထင်ထားသကဲ့သို ရောင်းရခြင်းမရှိပါ။

ယခုရက်ပိုင်းတွင် အမေးများနေသော Toyota Wish၊ Toyota Vanguard များဆိုလျှင် သိန်းသုံးဆယ်ခန့် စျေးများခုန်တက်သွားပါသည်။

မူဝါဒများထွက်ပေါ်ပြီးနောက်ပိုင်းတွင် ကားစျေးများမြင့်တက်သွားသော်လည်း လာမည့်နှစ် ဂျပန်ညာမောင်းကားတင်သွင်းခွင့်မရခြင်းအတွက် အရောင်းအဝယ်ပိုကောင်းလာပါသည်။

မူဝါဒထွက်ပြီးနောက်ပိုင်းတွင် ၁၃၀၀စီစီကားလေးများ ကျပ်၁၀သိန်းမှ ၁၅သိန်း၊ စလစ်ကပ်ကားများက သိန်းနှစ်ဆယ်မှ သိန်းလေးဆယ်အထိစျေးတက်သွားပါသည်။

စျေးအပြောင်းအလဲဖြစ်သောအချိန်တွင် အရောင်းပိတ်ထားသူရှိသကဲ့သို့ အဝယ်ကောင်းသည့်အတွက် ထုတ်ရောင်းနေသူများလည်းရှိပါသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် အဝယ်ကျဆင်းသော်လည်း အမှန်တကယ်ဝယ်မည့်သူများထက် စျေးစုံစမ်းမည့်သူက ပိုများနေကြောင်းသိရပါသည်။

နှစ်မကုန်ခင်တွင် အသစ်တင်သွင်းသောကားများဝင်လာရန်ရှိပြီး စလစ်စျေးမတက်လျှင် ကားစျေးက အနေအထားတစ်ခုမှာ ရပ်သွားမည်ဖြစ်ပါသည်။

စလစ်စျေးတက်မည်ဆိုပါက ကားစျေးသည်လည်း လိုက်တက်မည်ဖြစ်ကြောင်းသိရပါသည်။

ယခုရက်ပိုင်းအတွင်း စလစ်စျေးများသည် ဝယ်လိုအားနှင့် အပ်ကားအရေအတွက်ပေါ်တွင်မူတည်ကာ စျေးငြိမ်သက်မှုမရှိဘဲ နှစ်နှစ်ဆယ်စလစ်စျေးသည် ကျပ် ၁၃၅သိန်းနှင့် သိန်း၁၄၀ကြား၊ တိုက်ကြေစလစ်သည် ကျပ်၁၂၅သိန်းနှင့် သိန်း၁၃၀ကြား၊ တက္ကစီစလစ်သည် ကျပ်သိန်း ၁၃၀နှင့် ၁၃၅သိန်းကြား အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2011 195
၂ Toyota Wish YGN 2011 350
၃ Suzuki Swift MDY 2011 180
၄ Toyota Alphard YGN 2003 355
၅ Toyota Probox BGO 2012 185
၆ Toyota Vanguard YGN 2011 560
၇ Honda Insight MDY 2012 227
၈ Toyota Harrier YGN 2004 465
၉ Toyota Hilux Vigo MDY 2012 320
၁၀ Toyota Vitz ယာယီ 2014 188

 

Read 8719 times