ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် အချိန်မှစ၍ ကားဈေးကွက်အတွင်း အလှုပ်အခတ်များစွာ ဖြစ်ပေါ်ခဲ့သည်။
မူဝါဒများ မတည်ငြိမ်သေးသရွေ့၊ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာများက တိကျသည့် မူဝါဒများ မထုတ်ပြန်သေးသရွေ့ ကားဈေးကွက်အခြေအနေမှာ တည်ငြိမ်မှုမရှိဘဲ အတက်အကျ ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။
မူဝါဒတစ်ခုအပေါ် အခြေခံပြီး အပြောင်းအလဲပြုလုပ်နေရသည့် ကားဈေးကွက်မှာ ပေါ်လစီများ မငြိမ်သက်သည့်အတွက် ရောင်းသူကလည်း မရောင်းရဲ၊ ဝယ်သူကလည်း မဝယ်ရဲသည့် အခြေအနေမျိုးဖြစ်သည်။
လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များကို အောက်တိုဘာလ ဒုတိယပတ်အထိ ထုတ်ပြန်ကြေညာပေးခြင်းမရှိသေးသောကြောင့် ကောလဟာလ သတင်းများနှင့် ဝေခွဲရခက်နေသည်။
ဒီရက်ထဲတွင်စလစ်ကားများသာ ဦးစားပေးရောင်းချနေရသည်။
ဖရီးပါမစ်ကားများမှာ ဈေးမာနေသည့်အတွက်အရောင်းအဝယ် ပြန်အေးသွားသည်။
လက်ရှိထွက်နေသည့် သတင်းများအရ လာမည့်နှစ်တွင် ညာမောင်းကားမာျးကို တင်သွင်းရန်မဖြစ်နိုင် တော့သည့်အတွက် တင်သွင်းထားသည့်ကားများကို အရင်လိုဈေးမတည့်ပါက တည့်အောင်ညှိရောင်းလို့မရနိုင်သည့် အခြေအနေမျိုးဖြစ်နေသည်။
လက်ရှိအခြေအနေက ရောင်းရမလို မရောင်းရမလိုဖြစ်နေသည်။
သတင်းများထွက်နေသည့်အတိုင်း ဘယ်မောင်းကိုသာ သောချာသွားရင် ညာမောင်းကားများက သေချာပေါက် ဈေးခုန်တက်သွားမှာပါ။
၁၉၉၈ မိုဒယ်နှင့်အောက် YBS ဘတ်စ်စလစ်များ ဝင်လာပါက စလစ်ဈေးကျသွားရန် မရှိလောက်ပါ။
နောက်နှစ်အတွက် ကြိုတင်လျှောက်မည့်သူများ ဝယ်တာနှင့်တင် ဒီစလစ်မျာကု အချိန်တိုအတွင်း ကုန်သွားမှာဖြစ်ပြီး နောက်နှစ်ကျရင် စလစ်နှင့်ဘယ်မောင်းလျှောက်မည့်သူရှိလာနိုင်သော်လည်း အရေအတွက် နည်းသွားမှာပါ။
လာမည့်နှစ်တွင် ဘယ်မောင်းသာ တင်သွင်းရမည်ဆိုပါက စလစ်ဈေးက ကျဆင်းသွားမည် ဖြစ်ကြောင်း MMM ကားအရောင်းစင်တာမန်နေဂျင်းဒါရိုက်တာကဆိုသည်။
နှစ်ကုန်ခါနီးလေ ကားလောကနှင့် သက်ဆိုင်သည့် ကောလဟာလသတင်းများက ပိုပိုပြီးထွက်ပေါ်လာလေ ဖြစ်သည့်အတွက် ဈေးကွက်အခြေအနေမှာ မှန်းဆရ ခက်ခဲနေသည်။
အားလုံးက အခြေအနေတစ်ရပ်ကို စောင့်ကြည့်နေကြသည့်အတွက် မရောင်းရဲမဝယ်ရဲသည့် အနေအထားမျိုးဖြစ်နေသည်။
ပါမစ်ကြိုတင်လျှောက်ထားမှုများသဖြင့် စလစ်ဈေးများ မြင့်တက်လာသကဲ့သို့ စလစ်ကပ်ကားဈေးများလည်း ဖရီးပါမစ်ကားများနည်းတူ ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။
ကားဝယ်/ရောင်းများအနေဖြင့်လည်း လာမည့်နှစ်တွင် ဖရီးပါမစ်ဖြင့် တင်သွင်းခွင့်မရနိုင်တော့သည့် ကားများကို ပါမစ်ကြိုတင် လျှောက်ထားရန်သာ အာရုံစိုက်နေပြီး ကားတင်သွင်းခွင့်မူဝါဒများ အတည်ပြုထုတ်ပြန်မည့် အချိန်ကို စောင့်ကြည့်ကာ မှန်းဆလုပ်ကိုင်နေကြရသည်။
ယခုရက်ပိုင်းတွင် ညာမောင်းကားများထဲမှ ကျပ်သိန်း ၁၆၀ နှင့် သိန်းနှစ်ရာကြား ကားလေးများ အရောင်းအဝယ်သွက်သည်။
အရမ်းအကောင်းကြီးမဟုတ်သော်လည်း အရင်လများထက်စာလျှင် နေ့တိုင်းလိုလို အရောင်းအဝယ်ဖြစ်ပါသည်။
စလစ်ကပ်ကားများကတော့ဖရီးပါမစ်ကားများလောက် အရောင်းမသွက်ပါဘူး။
မူဝါဒအပြောင်းအလဲကြောင့် လာမည့်နှစ်တွင် ကားဈေးများ သေချာပေါက်တက်မည်ဆိုတော့ တချို့ဝယ်/ရောင်းများဆိုလျှင် ကားများကိုသိမ်းထားပြီး ယာဉ်ရောင်းဝယ်ရေး စခန်းတွင်တောင် လာမထိုးကြတော့ပါဘူး။
လာတဲ့သူများကလည်း ကားဈေးများကို အဝယ်များမဝယ်လောက်သည့် ဈေးများခေါ်ထားကြသည်။
ကားဝယ်သည့်သူများကလည်း ဈေးများတက်လာပါက ထပ်တက်လာမလားလို့ စိုးရိမ်ပြီး ဝယ်နေကြပါသည်။
တကယ်တမ်း ကားတင်သွင်းခွင့်များကို တိုးမြှင့်သတ်မှတ်လိုက်ပါက လာမည့်နှစ်တွင် ကားဈေးများ သေချာပေါက် ခုန်တက်သွားမည်ဖြစ်သည်။
ဒီရက်ပိုင်းတွင် ဖရီးပါမစ်ကားများသာ အဓိကအရောင်းအဝယ်ဖြစ်နေတာပါ။
စလစ်ဈေးများ တက်လာသော်လည်း စလစ်ကပ်ကားများက ဖရီးပါပစ်ကားများလောက်အရောင်းမသွက်သေးပါဘူးဟု ကားဝယ်/ရောင်း တစ်ခုကပြောသည်။
၁၉၉၈ မိုဒယ်နှင့်အောက် ဘတ်စ်ကားများ အပ်နှံခွင့်ပေးမည်ဖြစ်သော်လည်း ဈေးကွက်အတွင်းဝင်ရောက်လာမည့် စလစ်အရေအတွက် နည်းပါးမှုကြောင့် ဈေးကွက်ပြောင်းလဲမှု မရှိနိုင်ကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း ညာမောင်းကားများကို ပါမစ်ကြိုလျှောက်မှုများနေပြီး ဘတ်စ်စလစ်များမှာလည်း လက်ကြီးသမားများက အများဆုံးကိုင်ထားသောကြောင့် ဈေးကွက်လိုအပ်ချက်အတိုင်း ဝင်မလာသဖြင့် စလစ်ဈေးမှာ ကျပ် ၁၂၅ သိန်းဝန်းကျင် အထိမြင့်တက်သွားခဲ့ကြောင်း သိရသည်။
နှစ် နှစ်ဆယ် စလစ်ဈေးများ မြင့်တက်သွားသကဲ့သို့ တိုက်ကြေစလစ်တစ်စောင်လျှင် ကျပ် ၁၁၃ သိန်းဝန်းကျင်နှင့် တက္ကစီစလစ်တစ်စောင်လျှင် ၁၁၅ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ကားဈေးနှုန်းများ
| စဉ် | ကားအမျိုးအစား | နံပါတ် | မိုဒယ် | စျေးနှုန်း |
| ၁ | Honda Fit | ယာယီ | 2011 | 185 |
| ၂ | Toyota Wish | YGN | 2011 | 345 |
| ၃ | Suzuki Swift | MDY | 2011 | 175 |
| ၄ | Toyota Alphard | YGN | 2003 | 345 |
| ၅ | Toyota Probox | BGO | 2012 | 183 |
| ၆ | Toyota Vanguard | YGN | 2011 | 550 |
| ၇ | Honda Insight | MDY | 2012 | 225 |
| ၈ | Toyota Harrier | YGN | 2004 | 460 |
| ၉ | Toyota Hilux Vigo | MDY | 2012 | 325 |
| ၁၀ | Toyota Vitz | ယာယီ | 2012 | 185 |