တစ်ပတ်အတွင်းကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့်ကားဈေးနှုန်းများ


 

စလစ်ဈေးကျပ်သိန်း ၁၁၀ ကျော်သွားပြီးနောက်ပိုင်းတွင်ကားတင်သွင်းမှုလျော့နည်းသွားပြီး ကားတင်သွင်းသူများနှင့်ဝယ်/ရောင်းများမှာနံပါတ်ထွက်ပြီးသားကားဟောင်းများအပေါ်အာရုံစိုက် လာကြသောကြောင့်ဈေးကွက်အတွင်းရောက်ရှိပြီးသားကားများအရောင်းအဝယ်ဖြစ်လာခဲ့သည်။

လက်ရှိအစိုးရအနေဖြင့်ရန်ကုန်မြို့တွင်းမောင်းနှင်နေသောနယ်လိုင်စင်ကားများကိုထိန်းချုပ်ရန်မရှိဘဲ ကားတင်သွင်းမှုကိုသာကန့်သတ်ဖွယ်ရှိသောကြောင့်ရန်ကုန်အဝယ်များကနယ်လိုင်စင်ကားများကိုဝယ်ယူလာ ကြသဖြင့်နယ်လိုင်စင် ၁၃၀၀ စီစီကားများလည်းအရောင်းအဝယ်သွက်နေသည်။

ပြီးခဲ့သည့်လများကစလစ်ဈေးကျပ်သိန်းတစ်ရာအောက်အထိကျဆင်းသွားချိန်တွင် ၁၃၀၀ စီစီကားများဖြစ်သည့် Honda Fit Shuttle, Honda Insight, Honda Fit GK 3, Toyota Axio ကားများကိုရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခဲ့ကြသော်လည်းယခုအခါစလစ်ဈေးတောက်လျှောက်မြင့်တက်သွားသည့်အတွက်ပြန်ရောင်းလျှင် အမြတ်ရရန်ရောင်းရခက်သည့်အခြေအနေမျိုးဖြစ်သွား၍ ကားတင်သွင်းမှုမှာယခင်လများထက် လျော့နည်းသွားခဲ့သည်။

ယခုနှစ်ကုန်ခါနီးလာသည်နှင့်အမျှကားဈေးများမြင့်တက်လာဖွယ်ရှိသောကြောင့် ဝယ်/ရောင်းများကနယ်လိုင်စင်ကားများသာမကနံပါတ်ထွက်ပြီးသားရန်ကုန်လိုင်စင်ကားများကိုပါဝယ်ယူလာကြသဖြင့် ၁၃၀၀ စီစီကားများနှင့်အတူစလစ်ကပ်ကားများလည်းဈေးအနည်းငယ်မြင့်တက်နေကြောင်းသိရသည်။

၁၃၀၀ စီစီကားများထဲတွင်ရန်ကုန်လိုင်စင် J,K ,L အက္ခရာတန်း Toyota Vitz(2010,2011 Model), Toyota Bb(2009,2010 Model) , Honda Fit GE 6(2009,2010 Model), Suzuki Swift(2010,2011 Model), Honda Insight(2008,2009 Model)ကားများမှာမိုဒယ်နှင့်ဂရိတ်ပေါ်မူတည်ပြီး ကျပ်သိန်း 150 မှသိန်း 160 ကြားအရောင်းအဝယ်ဖြစ်နေသည်။

နယ်လိုင်စင်လိပ်စာကားများထဲတွင် Toyota Belta(2010 Model), Honda Insight(2011 model), Honda Fit GE 6(ပုံပြောင်း),Honda Fit GK 3, Honda Fit Shuttle ကားများမှာကျပ်သိန်း ၁၇၀ နှင့်သိန်းနှစ်ရာကြားတွင်အရောင်းအဝယ်ဖြစ်နေသည်။

တစ်ပိုင်တစ်နိုင်ကားတင်သွင်းသူများတင်သွင်းထားကြသည့် ၁၃၀၀ စီစီကားများမှာဈေးကွက်ထဲတွင်မရှိသ လောက်နည်းသွား၍ကားအရောင်းအစင်တာများရှိစတိနံပါတ် ၁၃၀၀ စီစီကားများအဝယ်လိုက်နေကြောင်း သိရသည်။

ကားအရောင်းစင်တာများမှတင်သွင်းထားသည့်ကားများထဲတွင် Honda Series ကားများဖြစ်သည့် Honda fit GE6 (ရုပ်ပြောင်း),Honda fit GK 3, Honda Fit Shuttle, Honda Insight ကားများတွင်လည်းလက်ကျန်ကားနည်းနေပြီး Toyota Series ထဲမှ Toyota Belta, Toyota Vitz, Toyota Ractis ကားများသာရောင်းကားရှိတော့ကြောင်းသိရသည်။

ယခုလဆန်းပိုင်းတွင်ကားတင်သွင်းမှုလျော့နည်းသွားပြီးနောက်ကျပ် ၁၁၄ သိန်းအထိမြင့်တက်သွားခဲ့သောစလစ်ဈေးသည်လည်း ၁၁၂ သိန်းဝန်းကျင်အထိပြန်လည်ကျဆင်းသွားကြောင်း သိရသည်။

ရန်ကုန်လိပ်စာပေါက် ၁၃၀၀ စီစီကားများအဝယ်လိုက်နေခြင်းကြောင့်တိုက်ကြေစလစ်များအဝယ်လိုက်နေပြီးယခုရက်ပိုင်းအတွင်းကျပ် ၁၀၂ သိန်းဝန်းကျင်ပေါက်ဈေးရှိကာတက္ကစီစလစ်မှာအပ်ကားရှားပါးမှုကြောင့်ကျပ် ၁၁၂ သိန်းဝန်းကျင်တွင်ဈေးတင်းခံနေသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ဘတ်စ်များကို ၁၉၉၇ မိုဒယ်အထိတိုးမြှင့်အပ်နှံခွင့်ပေးရန်စီစဉ်နေပြီး အပ်နှံမည့်ကားအရေအတွက်ပေါ်မူတည်ကာ စလစ်ဈေးအနည်းငယ်ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်းကားဝယ်/ရောင်းများကသုံးသပ်ထားကြသည်။

ကားဈေးနှုန်းများ

စဉ် အမျိုးအစား လိူင်စင် မော်ဒယ်နှစ် ကျပ်သိန်းပေါင်း
၁ Honda Fit ယာယီ 2012 215
၂ Toyota Wish YGN 2004 302
၃ Toyota Kluger YGN 2004 360
၄ Toyota Vitz ယာယီ 2011 195
၅ Suzuki Swift ယာယီ 2011 180
၆ Honda Civic YGN 2005 230
၇ Toyota Hilux Vigo MDY 2010 280
၈ Nissan Juke MDY 2011 305
၉ Mitsubishi RVR MDY 2010 360
၁၀ Honda Insight MDY 2010 195

 

 

Read 4090 times