တစ်ပတ်အတွင်း ရန်ကုန်ကားဈေးကွက်အခြေအနေသုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


လာမည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ နှစ်ကန့်သတ်ချက်များကို ယခုလနောက်ဆုံးပတ်တွင် ထုတ်ပြန်ပေးဖွယ်ရှိသောကြောင့် ကားလုပ်ငန်းရှင်များမှာ အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် စျေးကွက်အခြေအနေမှာ ငြိမ်သက်နေသည်။

မူဝါဒတစ်ခုအပေါ်တွင် အခြေခံပြီး အပြောင်းအလဲပြုလုပ်နေရသည့် ကားစျေးကွက်အနေအထားသည် လာမည့်နှစ်အတွက် အပြောင်းအလဲကို တိကျစွာ မသိရှိသေးသောကြောင့် ရောင်းသူကလည်း မရောင်းရဲ၊ ၀ယ်သူကလည်း မဝယ်ရဲသည့် အခြေအနေမျိုးဖြစ်နေသည်။

မိုဒယ်သတ်မှတ်ချက်များ တရားဝင်ထွက်ပေါ်မလာသေးသော်လည်း လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းရဖွယ်ရှိသောကြောင့် ကားတင်သွင်းသူအများစုမှာ လက်ထဲတွင် ရှိသည့် ညာမောင်းကားများကို ထိန်းရောင်းပြီး ကားသစ်တင်သွင်းရန်အတွက် နှစ်မကုန်မီပါမစ် လျှောက်ရန်သာ အားထုတ်နေကြသည်။

လာမည့်နှစ်အတါက် မော်တော်ယာဉ်တင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက်တွင် မည်သည့် မိုဒယ်မှစ၍ တင်သွင်းခွင့်ပေးမည် ဆိုသည်ကို အတိအကျမသိရှိရသေးသော်လည်း တင်သွင်းခွင့်ရမည့် ဘောင်ကျဉ်းသွားမည် ဖြစ်၍ ရောက်ရှိပြီးသား ကားများနှင့် နံပါတ်ထွက်ပြီးသား ကားများကို အမြင့်ဆုံးစျေးဖြင့် ခေါ်ရောင်းနေကြသည့်အတွက် ကားစျေးများမှာ အတက်ဘက်ကိုဦးတည်နေသည်။

လာမည့်နှစ်တွင် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ပေးဖွယ်ရှိနေရာ နှစ်မကုန်မီ ညာမောင်းကားများ တင်သွင်းရန်အတွက် ပါမစ်လျှောက်ရန်ကိုသာ အာရုံစိုက်နေကြသဖြင့် စျေးကွက်ငြိမ်သက်နေခြင်းကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

ဒီနှစ်မကုန်ခင်တွင် ပါမစ်ကြိုလျှောက်ထားမည်ဆိုလျှင် ၁၃၀၀ စီစီကားများကိုသာ အဓိကလျှောက်သင့်သည်။

ယင်းကားများသည် ပြန်ရောင်းရလည်းလွယ်ကူသည်။

လာမည့်နှစ်တွင် ၁၃၀၀ စီစီကားများကို စလစ်ကပ်ပြီး တင်သွင်းမည်ဆိုလျှင်တောင် ညာမောင်းတောင် မရတော့သည့်အတွက် စျေးများက မြင့်တက်သွားမည်ဖြစ်သည်။

၁၃၀၀ စီစီ ကားများကို ပါမစ်ကြိုလျှောက်မည်ဆိုလျှင် လူကြိုက်များသည့် Honda Fit Series ထဲမှ GE6, GK3, GP1, Shuttle နှင့် Insight တို့ကိုရွေးချယ်သင့်သည်ဟုု ကားဝယ်/ရောင်းတစ်ဦးက ပြောကြားသည်။

ရန်ကုန်လိုင်စင်ကားများ ၀ယ်ယူရခက်ခဲနေချိန်တွင် ၀ယ်/ရောင်း အချို့မှာ နယ်များသို့ဆင်းကာ ရန်ကုန်လိပ်စာပေါက်ကားများကို ၀ယ်ယူနေကြောင်းသိရသည်။

လက်ရှိအချိန်တွင် ကားအရောင်းစင်တာများနှင့်ကားဝယ်/ရောင်းများအနေဖြင့် မူဝါဒပေါ်ထွက်လာပါက စျေးများသေချာပေါက် မြင့်တက်သွားမည် ဟုတွက်ချက်ထားပြီး လက်ထဲတါင် ကိုင်ထားသော ကားများကို ထိန်းရောင်းနေကြသဖြင့် အရောင်းအဝယ်မသွက်ဘဲ ကြိုးကြားကြိုးကြားသော အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

စျေးကွက်ထဲတွင် ၀ယ်/ရောင်းအချင်းချင်း အရောင်းအဝယ်လုပ်နေသကဲ့သို့ အပြင်လူများလည်း ၀ယ်ထားခြင်းတော့ရှိပါသည်။

 လာမည့်နှစ်က ဘယ်မောင်းသာ ပေးသွင်းဖို့များသည့်အတွက် ထိန်းရောင်းသည့်သူများ များပါသည်။

ရောင်းပြီးပါကလည်း ပြန်ဖြည့်ရန်အတွက် ပြန်ဝယ်ကြသည်။

လေလံဆွဲသည့်သူများကလည်းလေလံပိုဆွဲ၊ နံပါတ်အဟောင်းရောင်းသည့် သူများကလည်း ကားအဟောင်းများကိုပို၀ယ်လာပါသည်။

လာမည့်နှစ်တွင် CIF တန်ဖိုးနှင့်ကောက်ခံမည်မဟုတ်ဘဲ Invoice အတိုင်းကောက်ခံမည်ဆိုပါက မိုဒယ်မြင့်တင်သွင်းမည့် သူများအတွက် အားသာချက်ပိုရှိလာနိုင်ပါသည်။

တချို့ကားများက CIF သေချာသလောက် ဖြစ်နေသည့်အတွက် ဒီရက်ပိုင်းတွင် ၁၃၀၀ စီစီ ကားလေးများကို လေလံများအပြိုင်ဆွဲလာသကဲ့သို့ ရောက်ပြီးသားကားများကလည်း စျေးများ တက်သွားကြောင်း ကားဝယ်/ရောင်း တစ်ဦးကဆိုသည်။

ကားစျေးနှုန်းများ

စဉ် အမျိုးအစား လိုင်စင် မော်ဒယ်နှစ် ကျပ်သိန်း
၁ Honda Fit ယာယီ 2012 205
၂ Toyota Alphard YGN 2003 370
၃ Toyota Vitz ယာယီ 2012 190
၄ Toyota Belta ယာယီ 2011 200
၅ Nissan Juke MDY 2011 310
၆ Toyota Crown YGN 2004 395
၇ Mazda Demio ယာယီ 2011 180
၈ Mitsubishi RVR MDY 2010 370
၉ Toyota Vanguard ယာယီ 2011 590
၁၀ Toyota Kluger YGN 2006 450

 

Read 7647 times