အရောင်းအဝယ်ငြိမ်သက်နေဆဲဖြစ်သော ကားဈေးကွက်နှင့် ကားဈေးနှုန်းများ


လာမည့် ဧပြီလ ၁ ရက်တွင် စတင်ကျင့်သုံးမည့် COE စနစ်၏ အခြေအနေကို စောင့်ကြည့်ရင်း ဖေဖော်ဝါရီလဆန်းပိုင်း ကားစျေးကွက်အခြေအနေမှာ ငြိမ်သက်နေပါသည်။

နယ်လိုင်စင်အပ်ကားများကို ရန်ကုန်အမည်ပြောင်း၍ ကားသစ်တင်သွင်းခွင့်မရတော့သဖြင့် စလစ်စျေးများလည်း မြင့်တက်သွားကာ ၂၀၁၇ ပါမစ်ဖြင့် တင်သွင်းထားသော ကားများလည်း အရောင်းအဝယ်အေးစက်သွားခဲ့သည်။

ယခုနှစ်ပါမစ်ဖြင့် တင်သွင်းခွင့်ရမည့်ကားများမှာလည်း ပြည်တွင်းစျေးနှင့် အံဝင်မှုနည်းနေသဖြင့် ကားသစ်တင်သွင်းရန်လည်း ချိန်ဆနေကြသည်။

COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ တင်သွင်းခွင့်ပေးမည်ဆိုပါကလည်း နံပါတ်ထွက်ပြီးသားကားများမှာ စျေးကွက်အပြောင်းအလဲရှိမည်မဟုတ်ကြောင်း ကားတင်သွင်းသူများက သုံးသပ်ထားကြပါသည်။

COE စနစ်နှင့် ရန်ကုန်လိုင်စင်ဖွင့်ပေးမည်ဆိုလျှင်လည်း ကားစျေးမှာ ကျရန်မရှိဘဲ လက်ရှိပေါက်စျေးအတိုင်းသာ ဆက်ပြီး ရှိနေမည်ထင်မိကြောင်း MMM ကားအရောင်းစင်တာ မန်နေဂျင်းဒါရိုက်တာမှ ပြောကြားခဲ့ပါသည်။

ကားစျေးအတက်၊ အကျမှာ ထိုနှစ်မူဝါဒနှင့် တင်သွင်းလို့ရမည့် ကားများ၏ အရည်အသွေးနှင့် စျေးနှုန်းအပေါ်တွင်မူတည်ပါသည်။

အသစ်တင်သွင်းမည့် ဘယ်ကိုင်းကားများက ဂျပန်ညာမောင်းကားများနေရာကို အစားထိုးနိုင်မည်ဆိုလျှင် စျေးကွက်က ပုံမှန်အတိုင်းရှိသွားမည်ဖြစ်ပါသည်။

COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ထုတ်ပေးမည်ဟု သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ရန်ကုန်လိုင်စင်ကားများ အရောင်းအဝယ်အေးသွားကာ နယ်လိုင်စင်ကားများသာ အမေးရှိလာကြပါသည်။

COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ခွင့်ပြုပေးရာတွင် ပြည်တွင်းထုတ် CKD SKD ကားများကိုလည်း အစီးရေကန့်သတ်လိုက်ပါက တင်သွင်းထားသည့် ဂျပန်ညာမောင်းကားစျေးကွက်မှာ ပြန်လည်အားကောင်းလာဖွယ်ရှိပါသည်။

COE စနစ်ဖြင့် ကားတင်သွင်းမည်ဆိုပါကလည်း ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရမည်ဖြစ်၍ ညာမောင်းကားစျေးကွက်မှာ အပြောင်းအလဲရှိလာနိုင်မည်မဟုတ်ချေ။

စလစ်စျေးမြင့်တက်မှုနှင့် ကားတင်သွင်းရန် ခက်ခဲသွားသောကြောင့် ကားတင်သွင်းသူများက ၂၀၁၇ ပါမစ်ဖြင့် တင်သွင်းထားသည့်ကားများကို စျေးတင်းခံပြီး ရောင်းချနေ၍ ကားစျေးနှုန်းများမှာ အမြင့်စျေးဖြင့် ဆက်လက်ငြိမ်သက်နေသည်။

နယ်လိုင်စင်အပ်ကားများကို ရန်ကုန်လိပ်စာမပေးတော့သည့်နောက်ပိုင်း အပ်ကားရှားပါးသွား၍ ရန်ကုန်အမည်ပေါက်စလစ်သည် ကျပ် ၁၂၅ သိန်းအထိ စျေးမြင့်တက်သွားခဲ့သလို နယ်စလစ်များမှာမူ ဝယ်လက်နည်းနေသဖြင့် ကျပ် ၁၀၅ သိန်းအထိ စျေးကျဆင်းသွားကြောင်း ကားစျေးကွက်အတွင်းမှ သိရပါသည်။

ကားစျေးနှုန်းများ

စဉ်     ကားအမျိုးအစားများ    နံပါတ်    မိုဒယ်    ဈေးနှုန်း
၁ Toyota Alphard YGN 2003 355
၂ Toyota Wish YGN 2011 340
၃ Toyota Axio - 2013 280
၄ Diahatsu Hijet BGO 2012 110
၅ Toyota Probox BGO 2012 180
၆ Honda Fit - 2011 230
၇ Hoda Insight MDY 2012 240
၈ Toyota Land Cruiser YGN 2010 1930
၉ Toyota Ractis BGO 2012 185
၁၀ Toyota Harrier YGN 2004 465

 

Read 1312 times