တစ်ပတ်အတွင်းကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလကတည်းက အေးစက်နေသောကားစျေးကွက်သည် နှစ်သစ် ၂၀၁၈ ခုနှစ်ရောက်သည့်တိုင်အောင် ငြိမ်သက်လျက်ရှိနေပါသည်။

အရောင်းအဝယ်များ ဆက်တိုက်အေးစက်နေပြီး ဝယ်/ရောင်းများမှာလည်း ဝယ်လက်ကိုသာ မျှော်နေရကြောင်း သိရပါသည်။

ကားဝယ်စီးသူအများစုမှာ ကျပ်သိန်း ၁၅၀နှင့် သိန်းနှစ်ရာဝန်းကျင် ဖရီးပါမစ်ကားလေးများကိုသာ အဝယ်များပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း အသစ်တင်သွင်းလာသည့် ကားများထက် နံပါတ်နိမ့်ကားဟောင်းများသာ ပို၍ အဝယ်ဖြစ်နေကြောင်းသိရပါသည်။

စလစ်ကပ်ကားစျေးများမြင့်တက်ချိန်တွင် ဝယ်လိုအားကျဆင်းနေပြီး မရှိမဖြစ်လိုအပ်သူများသာ ဝယ်ယူမှုရှိပါသည်။

ကားလုပ်ငန်းရှင်၊ ကားဝယ်/ရောင်းအများစုနှင့် ကားဝယ်ယူအသုံးပြုကြမည့်သူများကလည်း နှစ်အစ စျေးကွက်အပြောင်းအလဲကို စောင့်ကြည့်နေကြသဖြင့် အရောင်းအဝယ်က ဆက်လက် အေးစက်နေခြင်း ဖြစ်ပါသည်။

တစ်ဦးချင်းတင်သွင်းသူများကလည်း ဘယ်မောင်းကားများနှင့် အကျွမ်းမဝင်သေးသည့်အတွက် ကားသစ်များ ဝင်ရောက်မှုက နည်းနေဦးမည်ဖြစ်ပါသည်။

နှစ်အစတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း စျေးကွက်အေးစက်နေပြီး ဖေဖော်ဝါရီလကျော်မှသာ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ကားဝယ်/ရောင်းများက သုံးသပ်ထားကြသည်။

ယခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့သည့် နိုဝင်ဘာလကုန်မှစ၍ ဆက်တိုက်မြင့်တက်လာခဲ့သော ကားစျေးများ အရောင်းအဝယ်အေးစက်မှုကြောင့် တက်စျေးဖြင့်ရပ်တန့်သွားခဲ့ပါသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ကားအရောင်းအဝယ်အေးနေပြီး ပြည်ပမှ တင်သွင်းလာသည့် ကားသစ်များထက် စျေးကွက်အတွင်းရှိ နံပါတ်နိမ့်ကားဟောင်းလေးများကိုသာ အရောင်းအဝယ်ပြုလုပ်နေကြရပါသည်။

ဖရီးပါမစ်ကားများ အရောင်းအဝယ် အနည်းငယ်ဖြစ်သော်လည်း စလစ်ကပ်ကားများမှာ ဝယ်မရှိသလောက် ဖြစ်နေကြောင်း သိရပါသည်။

နှစ်ကူးကာလ ခရီးသွားလာသူ များပြားသောကြောင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ရောင်းသူဝယ်သူနည်းပါးပြီး ခြောက်ကပ်နေကြောင်း သိရပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2012 247
၂ Honda Insight MDY 2010 225
၃ Toyota Vanguard ယာယီ 2011 600
၄ Toyota Vitz ယာယီ 2012 205
၅ Toyota Kluger YGN 2005 385
၆ Suzuki Swift ယာယီ 2011 185
၇ Nissan Juke MDY 2011 335
၈ Toyota Wish YGN 2004 320
၉ Toyota Hilux Vigo MDY 2012 320
၁၀ Mazda Demio ယာယီ 2011 195

 

Read 1782 times