တစ်ပတ်အတွင်းကားဈေးကွက်သုံးသပ်ချက်နှင့် ကားဈေးနှုန်းများ


၂၀၁၈ ခုနှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်း အဆက်မပြတ်မြင့်တက်ခဲ့သည့် ကားစျေးများသည် မိုင်ကုန်သွားသည့်အတွက် အရောင်းအဝယ်နည်းသွားပြီး တက်စျေးဖြင့် စျေးကွက်ငြိမ်နေကြောင်းသိရပါသည်။

ကားအရောင်းစင်တာများနှင့် ယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ကိုင်ထားသောကားများကို စျေးလျှော့ရောင်း၍ မရသဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်ကာ အရောင်းအဝယ်ပြုလုပ်နေရကြောင်း သိရပါသည်။

ယခုရက်ပိုင်းတွင် စျေးကွက်အလွန်အေးနေပြီး ကားစျေးမှာ ထပ်တက်စရာမရှိသည့်အတွက် အချိန်အတိုင်းအတာတစ်ခုရောက်ပါက ပြန်ကျသွားမည်ဖြစ်ပါသည်။

သိန်း ၁၅၀ နှင့် ၂၀၀ ကြား ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးကားများအရောင်းအဝယ်ဖြစ်နေပြီး သိန်းသုံးရာအပေါ်ကားများမှာ အရောင်းအဝယ်အေးနေကြောင်းသိရပါသည်။

ထို့နောက် Brand New ကားများ၏ စျေးနားကပ်သွားပါက ဂျပန်ကားဟောင်းများ၏ စျေးများ ရပ်သွားမည်ဖြစ်ပါသည်။

၁၃၀၀ စီစီကားများထဲတွင် Toyota Axio၊ Honda Fit Shuttle ကားများမှာ သိန်းသုံရာကျော်သွားပြီး Honda Fit GK6 ၂၀၁၁၊ ၂၀၁၂ မိုဒယ် ရန်ကုန်လိုင်စင် နံပါတ်အသစ်ဆိုပါက သိန်း ၂၆၀ ကျော်သွားသည့်အတွက် ထိုကားများကို ဝယ်မစီးတော့ဘဲ ပြည်တွင်းထုတ်

Brand New ဖြစ်သော Suzuki Ciaz များကိုသာ ဝယ်စီးကြပါသည်။

ကားစျေးများ ဆက်တိုက်မြင့်တက်သွားသည့်အတွက် အဝယ်တော်များက ကားအသစ်များနှင့် တစ်ပတ်ရစ်ကားအဟောင်းများကို ချိန်ဆပြီးဝယ်ယူနေကြသဖြင့် စျေးနှုန်းပြောင်းလဲမှုမရှိသော Brand New ကားများမှာ ရောင်းအားမြင့်တက်လာကြောင်း သိရပါသည်။

ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်သွင်းသည့် Honda Fit Shuttle၊ Honda Fit GK3၊ Toyota Axio များမှာ ကျပ်သိန်းသုံးရာနားကပ်သွားသဖြင့် ပြည်တွင်းထုတ် Suzuki Ciaz သည် ရောင်းအားသိသိသာသာ တက်သွားခဲ့ပါသည်။

Suzuki Ciaz သည် CKD၊ SKD စနစ်ဖြင့် ထုတ်လုပ်သောကြောင့် ရန်ကုန်လိုင်စင် အမည်ပေါက် ရရှိသကဲ့သို့ ငါးနှစ်အရစ်ကျဖြင့်လည်း ဝယ်ယူနိုင်၍ ၁၃၀၀ စီစီ ဂျပန် တစ်ပတ်ရစ်ယာယီနံပါတ်များထက် ဝယ်လိုအား ပိုမိုမြင့်တက်သွားကြောင်းသိရပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ်  စျေးနှုန်း
၁ Honda Fit BGO 2012 195
၂ Toyota Kluger YGN 2005 375
၃ Honda Insight MDY 2011 245
၄ Suzuki Swift BGO 2011 185
၅ Toyota Crown YGN 2003 330
၆ Toyota Vitz ယာယီ 2012 185
၇ Toyota Vanguard MDY 2011 550
၈ Toyota Belta ယာယီ 2011 210
၉ Toyota Hilux Vigo MDY 2012 325
၁၀ Nissan Juke MDY 2011 335

 

Read 1821 times