တစ်ပတ်အတွင်းကားဈေးကွက်အခြေအနေနှင့် ကားဈေးနှုန်းများ


တက်စျေးများဖြင့် ငြိမ်သက်နေသော ကားစျေးကွက်သည် ဒီဇင်ဘာလနှင့်အတူ အေးစက်လျက်ရှိပါသည်။

ယခင်နှစ်က စက်တင်ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ကားအရောင်းအဝယ်ကောင်းလေ့ရှိသော်လည်း ယခုနှစ်တွင်မူ ကားတင်သွင်းခွင့် ပေါ်လစီ အပြောင်းအလဲကြောင့် အရောင်းအဝယ်များ ငြိမ်သက်လျက်ရှိကြောင်း သိရပါသည်။

တစ်ဦးချင်းတင်သွင်းခွင့်ပါမစ်များကို ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားပြီး လျှောက်ရမည်ဖြစ်သောကြောင့် ကားတင်သွင်းသူများက ယခုရက်ပိုင်းအတွင်း အရောင်းအဝယ်ပြုလုပ်ရေးထက် ပါမစ်လျှောက်ရေးကိုသာ အာရုံစိုက်နေကြပါသည်။

ကားအဟောင်းစလစ်စျေးကလည်း အတက်၊ အကျမရှိဘဲ ငြိမ်သက်နေသောကြောင့် စလစ်စျေးကွက်လည်း အေးစက်နေကြောင်း သိရပါသည်။

ကားအရောင်းအဝယ်များ အေးစက်နေသည့် အချိန်တွင် ငွေလှည့်လိုသူများ စျေးချရောင်းသည့် ကားများသာ အရောင်းအဝယ်ဖြစ်နေပါသည်။

ယခုရက်ပိုင်းအတွင်း စျေးအနည်းငယ် ပြန်ကျလာသော ၁၃၀၀ စီစီကားလေးများ အရောင်းအဝယ် အနည်းငယ်ဖြစ်ပြီး စလစ်ကပ်ကားများမှလည်း တက်စျေးအတိုင်းမဟုတ်ဘဲ စျေးချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါသည်။

စျေးကွက်အတွင်း တက်စျေးအတိုင်း ခေါ်ရောင်းပါက အရောင်းအဝယ်မဖြစ်ဘဲ ပုံမှန်စျေးထက် အနည်းငယ်ချရောင်းမှသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများကိုလည်း အပြင်ဝယ်လက်ထက် ဝယ်/ရောင်း အချင်းချင်းသာ ပြန်ဝယ်ကြသဖြင့် စျေးကွက်အီသွားကြောင်းသိရပါသည်။

ရန်ကုန်လိုင်စင်နှင့် နယ်လိုင်စင်ကြား စျေးကွာဟချက် တဖြည်းဖြည်းကြီးမားလာ၍ နယ်အဝယ်များက ယခင်လို ရန်ကုန်လိုင်စင်ကား ရှာမဝယ်တော့ဘဲ နယ်လိုင်စင်ကားများသာ ဝယ်ယူလာကြပါသည်။

အချို့သော အဝယ်တော်များကလည်း စျေးပြန်ကျမည်အထင်ဖြင့် နှစ်အကူးအပြောင်းကာလကို စောင့်ကြည့်နေကြပါသည်။

ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ရောင်းချမှုများမှာ ယခင်ထက် အားကောင်းလာ၍ ကားအရောင်းစင်တာများမှာ လက်ငင်းအပြင် အရစ်ကျစနစ်ဖြင့်ပါ ရောင်းချလာကြကြောင်းသိရပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ စလစ်စျေးများ အပြောင်းအလဲမရှိ ငြိမ်သက်လျက်ရှိရာ သက်တမ်း အနှစ် နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၃၅ သိန်းဝန်းကျင်၊ တိုက်ကြေနှင့် တက္ကစီစလစ်သည် ကျပ် ၁၂၅ သိန်းဝန်းကျင် ပေါက်စျေးရှိနေကြောင်း

သိရပါသည်။

ယခုလအတွင်း ၁၉၉၈ မိုဒယ်နှင့် အောက် ဘတ်စ်များ အပ်နှံခွင့်ပေးခဲ့၍ သက်တမ်းအနှစ်နှစ်ဆယ်စလစ်သည် သိန်း ၁၃၀နှင့် ၁၃၅ ကြားတွင် စျေးကစားနေပါသည်။

တစ်ဦးချင်း ကားတင်သွင်းခွင့် ပါမစ်လျှောက်ထားခြင်းကို ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား ခွင့်ပြုပေးမည်ဖြစ်ရာ ယင်းရက်မတိုင်မီအထိ စလစ်လိုအပ်ချက်ရှိနေဦးမည်ဖြစ်၍ ပါမစ်လျှောက်ခွင့် ပိတ်လိုက်ပါက စလစ်စျေးများ ပြန်လည်ကျဆင်းသွားဖွယ်ရှိကြောင်း

ကားတင်သွင်းသူများက ခန့်မှန်းထားကြပါသည်။

ကားစျေးနှုန်းများ

စဉ် ကားအမျိုးအစား နံပါတ် မိုဒယ် စျေးနှုန်း
၁ Honda Fit ယာယီ 2012 247
၂ Honda Insight MDY 2010 225
၃ Toyota Vanguard ယာယီ 2011 600
၄ Toyota Vitz ယာယီ 2012 205
၅ Toyota Kluger YGN 2005 385
၆ Suzuki Swift ယာယီ 2011 185
၇ Nissan Juke MDY 2011 335
၈ Toyota Wish YGN 2004 320
၉ Toyota Hilux Vigo MDY 2012 320
၁၀ Mazda Demio ယာယီ 2011 195

 

Read 1729 times