VW ရဲ့ တစ်ကျော့ပြန် မိုက်ခရိုဘတ်စ် ပေါင်မုန့်ကား


VW ရဲ့ တစ်ကျော့ပြန် မိုက်ခရိုဘတ်စ် ပေါင်မုန့်ကား

တစ်ချိန်တစ်ခါက လူကြိုက်များခဲ့တဲ့ မိုက်ခရိုဘတ်စ် မော်ဒယ် T1 ကို လျှပ်စစ်ကားအဖြစ် ပြန်လည်ဆန်းသစ်ထားတဲ့ ID.Buzz ကို Volkswagen က လူမှုကွန်ရက်မှာ Instagram မှ ထုတ်ဖော်ပြသပါတယ်။
မော်ဒယ်မှ ID က ဉာဏ်ပါသော ဒီဇိုင်း intelligent design ကို ဆိုလိုပါတယ်။ အပြည့်အစုံက intelligent design, identity and visionary technologies ဉာဏ်ပါသောဒီဇိုင်း၊ ပင်ကိုဝိသေသလက္ခဏာနှင့်  အမြော်အမြင်ရှိသော နည်းပညာများကို ဆိုလိုပါတယ်။

ထုတ်လုပ်ရန်အသင့် အနေအထားမှာ ရောက်ရှိနေတဲ့ ကားပုံကို Volkswagen က တင်ပြထားပါတယ်။
 


 မိုက်ခရိုဘတ်စ် မော်ဒယ် T1 ကို ပေါင်မုန့်နဲ့ ဆင်ဆင်တူလို့ မြန်မာပြည်မှာ ပေါင်မုန့်ကားလို့ အမည်တွင်ခဲ့ပါတယ်။

ID.Buzz ကို မူလ T1 ရဲ့ ဒီဇိုင်းဗီဇ DNA ကိုယူပြီး လျှပ်စစ်ကားခေတ်နှင့်အညီ ဒီဇိုင်းထုတ်ထားတယ်လို့ Volkswagen က ဆိုပါတယ်။

ID.Buzz ကို  ထုတ်လုပ်ဖို့ Volkswagen Group ရဲ့ MEB ပလက်ဖောင်းကို အသုံးပြုထားပါတယ်။
MEB က ဂျာမန်ဘာသာစကား အခေါ်အဝေါ် Modularer E-Antriebs-Baukasten ရဲ့ အတိုကောက် ဖြစ်ပါတယ်။ အင်္ဂလိပ်လို modular electric-drive toolkit လို့ ဘာသာပြန်ပါတယ်။ ဘီးတွေကို အင်ဂျင်အစား မော်တာနဲ့ လှည့်တဲ့ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့ ပလက်ဖောင်း ဖြစ်ပါတယ်။ 


T1 မှာ မြင်လိုက်တာနဲ့တန်းသိစေတဲ့ မျက်နှာပေါက် ဒီဇိုင်းထုတ်ထားတယ်။ V ပုံကို ပြေပြေပျော့ပျော့ ကောက်ကြောင်းဖော်ထားတဲ့ ဖောင်းကြွလိုင်းပါတယ်။ Volkswagen ရဲ့ အစအက္ခရာ V ကို သရုပ်ဖော်ပေးထားတာ ဖြစ်ပါတယ်။ V ကို ပိုမိုပေါ်လွင်စေဖို့ ကားကိုယ်ထည်အရောင်ကို နှစ်ရောင်စပ် လုပ်ပေးထားတယ်။ 
ရှေ့လေကာမှန်ကို ရှေးပုံစံ အလယ်မှာ ပိုင်းခြားပြီး ၂ ခြမ်းလုပ်ထားတယ်။ 

ID.Buzz ကို မြင်ရင် T1 ကို ပြန်အမှတ်ရမိစေတယ်။ မတူတော့တာကိုလည်း သတိမူမိစေတယ်။ V ကောက်ကြောင်းက U နဲ့ ပိုတူနေတယ်။
Volkswagen ရဲ့ အစဉ်အလာက အင်ဂျင်ကို နောက်ဘက်မှာ ထားတော့ T1 မှာလည်း အင်ဂျင်က နောက်ဘက်မှာ ထားပါတယ်။ နောက်ဘီးယက် ဖြစ်ပါတယ်။ ID.Buzz ကလည်း နောက်ဘီးယက် ဖြစ်ပါတယ်။ 

ရှေ့ဘီးယက်မဟုတ်တဲ့အတွက် ကွေ့လို့ကောင်းတယ်။ ရှေ့ဘီးနောက်ဘီးကြားအကွာအဝေး wheelbase က 2988mm ရှိပေမဲ့ ကွေ့တဲ့ စက်ဝိုင်းက 11.1m ပဲ ရှိတယ်လို့ ဆိုပါတယ်။ 
ကားအလျားက 4712 mm ရှိပြီး အမြင့်က 1,938 mm နှင့် အကျယ် 1985 mm ရှိပါတယ်။ ပစ္စည်းတင်ဖို့ နေရာက ထုထည် 1121 litres ရှိကါတယ်။ တကယ်လို့ နောက်ခုံချိုးထားရင် 2205 litres အထိ ရနိုင်ပါတယ်။

ပစ္စည်းတင်ဖို့နေရာ ထပ်လိုချင်သေးတယ် ဆိုရင် လုပ်ငန်းသုံးမော်ဒယ် ID.Buzz Cargo ရှိပါတယ်။ 3900-litres အထိ ရနိုင်ပါတယ်။ ရှေ့ခုံတွေ နောက်ဘက်မှာ နံရံ ကာပေးထားပါတယ်။

ကြမ်းပြင်အောက် ဝမ်းဗိုက်မှာ 77kWh ဘက်ထရီ တပ်ပေးထားတယ်။ AC နဲ့အားသွင်းရင် 11kW အထိ ရနိုင်ပြီး DC နဲ့ အားသွင်းရင် 170kW အထိ ရနိုင်ပါတယ်။


 ID.Buzz နှင့်  ID.Buzz Cargo တို့ကို ဥရောပ နိုင်ငံအချို့မှာ ၂၀၂၂ တတိယ ၃လပတ်မှာ စတင်ရောင်းချဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။ 

Read 9989 times