အင်ဂျင်ဝိုင်ကောင်းကောင်းကြိုက်တဲ့အင်ဂျင်ကိုခေါ်ပါတယ်။ စက်စွမ်းအားအပြည့်အဝရဖို့နဲ့ ဆီစားသက်သာဖို့အတွက် အင်ဂျင်ဟက်မှာတတ်ထားတဲ့ ဗါးများကို အသိဉာဏ် စနစ်တခုနဲ့ တိုင်မင်မှန်အောင်ထိန်းချုပ်ခိုင်းပေးထားတဲ့ အင်ဂျင်စနစ်ပါ။ သာမန်လူများ နားလည်အောင်ပဲ အဓိကအကြောင်းအရာများကိုပဲ နဲနဲနဲ့ကျဲကျဲရေးပေးလိုက်ပါတယ်။
ကနဦးပေါ်ခါစ 1991 လောက်မှာ Variable Valve Timing tuning Intelligent လို့ခေါ်ခဲ့ပါသေးတယ်။ Toyota-4-A GE - 5 cylinders အင်ဂျင်မှာစခဲ့ပါတယ်။ နောက်ပိုင်းအခေါ်ကတော့ Variable Valve Timing with Inelligence ဆိုပြီး အတည်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။ အသိဉာဏ်ဆိုတဲ့ အာရုံခံစနစ်ကို အင်ဂျင်ဝိုင်ဖိအားကိုယူအတည်ပြု လုပ်ဆောင်ပေးပါတယ်။
ဆင်ဆာဆိုတဲ့ အာရုံခံအင်္ဂါများ ဆလိုနွိုက်ဆိုတာများနဲ့အထောက်အကူပေးပါတယ်။ ထိရောက်မှုရှိအောင် တိုင်မင်ဘတ်ကြိုးခေါ်တဲ့ သားရေပတ်ကြိုးအစား သံကွင်းဆက်ကြိုးခေါ်တဲ့ ချိန်းကြိုးများကို ပန်သုံးလာပါတယ်။ ဒီတော့ အင်ဂျင်ဝိုင် ရဲ့ စွမ်းဆောင်မှုအခန်းက အဓိကဖြစ်လာပါပြီ။ အင်ဂျင်ဝိုင် ကို သတ်မှတ်တဲ့ အမျိုးအစား ကောင်းကောင်းသုံးပေးရပါတယ်။ သတ်မှတ်တဲ့ စွမ်းအား အာနိသင်လျော့ကျမယ့်အချိန်မှာ မလဲမဖြစ်လဲပေးရပါမယ်။
ခုတင်ပေးထားတဲ့ လုပ်ဆောင်ချက်ပုံလေးများကို ကြည့်လျင် လွယ်လွယ်သဘောပေါက်မယ်လို့ ထင်ပါတယ်။ ခုမြန်မာပြည်မှာ အသုံးများတဲ့ 1350cc အောက် တိုယိုတာကားလေးများဖြစ်ကြတဲ့ ဂျပန်နိုင်ငံပြည်တွင်းသုံး ဘယ်လ်တာ-ဗစ်ဇ် ပြည်ပကိုပို့တဲ့အခါ ဗီအို့စ်- ရာရစ် ဆိုတဲ့ကားများမှာ-အဓိကသုံးထားပါတယ်။ သူတို့ကို ဒီစနစ်နဲ့ပြောင်းသုံးလိုက်တဲ့အခါ အကျိုးအမြတ်များက သိသိသာသာရခဲ့လို့ ကမ္ဘာမှာအချိန်တော်တော်ကြာနေရာရနေပါတယ်။
မြန်မာပြည်မှာလည်း ဒီအတိုင်းပါပဲ လက်တွေ့သိမြင်နေရပါတယ်။ ဒီအင်ဂျင် စနစ်ရဲ့လက်တွေ့အကျိုးအမြတ်ကတော့ အတိအကျသိရအောင် ဒီလို-ဒီလို-ဆိုပြီး--ဘိုလိုပဲရေးပေးလိုက်ပါတယ်။ ???
[ Primary benefits of the system include:]
-Easier starting
-Quicker, smoother acceleration
-Better fuel economy
-Lower emissions ဆိုတဲ့အထဲမှာ အဓိက ကတော့ ဆီစားသက်သာပြီး ကာဗွန်ထုတ်လုပ်မှုနည်းနိုင်သလောက်နည်းအောင်လုပ်ပေးနိုင်တာပါပဲ။ တစ်ခုပြောချင်တာက Oil Pressure ဆိုတဲ့ ဆီဖိအားကိုအာရုံခံတာပါလာတဲ့အတွက် အင်ဂျင်ဝိုင်ဟာ သိပ်ပျစ်ပျစ်ကိုမသုံးမိအောင်ပါပဲသတိထားပေးပါ။
ဂျပန်ကားများက-စက်ရုံကထုတ်ထုတ်ခြင်းဆို အပွန်းအစားတွေ ရှိသင့်သလောက်ရှိသေးလို့ 5W-30 သုံးခိုင်းပါတယ်။ စသုံးပြီး ကီလို-၁၀၀၀ လောက်မှာ အမြန်ဖေါက်ချလဲပေးရပါတယ်။ နောက် ကီလို-၂၀၀၀ လောက်သုံး ပြီးအမြန်လဲ။ နောက်အသားကျလောက်ပြီဆိုမှ ကီလို-၅၀၀၀ မှာ မှန်မှန်လဲပေးပါတဲ့။ ဒီလိုနဲ့သုံးလာပြီး ကီလို-၁ သိန်းဆိုတာ သူတို့ဆီမှာတော့ ကားသက်တမ်းတစ်ခုကုန်ပြီလို့သတ်မှတ်ပါတယ်။ အတွင်းကလီစာ ဟိုဟာ ဒီဟာ တွေပြန်လဲပေးပါတယ်။
ဒီတော့ လူကို ဇရာနဲ့တိုင်းသလိုပေါ့။ မောင်ဘယ်လ်တာကနေ ကိုဘယ်လ်တာသက်တမ်းရောက်တော့ အင်ဂျင်ဝိုင်ကို 5W-30 အစား 10W-30 လောက်ပဲ အဆင့်မြင့်ပေးလိုက်ပါတယ်။ ဆီလမ်းကြောင်းအပေါက်တွေ အာရုံခံအင်္ဂါတွေကတော့ အင်ဂျင်မှာပါတဲ့အတိုင်းမပြောင်းမလဲရှိတာကို ဆီ ပွတ်မှုအားနဲ့အပူဒဏ် ကောင်းကောင်းချေဖျက်နိုင်တဲ့ ဆီခပ်သွက်သွက်ပဲ သုံးခိုင်းတဲ့သဘောပါ။
ဆီ အပျစ်အကျဲဆိုတာ ဖိအားနဲ့တိုက်ရိုက်အချိုးကျလို့ပါ။ စောစောက အပေါ်မှာဖေါ်ပြခဲ့တဲ့ ဆီဖိအားကိုအမီပြုပြီးဆင်ဆာများနဲ့တည်ဆောက်ထားတဲ့ ဗါးတိုင်မင် စနစ်များကို အမြဲသတိရပါ။ဒါကိုလေ့လာမထားကြပဲ ရှေးရိုးအစဉ်လာအတိုင်း ခေါင်းမာမာနဲ့ ပိုင်ရှင်ရော စက်ဆရာလက်ဟောင်းများပါ အင်ဂျင်ဝိုင်ကိုထည့်ချင်သလိုထည့်နေကြရင် အင်ဂျင်က မူမှန်စွမ်းအားအပြည့်အဝမရ သက်တမ်းလည်းတိုမှန်းမသိတိုကြမှာအမှန်ပါ။
ရန်ကုန်မှာအဓိက မောင်းနေကြတဲ့ ကားများသတိထားရမှာက အင်ဂျင်ဝိုင်လဲတာမှာ ကီလို ၅ ထောင်မှာတစ်ခါလဲ ဆိုပေမယ့် ခု ရန်ကုန်မှာ လမ်းအခြေအနေ ကားအခြေအနေများ ကြပ်သပ်ကုန်လို့အခြေအနေပျက်ယွင်းနေတဲ့တစ်ခုကိုလည်းသဘောပေါက်ရပါမယ်။ လမ်းကြပ်တဲ့အခြေအနေမှာ ခဏ ခဏ မောင်းနေရတဲ့ကားများမှာ ဖြေးဖြေးလေးပဲသွားနေရပေမယ့် အဲကွန်းကလည်းဖွင့်ရ ရှေ့ကတိုးဝင်လာမယ့် လေတိုက်နှုန်းလည်းမရလို့ အပူဆပိုများပါတယ်။ အင်ဂျင်လည်းပိုလည်ပေးရပါတယ်။ ဆီလည်းပိုစားပါတယ်။
ဒါပေမယ့် ကီလိုမီတာ နဲနဲလေးပဲခရီးရောက်တာပါ ဒီလိုကားမျိုး ကီလိုမီတာ-၅၀၀၀ ပြည့်မှအင်ဂျင်ဝိုင်လဲမယ်ဆိုရင် သဘာဝကျပါ့မလား။ ပုံမှန် မြို့ပြင်မှာသွားလာနေကြ ကားများက ကီလိုမီတာ-၅၀၀၀ လောက်သွားမှ ကုန်သွားတဲ့ ဓါတ်ဆီနဲ့အတူတူဆိုတော့ ။ ODO မီတာဒိုင်ခွက်ကိုကြည့်လိုက်တော့လည်း ကီလို-၃၀၀၀ လောက်ပဲပြနေမှာပါ။ ဒါကို အမှတ်မှားပြီး ကီလိုမီတာ၅၀၀၀ ပြည့်မှလဲမယ်ဆိုရင် နောက်ကျနေပါပြီ။ ကီလိုမီတာကိုအဓိက ကြည့်လဲရမှာကတော့ ကားတာယာများပါပဲ။ တစ်ကယ့်ကိုကီလိုမီတာအတိအကျသွားတာကိုသိရတာ တာယာတပ်ထားတဲ့ ဘီးများလည်လို့ပါ။
အင်ဂျင်ကတော့ စက်လည်ပတ်ချိန် နာရီနဲ့သာတိုက်ရိုက်ပတ်သက်ပါတယ်။ ဟဲဗီးဂျူတီ လုပ်ဆောင်ပေးနေတဲ့ ဂျင်နရေတာဆိုတဲ့ မီးစက်ကြီးများ မရင်းအင်ဂျင်ဆိုတဲ့ သဘောၤအင်ဂျင်များမှာဆိုရင် အင်ဂျင်မှာ လုပ်ဆောင်ချိန်နာရီလေးများတပ်ထားပေးရပါတယ်။ သဘောၤရေဆန်မောင်းနေရင် ခရီးကတစ်ဝက်တောင်မရောက်ပေမယ့် ဝန် ၂-ဆ ရုန်းရပါတယ်။ ထိုနည်းတူ တည်ငြိမ်စွာရပ်နေရတဲ့ မီးစက်ကြီးများ ရှေ့ကဖြတ်ဝင်တိုးလာတဲ့ လေတိုက်မှုကိုလည်းမခံရတော့ ကိုယ့်အပူဆ ကိုယ်ရှုပြီး အလုပ်လုပ်ပေးရတာလည်း ဝန်-၂-ဆလောက်ပိုပါတယ်။
ခု ရန်ကုန်က အနှေးမောင်းနေရတဲ့ကားများ မီးစက်ကြီးများဖြစ်နေကြပါပြီ။ ကိုယ့်အပူဆ ကိုယ်ရှု ရှေ့ကားရဲ့ အဆိပ်ငွေ့ကိုလည်း ရှုရ ဘေးကအပူဆများစွာနဲ့အပူဖလှယ်ရ။ ဘယ်မှာလဲ အပူရှုံး = အပူမြတ် သီအိုရီ လူတောင် လေကောင်းလေသန့်လေးများကိုများများရှုမှ ကျန်းမာနိုင်သလို လေကောင်းလေသန့်မရှုရရင် မကျန်းမာနိုင် ၊ သွေးသားမသန်နိုင်လို့ အမောမခံနိုင်ပါဘူး။ ကားများလည်း ဒီအတိုင်း ပါပဲ။ လေကောင်းလေသန့်လေးများကိုအင်ဂျင်က ရှုရှိုက်ခါ မီးလောင်ပေါက်ကွဲရပါတယ်။ ခုတော့ အင်ဂျင်မှာပါတဲ့ အဲဖေလတာ လေစစ်ဆိုတာ ဖုန်တို့ သဲတို့လောက်သာစစ်နိုင်တာပါ။ အဆိပ်ငွေ့ကိုမသန့်စင်ပေးနိုင်ပါဘူး။
ခုရန်ကုန်ကမောင်းနေတဲ့ ကားများဟာ လေးဘက် လေးလန်မှာ လေမသန့်တဲ့ ဒဏ်ကိုအလူးအလဲခံနေရပါတယ်။ အဓိကကတော့ လိုင်းကား ဒီဇယ်ကားကြီးများရဲ့ ကာဗွန်အဆိပ်ငွေ့များ အပူလှိုင်းများပါပဲ။ ဒါကို ရှုရှိုက်ခါ အလုပ်လုပ်ပေးရတဲ့ အင်ဂျင်များရဲ့ သွေးသားတဖြစ်လဲ အင်ဂျင်ဝိုင်ဆိုတာ ကြာကြာသန့်နိုင်ပါတော့မလား။ သွေးသားမသန့်တဲ့ အင်ဂျင် ရှေရှည်မှာကျန်းမာရေးကောင်းနိုင်ပါ့မလား။ ကျောပူ ခေါင်းပူ ဆိုတဲ့ အာဂန္တု ရောဂါများဖြစ်လာကြတာ သဘာဝကျပါတယ်။
ဒီလို-ဒီလို စဉ်းစားမိတဲ့အချိန်ကစပြီး ကျွန်တော်လုပ်တဲ့အင်ဂျင်ဝိုင်လဲတဲ့ပေါ်လစီကိုပြောပြရမလား။ ကားကို ထည့်သုံးတဲ့ ဓါတ်ဆီ ဂါလံနဲ့ပဲတွက်ပါတယ်။ ပျမ်းမျှ ဓါတ်ဆီ ၁-ဂါလံကို ကီလို-၅၀ ရတယ်ထားတွက်ပါတယ်။ အတိအကျမှန်စရာမလိုပါဘူး။ ဆီဆိုင်များကလည်း ခိုး ထားတာကိုလည်းတွက်ထားလို့ပါ။
ဆီဂါလံ ၁၀၀ ကုန်အောင်မောင်းပြီးတဲ့အချိန်မှာ ကီလိုမီတာကိုအဓိကမကြည့်ပါဘူး။ ကီလိုမီတာ-၅၀၀၀ အနည်းဆုံးမောင်းပြီးပြီလို့သဘောထားလိုက်ပါတယ်။ သတ်မှတ်တဲ့ အင်ဂျင်ဝိုင် အဆင့်ကိုမဖြစ်မနေလဲလိုက်ပါတယ်။ ဓါတ်ဆီဂါလံ ၁၀၀ ဆိုတာ ၂ပီပါပါ။ ဒီဓါတ်ဆီအားလုံးကို ကုန်အောင်မီးရှိုပေးလိုက်တဲ့ အင်ဂျင်အပူဆများကိုကြံ့ကြံ့ခံထားရတဲ့ အင်ဂျင်ဝိုင်ရဲ့ဂုဏ်သတ္တိများကို ချီးကျူးစရာရောမကောင်းပေဘူးလား။ ဒီတော့လေးစားမှုအနေနဲ့အသစ်နဲ့လဲ-ဂုဏ်ပြုလိုက်ပါတော့။
အင်ဂျင်ဝိုင်ကို ကီလိုမီတာနဲ့တွက်လဲခိုင်းတာ အပြည့်အဝမမှန်ပါဘူး နှေးနဲ့အချိန်ကြာကြာမောင်းရတဲ့ကားများဟာ ပိုလိုဝန်ထမ်းပေးရပါတယ်။ မသက်သာပါဘူး အင်ဂျင်ရော ဂီယာရောနာပါတယ်။ကီလိုမီတာ ၅၀၀၀ မရှိသေးပေမယ့် ကီလိုမီတာ ၅၀၀၀ လောက်သွားတာနဲ့ညီမျှနေပါပြီ။ ခုဆိုရင် လုပ်ငန်းခွင်တကယ်ဝင်နေကြတဲ့ ပရိုဘောက် ၊ ဘယ်လ်တာ ၊ ဗစ်ဇ်ဆိုတဲ့ တက်စီကားများ အင်ဂျင်ကို ဟိုဖွင့်-ဒီဖွင့် နေကြတာကိုတွေ့နေရတာများလို့ ဒီအကြောင်းကို သတိတရရေးလိုက်တာပါ။
နေရာတကာမှာ အပိုစနစ်တခုပါလာတာနဲ့အမျှ ကောင်းကျိုး-ဆိုးကျိုးဆိုတာ ဒွန်တွဲနေကြပါ။ ဒီစနစ်က လိုအပ်ချက်အတွက်တောင်းဆိုတဲ့ အင်ဂျင်ဝိုင်လို အရာများကိုလည်းထည့်ပေးကြရမှာကို နမျောလို့မရနိုင်ပါ။ ဂျပန်ကားများ ဒီမှာ သုံးတဲ့ အောက်တိန်းရော အင်ဂျင်ဝိုင်များရောအဆင့်မမီလို့ ကီလိုနဲနဲလေးသာမောင်းရသေးပေမယ့် ၊ အင်ဂျင် ဟက်ဆိုတဲ့ ခေါင်းပိုင်းက မူမမှန်တဲ့အသံလေးများ ဟိုမြည်-ဒီမြည်ကြားနေရ တစ်ချို့ဆို-အင်ဂျင်အပေါ်ပိုင်းတောင်ဖွင့်လိုက်ရတာကိုတွေ့နေရလို့ပါ။
အင်ဂျင်ဝိုင်ရဲ့သဘောတရားက အင်ဂျင်ကောင်းနေရင် သိသာစွာမလျော့ကျပါ။ ဒါပေမယ့် အင်ဂျင်ဆိုတာ အတွင်းမှာ မီးလောင်နေတာပါ။ ဒီတော့ အင်ဂျင်ဝိုင်ရဲ့ ချောမွတ် စေးပျစ်အားဆိုတဲ့ ပရောပါတီ ကွာလတီ ပါဖေါင်းမင့်ဆိုတဲ့ အရည်အချင်းများက ကီလိုများလာတာနဲ့အမျှ (သို့မဟုတ်) စက်လည်ပတ်ချိန်များလာတာနဲ့အမျှ လျော့ကျလာပါတယ် ဆိုတာကို သတိပြုရပါမယ်။ နောက်ဆုံးပြောချင်တာက အသိဉာဏ်ဆိုတာ စက်မှာပါလာတဲ့ အင်တာလေးဂျင့်က အဓိက မဟုတ် စက်ကိုပိုင်တဲ့ လူသားရဲ့ အင်တာလေးဂျင့် အသိဉာဏ်ဆိုတာသာအရေးကြီးဆုံးဆိုတာကို သိထားကြဘို့။
Source: Y.M.T(Facebook.com)