ကားစီးလျှင် မူးဝေတက်သူများအတွက် သိထားသင့်သည့်အချက်များ


ကားမူးသော အကြောင်းရင်းက မျက်လုံးနှင့် အတွင်းနားတို့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်ပါသည်။

အတွင်းနားက ခန္ဓာကိုယ်ကရွေ့လျားနေသည်ဟု ဦးနှောက်ကို သတင်းပို့ပေးပါသည်။

ကားစီးသည့်အခါ မူးဝေအော့အန်တတ်သောသူများက ကားမူးခြင်းကို သက်သာစေမည့် နည်းလမ်းများနှင့် ကားမူးခြင်းမဖြစ်အောင် ကာကွယ်ရမည့်နည်းလမ်းတွေကို သိထားသင့်ပါသည်။

လတ်ဆတ်သောလေကို ရှူလိုက်ပါ။

လတ်ဆတ်သောလေက ကားမူးခြင်းကို သက်သာစေသောကြောင့် ကားပြတင်းပေါက်ကို ဖွင့်လိုက်ရုံနှင့်မရပါက ကားပေါ်က ခဏဆင်းပြီး လတ်ဆတ်သောလေကို ရှူသွင်းလိုက်ပါ။

မြင်ကွင်းကို ပိတ်ထားပါ။

တခါတလေတွင် ကားအပြင်က ရွေ့လျားမှုကြောင့် ကားမူးခြင်း ဖြစ်တတ်ပါသည်။

ထို့ကြောင့် ကားသွားနေချိန်တွင် မျက်စိကို မှိတ်ထားခြင်း၊ နေကာမျက်မှန်တပ်ထားခြင်း၊ အိပ်သည့်အခါသုံးသော မျက်နှာဖုံးကို တပ်ထားခြင်းက ပြင်ပမြင်ကွင်းများကို မမြင်ရသည့်အတွက် ကားမူးသက်သာစေပါသည်။

ဂျင်းပါသောအစာတစ်ခုခု စားလိုက်ပါ။

ဂျင်းကို ဝါးစားလိုက်ခြင်း၊ ဂျင်းပါသော ဖျော်ရည်၊ ကွတ်ကီး တစ်ခုခုကို စားပေးပါက ကားမူးခြင်း သက်သာနိုင်ပါသည်။

ကိုယ်က ကားမူးတတ်သော သူတစ်ဦးဆိုလျှင် ကားမစီးခင်ကတည်းက ဂျင်းပါသော စားစရာတစ်ခုခုကို အသင့်ဆောင်ထားသင့်ပါသည်။

အစိုဓာတ်မပါသော မုန့်ခြောက်၊ ဘီစကစ်များကဲ့သို့ ခြောက်သော အရာတစ်ခုခုစားပါ။

ခြောက်သွေ့သော စားစရာက အစာအိမ်ထဲက ထွက်လာသော ပိုနေသည့် အက်ဆစ်များကို စုပ်ယူပေးနိုင်သောကြောင့် ဖြစ်ပါသည်။

လက်ကောက်ဝတ်ကို ဖိထားပေးပါ။

လက်ကောက်ဝတ်က သွေးခုန်သောနေရာကို ၁၀ စက္ကန့်လောက်ဖိထားပေးမည်ဆိုလျှင် ကားမူးခြင်းကို သက်သာစေတတ်ပါသည်။

သွေးခုန်သောနေရာတွင် စာရွက်/ဂွမ်းလုံးလေး တစ်ခုခုကို ခံပြီး လက်ကောက်ဝတ်ကို ပတ်သော လက်ပတ်တစ်ခုနှင့် စည်းထားလိုက်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပါသည်။

ကားမူးတတ်သူများအနေဖြင့် ကားမစီးခင်ကတည်းက မူးဝေအော့အန်ခြင်းမဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလေးများ လည်းရှိပါတယ်။

ကားစီးခါနီးတွင် ဗိုက်ကို ပြည့်အင့်အောင် မစားထားသင့်သလို ဘာမှမစားထားဘဲလည်း မနေသင့်ပေ။

ထို့နောက် အရမ်းစပ်သော အစာနှင့် အရမ်းအဆီများသော အစာများကို ရှောင်ထား ရပါမည်။

လှုပ်ရှားမှုအနည်းဆုံးနေရာမှာထိုင်ပါ။

ရွေ့လျားမှုနှင့် အမြင် မညီညွတ်ခြင်းက ကားမူးခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သည့်အတွက် ကားမူးတတ်သူတွေအနေဖြင့် ရွေ့လျားမှုအနည်းဆုံးဖြစ်သော ကားရှေ့ခန်းတွင် ထိုင်ခြင်းက အကောင်းဆုံးပဲ ဖြစ်ပါသည်။

ကားပေါ်တွင် မျက်စိသုံးပြီး အာရုံစိုက်ရမည့် အလုပ်မျိုုး မလုပ်ပါနှင့်။

ကားကရွေ့လျားနေသည့်အတွက် စာဖတ်ခြင်း၊ ဖုန်းသုံးခြင်းများက အာရုံစိုက်ရန် ခက်ခဲစေပြီး မူးဝေစေခြင်း ဖြစ်ပါသည်။

 

Read 1101 times