ကမ္ဘာတစ်လွှား ပြေးဆွဲနေတဲ့ သင်္ဘော ၁၁ စီးဟာ Volkswagen အတွက် သီးသန့်သုံးစွဲလျက် ရှိပြီး အခြားသင်္ဘောတွေနဲ့လည်း တင်ပို့မှုတွေ ရှိပါတယ်။ တစ်နှစ်လျှင် ကားအသစ်စီးရေ ၂.၈ သန်းကို ရေကြောင်းခရီးဖြင့် ပို့ဆောင်ပေးလျက် ရှိပါတယ်။
ကားတွေကို ဓာတ်ဆီ၊ ဒီဇယ်ဆီဖြင့် မောင်းနှင်ခြင်းအစား ဘက်ထရီဖြင့် မောင်းနှင်တဲ့ လျှပ်စစ်ကားတွေအဖြစ်သို့ ပြောင်းလဲရောက်ရှိအောင် စီမံချက်တွေ အစီအစဉ်တွေ ရေးဆွဲပြဌာန်းပြီး ပြောင်းလဲနေချိန်မှာ ပင်လယ်သမုဒ္ဒရာထဲ ခုတ်မောင်းနေတဲ့ သင်္ဘောတွေကိုလည်း ပတ်ဝန်းကျင်ညစ်ညမ်းမှု ပိုနည်းပါးတဲ့ LNG ဖြင့် ခုတ်မောင်းနိုင်ဖို့ စတင် ပြောင်းလဲနေကြပြီ။ ကားထုတ်လုပ်တဲ့ လုပ်ငန်းကြီးတွေဟာ ပင်လယ်ရေကြောင်းဖြင့် တင်ပို့တာအတွက် သုံးစွဲရတဲ့ ကားတင်သင်္ဘောတွေကို LNG ဖြင့် ခုတ်မောင်းနဲ့ သင်္ဘောတွေ ပြောင်းလဲသုံးစွဲဖို့ ခြေလှမ်းတွေ စလှမ်းလာကြခြင်းဖြင့် LNG သင်္ဘောများအဖြစ်သို့ ပြောင်းလဲမှုဖြစ်စဉ်မှ ပူးပေါင်းပါဝင်ကြတယ်။
ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ LNG – liquefied natural gas သုံး ကားတင်သင်္ဘောကို ဉီးဉီးဖျားဖျားအဖြစ် Volkswagen က ဗွေဆော်ဦး အသုံးပြုပါတယ်။ ၂၀၂၀ ခုနှစ်မှာ LNG car carrier နှစ်စီးကို စတင်အသုံးပြုခဲ့တဲ့ Volkswagen Group Logistics က နောက်ထပ် LNG car carrier အသစ်လေးစီး မှာကြားထားပါတယ်။ အသစ်လေးစီးကို ၂၀၂၃ ခုနှစ်အကုန်ပိုင်းမှာ စတင်ပြေးဆွဲနိုင်မယ်လို့ မျှော်မှန်းထားတယ်။ ဂျာမနီနိုင်ငံ အမ်ဒမ် Emden နဲ့ မက္ကဆီကိုနိုင်ငံ ဗဲရာခရုစ် Veracruz အကြား ပြေးဆွဲမှာ ဖြစ်ပါတယ်။ မက္ကဆီနိုင်ငံမှ ဥရောပသို့ အပြန်ခရီးမှာ မက္ကဆီကိုနိုင်ငံရှိ Volkswagen စက်ရုံများမှ ထုတ်လုပ်တဲ့ ကားတွေကို သယ်ဆောင်လာပြီး ဥရောပဈေးကွက်ထဲသို့ ပို့ပေးမှာ ဖြစ်ပါတယ်။
Volkswagen အနေဖြင့် အခုလို အတ္တလန်တိတ်သမုဒ္ဒရာ ခရီးစဉ်တွေအတွက် ကားတင်သင်္ဘော ကိုးစီးကို သုံးစွဲထားပြီး မကြာခင်မှာ စုစုပေါင်း ၆ စီးက LNG ဖြင့် ခုတ်မောင်းတဲ့ သင်္ဘောတွေ ဖြစ်သွားတော့မှာ ဖြစ်ပါတယ်။
LNG ကားတင်သင်္ဘောအသစ်လေးစီးကို နောက်ဆုံးပေါ် နည်းပညာများ တပ်ဆင်အသုံးပြုမှာ ဖြစ်ပြီး တရုတ်နိုင်ငံမှာ တည်ဆောက်နေပါတယ်။ တစ်စီးလျှင် 7,000 CEU (car equivalent units) ဝင်ဆန့်ပါတယ်။ Volkswagen မှ လက်ရှိထုတ်လုပ်လျက် ရှိတဲ့ ကားအမျိုးမျိုးတို့ရဲ့ အရွယ်အစားများအရ စီးရေ ၄,၄၀၀ မှ ၄,၇၀၀ အထိ တင်ဆောင်နိုင်ပါမယ်။ သင်္ဘောအင်ဂျင်ပါဝါက 13,300 kW ရှိပါတယ်။ အမြန်နှုန်းက တစ်နာရီလျှင် ရေမိုင် ၁၆ မိုင် (၃၀ ကီလိုမီတာ)အထိ ရှိပါတယ်။
လက်ရှိသုံးစွဲနေပြီဖြစ်တဲ့ LNG ကားတင်သင်္ဘောနှစ်စီးနဲ့ အသစ်လေးစီးတို့အကြား ကွာခြားချက်က အသစ်လေးစီးကို လျှပ်စစ်ဓာတ်အားဖြင့်လည်း ခုတ်မောင်းနိုင်အောင် ဘက်ထရီဆဲလ်တွေ ထားရှိပေးထားပါတယ်။ ဆိပ်ကမ်းကပ်ထားချိန်မှာ ကုန်းပေါ်မှ ဓာတ်အားရယူပြီး ဘက်ထရီဆဲလ်တွေကို အားသွင်းမှာ ဖြစ်ပါတယ်။