ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ ကြားရွေးချယ်သင့်သည့် Volkswagen Polo


ဂျာမနီ Brand ဖြစ်တဲ့ Volkswagen Polo ကို တင်သွင်းမှုများလာတဲ့အတွက် အပိုပစ္စည်း ရှာရလွယ်ကူလာပြီး ဈေးတန်းဝင်တဲ့ကား ဖြစ်တဲ့အတွက်လည်း ဂျပန်ညာမောင်း နံပါတ်ထွက်ပြီးသားကားတွေ ဈေးမြင့်တက်တဲ့အချိန်မှာ ဝယ်ယူသင့်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။

Polo ကို Volkswagen ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini Car အဖြစ် စတင်ထုတ်လုပ်တာခဲ့ပါတယ်။ ဒီကားကို ဥရောပမှာတင်မကဘဲ ကမ္ဘာအနှံအပြားမှာ Hatch ၊ Sedan ၊ Station Wagon အဖြစ်နဲ့ ပုံံစံအမျိုးမျိုး ထုတ်လုပ်ပါတယ်။ ၂၀၀၉ မိုဒယ်ကစပြီး ပဉ္စမမြောက်မျိုးဆက်အဖြစ် ထုတ်လုပ်ခဲ့ရာမှာ European Car Of The Year ၊ Japan Import Car Of The Year နဲ့ Five -Star Euro NCAP စတဲ့ ဆုတွေကိုရရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံထုတ်ကားဖြစ်တဲ့အတွက် ဂျပန်ကားတွေထက် ဘော်ဒီ၊ သံပြား ပိုထူပြီး အင်ဂျင်စက်စွမ်းအားကလည်း ပိုကောင်းပါတယ်။

အင်ဂျင်ပါဝါအမျိုးအစား

Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉၇ စီစီနဲ့ ၁၃၉၄ စီစီ နှစ်မျိုးရှိပြီး ၁၁၉၇ စီစီ ကိုပဲ တင်သွင်းကြတာ များပါတယ်။ ဒီကားဟာ အင်ဂျင်ပါဝါ ၁၂၀၀ စီစီပဲ ရှိတယ်ဆိုပေမဲ့ Turbo Engine ဖြစ်တဲ့အတွက် စက်စွမ်းအား မြင့်မားပါတယ်။ အင်ဂျင်မိုဒယ်က CBZ ဖြစ်ပြီး Chassis အနေနဲ့ ခွဲမယ်ဆိုရင် Polo က 6RCBZ ၊ Cross Polo က 6CRBZW ဖြစ်ပါတယ်။

ဈေးနှုန်း

Volkswagen Polo ကို နယ်လိုင်စင်နဲ့ပဲ တင်သွင်းခဲ့ကြတဲ့အတွက် ၂၀၁၀၊ ၂၀၁၁ မိုဒယ် နံပါတ်ထွက်ပြီးသား ကားက ကျပ်သိန်း နှစ်ရာနဲ့ ၂၅၀ကြားမှာရှိပြီး ၂၀၁၂ ၊ ၂၀၁၃ ၊ မိုဒယ်နံပါတ်အမြင့်ကားတွေကတော့ ကျပ်သိန်း သုံးရာဝန်းကျင်မှာ ရှိပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Volkswagen Polo မှာ Active Bluetooth Technology ၊ Tsi Comfortine Blue motion Technology ၊ Tsi Highline နဲ့ Cross Polo စတဲ့ ဂရိတ်ခွဲတွေ ရှိပါတယ်။ Cross Polo က Polo ရိုးရိုးထက် အရွယ်အစား မသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ် အမြင့်ဆုံးလို့ဆိုနိုင်တဲ့ Cross Polo မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းဆိုဒ်က ၁၇ လက်မ ဖြစ်သွားပါတယ်။ Cross Polo ဖြစ်သွားမယ်ဆိုရင် ရှေ့နောက် နှင်းခွဲမီးတွေနဲ့ ရှေ့ Spoiler လည်း ပါသွားပါတယ်။ ရိုးရိုး Polo မှာ TSI Highline က Digital Aircon ဖြစ်သွားပေမဲ့ အလွိုင်းဆိုဒ်က ၁၅ လက်မပဲ ရှိပါတယ်။ ဒီဂရိတ်မှာလည်း ရှေ့နောက် နှင်းခွဲမီးတွေ ပါရှိသွားပါတယ်။ ကျန်ဂရိတ်တွေမှာတော့ Manual Aircon ဖြစ်သွားပြီး အလွိုင်းအစား အော်ရီဂျင်နယ် ဘီးအဖုံးပဲ ပါရှိပါတယ်။

Automobile Journal

Read 940 times