Volkswagen Group က လက်ရှိမော်ဒယ်များတွင် ၄၀% ကိုသာ ဆက်လက်ထုတ်လုပ်မည်


Volkswagen Group က လက်ရှိမော်ဒယ်များတွင် ၄၀% ကိုသာ ဆက်လက်ထုတ်လုပ်မည်


Volkswagen Group က စက်သုံးဆီ အင်ဂျင် သုံးစွဲတဲ့ ကားမော်ဒယ် များမှာ ၆၀% ကို ထုတ်လုပ်မှု ရပ်ဆိုင်း ပစ်မှာဖြစ်ပြီး၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး အပြီးအပိုင် ရပ်လိုက်တော့မှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၄၀%  မော်ဒယ်အမျိုးမျိုးကိုပဲ ထုတ်လုပ်တော့မှာ ဖြစ်လို့ တစ်နှစ်တာ စုစုပေါင်း ထုတ်လုပ်တဲ့ စီးရေလည်း သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။ 
ရောင်းချမယ့် စီးရေ လျော့ကျသွားပေမဲ့ အမြတ်ပိုများများ ရမယ့် ပရီမီယံကားတွေ ထုတ်လုပ်ဖို့ကို စူးစိုက်သွားမှာ ဖြစ်ကြောင်း Volkswagen Group မှ ဘဏ္ဍာရေးမှူး Arno Antlitz က Financial Times ကို ပြောကြားခဲ့ပါတယ်။

"ရည်မှန်းချက်က အရေအတွက်အရ ကြီးထွားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က အရည်အသွေးကို ပိုအာရုံစိုက်မယ်။ အမြတ်ပိုများတာကို ထုတ်လုပ်မယ်။ စီးရေပိုများဖို့ ၊ ဈေးကွက်ဝေစု ပိုများဖို့ ရည်မှန်းချက် မထားဘူး" လို့ သူက ပြောကြားပါတယ်။ 

VW က ဓာတ်ဆီနှင့် ဒီဇယ် ကားမော်ဒယ်အမျိုးမျိုး ထုတ်လုပ်နေခြင်းကို လျှော့ချမယ်လို့ ဆိုပါတယ်။ Volkswagen Group ပိုင်ဆိုင်တဲ့ brand တွေထဲမှာ အနည်းဆုံးမော်ဒယ် ၁၀၀ လျှော့ချဖို့ အစီအစဉ် ရှိပြီး ၂၀၃၀ မတိုင်ခင် ၈ နှစ်တာကာလအတွင်း အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

VW ရဲ့ မဟာဗျူဟာအသစ်က ကားထုတ်လုပ်ရေးလောကမှာ အပြောင်းအရွေ့ တစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း စီးရေများများထုတ်၊ မော်ဒယ်အမျိုးစုံထုတ်၊ ဈေးကွက်ဝေစု များများရအောင်လုပ်ပြီး အမြတ်ပိုတိုး‌လာအောင် လုပ်ဆောင်ခဲ့ပါတယ်။ များများ ရောင်းရပြီး ဈေးကွက်ဝေစု များများရစေဖို့ ကုမ္ပဏီမှ ရမယ့်အမြတ်ကို လျှော့ယူပြီး လျှော့ဈေးဖြင့် ရောင်းချခြင်း၊  အကုန်အကျခံပြီး မက်လုံးများ ပေးခြင်းတို့ကို လုပ်ဆောင်ပါတယ်။

VW Group ရဲ့  ဒီဇယ်ကား လေထုညစ်ညမ်းမှုကို အမှန်အတိုင်း မပြောခဲ့တဲ့ ပြဿနာ ပေါ်ပေါက်ခဲ့ပြီး စီးအီးအို Martin Winterkorn  နုတ်ထွက်ခဲ့ပါတယ်။ သူ့ ရည်မှန်းချက်က VW Group ရောင်းအားက Toyota နှင့် General Motors တို့ရဲ့ ရောင်းအားထက် စီးရေအရ ပိုများဖို့ ဖြစ်ပါတယ်။ ၂၀၁၈ မှာ VW Group က ကမ္ဘာပေါ်မှာ ကားစီးရေ အများဆုံးရောင်းတဲ့ ကုမ္ပဏီ ဖြစ်‌လာရေးကို ပန်းတိုင်ထားရှိပါတယ်။

ယခု ရည်မှန်းချက် ပြောင်းလဲလိုက်ပြီ ဖြစ်ပါတယ်။ အမြတ်များများ ယူလို့ရမယ့် ပရီမီယံ မော်ဒယ်တွေကို ထုတ်လုပ်ရောင်းချပြီး အမြတ်ပိုရရှိရေးကို ဦးတည်လုပ်ကိုင်သွားတော့မှာ ဖြစ်ပါတယ်။ 

Read 501 times