ကားဘောနတ်အောက်တွင် ညစာစားသုံးနိုင်သော Vision Mercedes-Maybach 6 Cabriolet


အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကျင်းပခဲ့သော Monterey Car Week 2017 ပြပွဲတွင် အဆင့်အတန်းမြင့် ဇိမ်ခံကားများသာ ထုတ်လုပ်သော ဂျာမန်ကားကုမ္ပဏီကြီး Mercedes-Maybach ကထူးထူးခြားခြား အနာဂတ်ရှေ့ပြေး ကားအမျိုးအစား Vision Mercedes-Maybach 6 Cabriolet ကို မိတ်ဆက်ပြသခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် အလားတူပြပွဲများတွင် မိတ်ဆက်ပေးခဲ့သော Maybach 6 Luxury Coupe နှင့် အနည်းငယ်ဆင်တူသော်လည်း Vision Mercedes-Maybach 6 Cabriolet မှာ ထူးခြားချက်အများအပြား ပါဝင်နေပါသည်။

အရှည် ၅ ဒသမ ရ မီတာ၊  ဗြက် ၂ ဒသမ ၁ မီတာရှိသော Vision Mercedes-Maybach 6 Cabriolet သည် အမိုးဖွင့်မောင်း၍ရသလို ခရိုမီယမ်ရှေ့ဘမ်ပါရှဲလ်၊ စပုတ်တံ ၂၄ ချောင်းပါ အလွိုင်းဘီးခွေများ တပ်ပေးထားပြီးလျှပ်စစ်စွမ်းအင် သုံးစွဲမောင်းနှင်ရမည် ဖြစ်ပါသည်။

အရှေ့ဝင်ရိုးနှင့် နောက်ဝင်ရိုးများတွင် လျှပ်စစ်မိုတာနှစ်လုံးစီ တပ်ထားခြင်းကြောင့် Vision Mercedes-Maybach 6 Cabriolet သည် မြင်းကောင်ရေအား ရ၄၀ အထိ ထုတ်ပေးနိုင်ပြီး တစ်နာရီ ၂၆ မိုင် အမြန်နှုန်းရရန်လေးစက္ကန့်အောက်သာ ကြာမြင့်ပါသည်။

DC Fast Charger အသုံးပြုပြီး ငါးမိနစ်အားသွင်လျှင် Vision Mercedes-Maybach 6 Cabriolet သည် နောက်ထပ် မိုင်ခြောက်ဆယ်ခရီးကို ဆက်လက် ခရီးနှင်နိုင်ပါလိမ့်မည်။

Vision Mercedes-Maybach 6 Cabriolet ၏ နောက်ပိုင်းဒီဇိုင်းမှာ ရွက်သင်္ဘောကုန်းပတ်နှင့် ဆင်တူရန် ဖင်လျှောဒီဇိုင်းအသစ်နှင့် ဖန်တီးထားသကဲ့သို့ ကားအတွင်းပိုင်းကြမ်းပြင်ကို သစ်သားခင်းပေးထားခြင်းကရွက်သင်္ဘောတစ်စီးထဲရောက်နေသလို ခံစားစေနိုင်မည်ဖြစ်ပါသည်။

လူနှစ်ယောက်သာစီးနင်းနိုင်သော Vision Mercedes-Maybach 6 Cabriolet ၏ အတွင်းပိုင်းကို ပုံဆောင်ခဲအကွက်ဖော်ထားသော ဖြူဖြူဖွေးဖွေး Nappa သားရေအုပ်ပြီး ဖန်တီးပေးထားပါသည်။

ကားဒက်ရှ်ဘုုတ်နေရာကို အတက်နိုင်ဆုံးနေရာချုံထားခြင်းကြောင့် လေပေါက်သုံပေါက်နှင့် အချက်ပြဒိုင်ခွက်နှစ်ခုသာ မြင်တွေ့ရမည်ဖြစ်ပါသည်။

အပူချိန် ချိန်ညှိခြင်း၊ ရေဒီယိုဖွင့်ခြင်းနှင့် တခြားလုပ်ဆောင်ချက်များအတွက် Concierge အသံထိန်းချုပ်စနစ်နှင့် ခိုင်းစေနိုင်စေရန် ဖန်တီးထားပြီး အချက်အလက်များကြည့်ရှုရန် ရှေ့လေကာမှန်ပေါ်တွင် Heads-Up Display စနစ်ပါဝင်ပါလိမ့်မည်။

ထိုင်ခုံနှစ်ခုကြားတွင် အပြာရောင် Fiber Optic အကန့်ကို မြင်တွေ့ရမည်ဖြစ်ပါသည်။

Vision Mercedes-Maybach 6 Cabriolet ကားဘောနတ်က ကြီးမားရှည်လျားသော်လည်း ပုံမှန်ကဲ့သို့ အပေါ်လှန်တင်ရခြင်းမျိုးမဟုတ်ဘဲ အလည်တည့်တည့်မှ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဖွင့်ရခြင်းဖြစ်သည့်အတွက်ဘောနတ်ဖွင့်ထားချိန်တွင် အတောင်ပံပုံစံမျိုး တွေ့ရမည်ဖြစ်ပါသည်။

ကားဘောနတ်အောက်တွင် အင်ဂျင်မပါသောကြောင့် ထိုနေရာကို ပစ္စည်းထားသိုရာအဖြစ် ပြုလုပ်ထားပြီး ညစာစားပွဲကျင်းပရန် ပန်းကန်၊ ဇွန်း၊ ခက်ရင်း၊ ဓား၊ ပုလင်းများ ထားနိုင်ရန် အကန့်လေးများပါသကဲ့သို့ ထီးနှစ်ချောင်း၊ဘီးတပ်ခရီးဆောင်အိတ်များလည်း ထား၍ ရနိုင်ပါသည်။

နောက်ထပ်ထူးခြားမှုမှာ အဖွင့်/အပိတ် လုပ်၍ရနိုင်သည့် ကားခေါင်မိုးပြားကို ရွှေသတ္တုအစစ်နှင့် ချုပ်လုပ်ထားခြင်းဖြစ်ပါသည်။

အနာဂတ်လျှပ်စစ်ကားထဲတွင် အမြင့်ဆုံးဇိမ်ခံအဆင့်အတန်းရှိရန် ထူးခြားသောနည်းပညာ၊ စိတ်ကူးဒီဇိုင်းများနှင့် ပုံဖော်ဖန်တီးထားရှိသော Vision Mercedes-Maybach 6 Cabriolet သည် ရှေ့ပြေးနမူနာအဆင့်သာရှိပြီးအမှန်တကယ် ထုတ်လုပ်ရောင်းချရန် ကုမ္ပဏီတာဝန်ရှိသူများက မဆုံးဖြတ်ရသေးကြောင်း သိရပါသည်။

အကယ်၍ ထုတ်လုပ်မည်ဆိုပါက Vision Mercedes-Maybach 6 Cabriolet ၏ စျေးနှုန်းသည် ပေါင်စတာလင် ၂၆၀၀၀၀ အထက်တွင် ရှိလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။

 

Read 913 times