ဗီယက်နမ် VinFast အမေရိကန်တွင် အီးဗီနှင့် ဘက်ထရီထုတ်လုပ်ရန် ကန်ဒေါ်လာ ၄ ဘီလီယံ အရင်းအနှီး ရယူ


ဗီယက်နမ် VinFast အမေရိကန်တွင် အီးဗီနှင့် ဘက်ထရီထုတ်လုပ်ရန် ကန်ဒေါ်လာ ၄ ဘီလီယံ အရင်းအနှီး ရယူ

 

ဗီယက်နမ်မှ အီးဗီများသာ ထုတ်လုပ်တော့သည့် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်း  VinFast က အမေရိကန်နိုင်ငံတွင် အီးဗီနှင့် ဘက်ထရီထုတ်လုပ်ရန် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ အရင်းအနှီး ရယူလိုက်ပါတယ်။

VinFast က အမေရိကန်စတော့ရှယ်ယာ ဈေးကွက်မှာ ရှယ်ယာများ ကနဦးရောင်းချမှု ပြုပြီး အရင်းအနှီး ရယူဖို့လည်း အစီအစဉ် ရှိထားပြီး ဖြစ်ပါတယ်။ 

 VinFast က  ဘဏ်လုပ်ငန်းကြီးများ ဖြစ်ကြတဲ့ Credit Suisse နှင့်  Citigroup တို့ထံမှ အရင်းအနှီး အကြမ်းအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရယူရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ လျှပ်စစ်ကားများနှင့် ဘက်ထရီများ ထုတ်လုပ်ဖို့ အစီအစဉ်များ အကောင်အထည်ဖော်ရန် အရင်းအနှီး ရယူလိုက်တာ ဖြစ်ပါတယ်။

VinFast ရဲ့ မိခင်ကုမ္ပဏီ Vingroup က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၃) မှာ ကြေညာချက်ထုတ်ပြန်ခဲ့ရာ အဆိုပါ ဘဏ်တစ်ခုဆီမှ အရင်းအနှီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ ဘီလီယံစီ ရရှိမှာ ဖြစ်ကြောင်း အသိပေးထားပါတယ်။

အာရှကုမ္ပဏီများ အမေရိကန်ဈေးကွက်အတွက် အမေရိကန်မှာ အခြေချပြီး ထုတ်လုပ်မှုများ လုပ်ကိုင်လာကြတဲ့ လှိုင်းလုံးထဲ VinFast လည်း ပါဝင်လာတာ ဖြစ်ပါတယ်။

တိုင်ဝမ်မှ ကမ္ဘာ့အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်ရေး လုပ်ငန်းကြီး Taiwan Semiconductor Manufacturing Company -TSMC  က အမေရိကန် အာရီဇိုးနားမှာ  ချစ်ပ်စက်ရုံ ထူထောင်ဖို့ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှ Hyundai ကလည်း အမေရိကန်မှာ စက်ရုံထူထောင်ပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အီးဗီများ ထုတ်လုပ်ရန် အမေရိကန် ဂျော်ဂျီယာမှာ စက်ရုံတစ်ရုံ ဆောက်လုပ်နေပါတယ်။

 VinFast က အင်ဂျင်ကား စတင်ထုတ်လုပ်ခဲ့တာ သိပ်မကြာသေးပေမဲ့ ယခုနှစ်မှာ နိဂုံးချုပ်တော့မှာ ဖြစ်ပြီး အီးဗီကားများကိုသာ လုံးလုံးလျားလျား ထုတ်လုပ်ပါတော့မယ်။ sport utility vehicle SUV မော်ဒယ်များနှင့် ဘတ်စ်ကားများ ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားပါတယ်။ 

Vingroup က VinFast ရဲ့ အစုရှယ်ယာများကို လူအများထံ ကနဦး ရောင်းချခြင်း initial public offering (IPO) ပြုဖို့ အစီအစဉ်ကို စတော့ဈေးကွက် အကျဘက်ရောက်နေလို့ နောက်နှစ်အထိ ရွှေ့ဆိုင်းကြောင်း မေလက ကြေညာခဲ့ပါတယ်။

VinFast က ၂၀၁၉ တွင် စတင်ပြီးနောက် အမေရိကန်ကားဈေးကွက်မှာ အကြီးအကျယ် လောင်းကြေးထပ်ထားပါတယ်။ GM နှင့် Ford တို့လို အစဉ်အလာ ကြီးမားတဲ့ ပြိုင်ဘက်များ၊ Tesla လို အီးဗီဖြင့် ကားထုတ်လုပ်မှု စတင်တဲ့ လုပ်ငန်း အသစ်များကို ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အပြင် VinFast နည်းတူ အမေရိကန်မှာ အခြေတည်ပြီး လုပ်ကိုင်တဲ့ VW, Hyundai တို့ရဲ့ အီးဗီမော်ဒယ်များကိုလည်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

VinFast က အီးဗီ SUV မော်ဒယ်နှစ်မျိုးဖြင့် ယှဉ်ပြိုင်မှာဖြစ်ပြီး ကားဝယ်ယူစရိတ် သက်သာစေဖို့ ဘက်ထရီကို ဝယ်စရာမလိုဘဲ ငှားရမ်းပေးမှာ ဖြစ်ပါတယ်။

VinFast ရဲ့ မြောက်ကယ်ရိုလိုင်းနား စက်ရုံက အကျယ်အဝန်း ဟက်တာ ၈၀၀ ပေါ်မှာ တည်ဆောက်ထားပါတယ်။ ၂၀၂၄ မှာ စတင်ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး စစချင်းမှာ တစ်နှစ်လျှင်အီးဗီ စီးရေ ၁၅၀,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

အဆိုပါစက်ရုံမှာ  ၇,၅၀၀ ဦး အလုပ်အကိုင်ခန့်ထားဖို့ ရည်မှန်းထားပါတယ်။ 

ကုမ္ပဏီက ကယ်လီဖိုးနီးယားမှာ အရောင်းပြခန်းများ ဖွင့်လှစ်ခါနီးပါပြီလို့ ပြောကြားပါတယ်။ VinFast ရဲ့ ပြည်ပမှာ ပထမဆုံး ဖွင့်လှစ်တဲ့ အရောင်းပြခန်းများ ဖြစ်ပါတယ်။ Santa Monica မှာ အထင်ကရဂုဏ်ဆောင် flagship အရောင်းပြခန်း ဖွင့်လှစ်မယ်လို့ ဆိုပါတယ်။

#MyanmarAutomobileGuide 

 Telegram Channel

https://t.me/Guid4U

Read 1990 times