အမေရိကန် ဥရောပ နှင့် ကနေဒါ သို့ မောင်းဝင်ရန် VinFast အသင့်ဖြစ်


အမေရိကန် ဥရောပ နှင့် ကနေဒါ သို့ မောင်းဝင်ရန် VinFast အသင့်ဖြစ်

ဗီယက်နမ် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း VinFast က ယမန်နှစ်က ထုတ်လုပ်မယ့် လျှပ်စစ်ကားများ အစုံအလင်ကို ထုတ်ဖော်ပြသပြီးနောက် ယခုအခါ အရှိန်တင်နေပါပြီ။
 
၂၀၂၁ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် အီဗီလမ်းကြောင်းပေါ် စတင်မောင်းနှင်ခဲ့ပြီးနောက် ယခုအခါ VinFast က  VF 8 EVs အသစ်များကို ပထမဆုံး စာရင်းသွင်း ဝယ်ယူသူ ၁၀၀ ဦးထံ ကားအပ်နှံပါတယ်။
 VinFast ကို ဗီယက်နမ်မှာ လူသိများနေပြီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ထဲသို့ မောင်းဝင်ဖို့ အသင့်ဖြစ်နေပါပြီ။

VinFast က "ရေရှည်တည်တံ့သော နည်းပညာ၊ ဝန်ဆောင်မှုများနှင့် လူမှုစီးပွားရေးလုပ်ငန်းများ" မှတစ်ဆင့် “လူများအတွက် ပိုမိုကောင်းမွန်သောဘဝ” ဖန်တီးရန် ရည်မှန်းချက် ထားရှိတဲ့ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုဖြစ်သည့် Vingroup လက်အောက်ရှိ မော်တော်ယာဉ်ဆိုင်ရာ လုပ်ငန်းစုတစ်ခု ဖြစ်ပါတယ်။
‘မော်တော်ယာဉ်ဆိုင်ရာ' လို့ ဆိုရာမှာ လျှပ်စစ်ကားများအပြင် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ လျှပ်စစ်စကူတာ၊ အီးဗီဘက်ထရီ စတာတွေ အားလုံး အကျုံးဝင်ပါတယ်။

VinFast က ၎င်းရဲ့ ပထမဆုံး EV ဖြစ်သော VF e34 ကို ထုတ်လုပ်ခြင်းမပြုမီ လျှပ်စစ် မော်တော်ဆိုင်ကယ်များကို စတင်ဖန်တီးခဲ့ဖူးပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်နေ့တွင် VinFast က လျှပ်စစ်ကား VF e34 ပထမအသုတ် အမှာစာများထံ အခမ်းအနားဖြင့် ကားအပ်နှံခဲ့ပါတယ်။
ဗီယပ်နမ်မှာ ပထမဆုံး ရောင်းချတဲ့ အီးဗီများဖြစ်ပြီး ဗီယက်နမ်နိုင်ငံကို အီးဗီ ထုတ်လုပ်တဲ့နိုင်ငံအဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။
 
၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် VinFast က Los Angeles Auto Show တွင် VF 8 နှင့် VF 9 မော်ဒယ်အသစ်နှစ်မျိုးကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အပြည့်အဝ လျှပ်စစ်ကား SUV မော်ဒယ် ၂ ခု ဖြစ်ပါတယ်။ 
လော့စ်အိန်ဂျယ်လိစ်မြို့မှာ  ၎င်း၏ အမေရိကန်‌ဈေးကွက်အတွက် ဌာနချုပ် ထားရှိပြီး  ကမ္ဘာလုံးဆိုင်ရာ EV ထုတ်လုပ်သူဖြစ်လာရန်ရည်မှန်းချက် ထားရှိကြောင်း  ကြေညာခဲ့ပါတယ်။ 

ပိုပြီး အရေးပါတဲ့ အချက်က VinFast အနေဖြင့် ၂၀၂၂ ခုနှစ် နှစ်ကုန်တွင် လောင်စာဆီအင်ဂျင်သုံး ကားများ ထုတ်လုပ်ခြင်း ရပ်တန့်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ VinFast က ထုတ်လုပ်မယ့် ကားစာရင်း အပြည့်အစုံကို အသိပေးကြေညာခဲ့ပါတယ်။
ထုတ်လုပ်မယ့် အီးဗီမော်ဒယ်များမှာ

  • Mini – VF 5
  • Subcompact – VF 6
  • Compact – VF 7
  • Mid-size – VF 8
  • Full-size – VF 9

တို့ ဖြစ်ပါတယ်။

VF 8 နှင့် VF 9 ကို ကြိုတင်အမှာစာ စတင်ဖွင့်လှစ်ပြီး ၄၈ နာရီအတွင်း  ကမ္ဘာတစ်ဝှမ်းမှ VF 8 နှင့် VF 9 တို့အတွက် အမှာစာ ၂၄,၀၀၀ လက်ခံရရှိခဲ့ကြောင်း Vinfast မှ ထုတ်ပြန်ကြေညာပါတယ်။

 

VinFast-VF-8 ပေးအပ်ပဲွ အခမ်းအနားတွင် တွေ့ရပုံ

 

နောက်ထပ်မိုင်တိုင်တစ်ခုကို ၂၀၂၂ စက်တင်ဘာလမှာ Vinfast ဖြတ်သန်းပါတယ်။

Vinfast က  ပထမဆုံးအသုတ်  အသစ်ထွက်ရှိထားသော အရွယ်အစားပြည့် SUV လျှပ်စစ်ကား  VF 8  အစီး ၁၀၀  ကို မှာကြားထားသူများထံ ပေးအပ်ခဲ့ပါတယ်။

Vinfast ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီအီးအို Madam Le Thi Thu Thuy (Vingroup တွင် ဒုဥက္ကဋ္ဌလည်းဖြစ်သူ) က မ‌ျားမကြာမီတွင် ကမ္ဘာတစ်ဝှမ်းရှိ စိတ်အားထက်သန်စွာဖြင့် ကြိုတင်အမှာစာ မှာကြားထားသူ ဦးရေ ၆၅,၀၀၀ ကျော်တို့ထံ အီးဗီများ ပေးပို့တော့မှာဖြစ်ကြောင်း ကားပေးအပ်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

VinFast ရဲ့ VF 8 သည် အောက်ဖော်ပြပါအတိုင်းအတာများဖြင့် အရွယ်အစားပြည့် SUV အဖြစ် ကမ္ဘာတစ်လွှားရှိ စျေးကွက်များသို့ ရောက်ရှိရန် ဒီဇိုင်းထုတ်ထားပါတယ်။

187.00 လက်မ (အလျား) x 76.14 လက်မ(အကျယ်) x 65.63 လက်မ(အမြင့်)

 


 

VinFast VF 8 Source: VinFast

 

စမတ်ပါကင်၊ အဝေးထိန်းစနစ်ဖြင့် ပါကင်ထိုးခြင်း၊ အဝေးပြေးလမ်း ယာဉ်မောင်းထောက်ကူ၊ ကားခေါ်ယူခြင်း အစရှိတဲ့ ဉာဏ်ရည်သုံး အဆင့်မြင့်နည်းပညာများ VF 8 မှာ ထည့်ပေးထားပါတယ်။  VinFast အက်ပ်ကို စမတ်ဖုန်းမှာ ထည့်ထားပြီး ကားကို လုပ်ဆောင်ချက်အချို့ စေခိုင်းနိုင်ပါတယ်။
 
Vinfast VF 8 ကို ဗားရှင်း ၂ မျိုးဖြင့် ထုတ်လုပ်ထားပါတယ်။

Eco  ဗားရှင်းမှာ 260 kW လျှပ်စစ်မော်တာ တပ်ဆင်ပေးထားပြီး ခရီးတာ မိုင် ၂၆၀ ရရှိပါတယ်။

Plus  ဗားရှင်းက စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ VF 8 Plus မှာ 300 kW လျှပ်စစ်မော်တာ သုံးထားပြီး ခရီးတာ ၂၄၈ မိုင် ရရှိပါတယ်။

ကားဝယ်ယူစဉ် ဘက်ထရီကို တစ်ပါတည်း ဝယ်ယူနိုင်သလို ဘက်ထရီ မဝယ်ဘဲ လစဉ်ကြေးဖြင့် အငှားဝန်ဆောင်မှု ရယူလို့လည်း ရပါတယ်။ လောလောဆယ်မှာတော့ ဘက်ထရီ အငှားဝန်ဆောင်မှု ရယူမယ့် အမှာစာများကို လက်ခံခြင်း ရပ်ဆိုင်းထားပါတယ်။ နိုင်ငံအချို့မှာ ဘက်ထရီ အငှားဝန်ဆောင်မှုကို ပေးအပ်ဖို့ အခက်အခဲများ ရှိနေလို့ ဖြစ်ပါတယ်။ 
VF 8 ကို အမေရိကန်၊ ကနေဒါနှင့် ဥရောပတို့မှ မှာကြားထားသူများထံ နိုဝင်ဘာလမှာ  ဗီယက်နမ်ရှိ ကားစက်ရုံမှ စတင်ပေးပို့တော့မှာ ဖြစ်ပြီး မှာကြားထားသူများထံ  အစောဆုံး ဒီဇင်ဘာလမှာ စတင်ရောက်ရှိမှာ ဖြစ်ပါတယ်။
Source globalfleet
#MyanmarAutomobileGuide 
 Telegram Channel  https://t.me/Guid4U

Read 3641 times