VinFast ရှယ်ယာဈေးနှုန်းကြောင့် ဗီယက်နမ်အချမ်းသာဆုံး ဘီလျံနာ နေ့ချင်းညချင်း ကမ္ဘာ့ ၁၆ ယောက်မြောက် အချ


VinFast ရှယ်ယာဈေးနှုန်းကြောင့် ဗီယက်နမ်အချမ်းသာဆုံး ဘီလျံနာ နေ့ချင်းညချင်း ကမ္ဘာ့ ၁၆ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ဗီယက်နမ်၏ အချမ်းသာဆုံး ဘီလျံနာနှင့် Vingroup ဥက္ကဋ္ဌ Pham Nhat Vuong ၏ အသားတင်ပိုင်ဆိုင်မှုသည် ယမန်နှစ် ကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံထက် နေ့ချင်းညချင်း ၁၂ ဆ တိုးမြင့်သွားခဲ့သည်။
အမေရိကန်မှ ကမ္ဘာတစ်လွှားရှိ ဘီလျံနာများ၏ အသားတင်တန်ဖိုးကို အမြဲမပြတ် စာရင်းပြုစုပြီး ထုတ်ပြန်ပေးနေသည့် Forbes ၏ အချိန်နှင့် တပြေးညီ ဘီလျံနာအဆင့် စာရင်းတွင် Pham Nhat Vuong သည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက် ဗုဒ္ဓဟူးနေ့တွင် အဆင့် ၁၆ တွင် ရောက်ရှိနေသည်။

 

 


Forbes ဝဘ်ဆိုက် စခရင်ရှော့


Forbes ၏ စာရင်းအရ Vuong သည် ၂၀၂၁ တွင် အသားတင်တန်ဖိုး ကန်ဒေါ်လာ ၇.၃ ဘီလီယံ ရှိခဲ့သည်။

Vingroup ၏ ‌လက်အောက်မှ မော်တော်ကား လုပ်ငန်း VinFast တွင် Vuong က အစုရှယ်ယာ ၉၉% ကို ပိုင်ဆိုင်သည်။ ကျန်သည့် အစုရှယ်ယာ အနည်းကို အမေရိကန် စတော့အိပ်ချိန်း Nasdaq တွင် လူအများထံ စတင်ရောင်းချခဲ့ရာ ဈေးနှုန်းများ မြင့်မားနေခဲ့သည်။ သို့ဖြစ်ရာ ၎င်းဈေးနှုန်းအရ Vuong ပိုင်ဆိုင်သည့် ရှယ်ယာ ၉၉% ၏ စုစုပေါင်းတန်ဖိုးလည်း ရုတ်တရက် မြင့်တက်သွားသည်။ ကန်ဒေါ်လာ ၃၉ ဘီလီယံသို့ ရောက်ရှိသွားသည်။ ထိုသို့ ကန်ဒေါ်လာ ၃၉ ဘီလီယံ ဖြစ်သွားသဖြင့် Pham Nhat Vuong ၏ ကြွယ်ဝမှု အစုစုတို့၏ စုစုပေါင်းတန်ဖိုးသည် Bloomberg Billionaires Index အဆိုအရ ကန်ဒေါ်လာ ၄၄.၃ ဘီလီယံသို့ ရောက်ရှိနေပြီဖြစ်သည်။

 

 

ရှယ်ယာများကို $22 ဖြင့် ဈေးဖွင့်ပြီး စတင်ရောင်းချခဲ့သည်။ ဈေးပိတ်ချိန် အပိတ်ဈေးနှုန်းမှာ $37 ဖြစ်သည်အထိ မြင့်တက်ခဲ့သည်။

VinFast ၏ အီးဗီများ အမေရိကန်ဈေးကွက်တွင် ရောင်းအား မကောင်းချေ။ သို့သော် နောင်တချိန်တွင် အခြေအနေ ကောင်းမည်ဟု မျှော်လင့်ချက်ဖြင့် ရှယ်ယာများကို ဈေးကောင်းပေးပြီး ဝယ်ကြသည်။ ရောင်းချသည့် ရှယ်ယာအရေအတွက်ကလည်း နည်းလွန်းသဖြင့် ဈေးမြောက်သွားခဲ့သည်။

VinFast Auto Ltd. ၏ ရှယ်ယာများ စုစုပေါင်းတန်ဖိုး၊ တနည်းဆိုရသော် ဈေးကွက်တန်ဖိုးသည် အစဉ်အလာ ကြီးမားသည့်မဟာကားလုပ်ငန်းကြီးများဖြစ်သော  General Motors Co. နှင့် Mercedes-Benz Group AG တို့ထက် ကျော်လွန်သွားသည်အထိ ရှယ်ယာများ စရောင်းသည့် ပထမနေ့ တရက်တာအတွင်း ဈေးမြင့်တက်သွားခဲ့သည်။ 
VinFast ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၈၅ ဘီလီယံကျော် ရှိသည်။ 
Volkswagen ဈေးကွက်တန်ဖိုးမှာ ကန်ဒေါ်လာ ၆၉.၇ ဘီလီယံ ရှိပြီး Ford ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၄၈ ဘီလီယံ ရှိသည်။

ယခင်ကလည်း လူအများထံ ရှယ်ယာ စတင်ရောင်းချသည့် ကာလတွင် Lordstown Motors Corp., Nikola Corp. နှင့် Faraday Future Intelligent Electric Inc. တို့ စန်းထပြီး ရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ကြသည်။ ထို့နောက် ဈေးကွက်တန်ဖိုး ၉၀% ကျော် ကျဆင်းသွားခဲ့ကြသည်။

VinFast ၏ အနာဂတ် မျှော်လင့်ချက်တစ်ခုမှာ ကန်ဒေါ်လာ ၄ ဘီလီယံတန် အီးဗီစက်ရုံကို အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားတွင် တည်ဆောက်မည်။
အမေရိကန်သို့ အီးဗီအစ‌ီးရေ ၃,၀၀၀ နီးပါး တင်ပို့ထားပြီး ရောင်းချနေသည်။ 

Vuong က VinFast ကို ၂၀၁၇ တွင် စတင်ထူထောင်ခဲ့သည်။ ယခုနှစ် ရောင်းအား အစီးရေ ၄၅,၀၀၀ မှ ၅၀,၀၀၀ အထိ ရည်မှန်းထားသည်။

 


 
Vuong သည် ရုရှားတွင် ဘူမိအင်ဂျင်နီယာပညာ သင်ယူခဲ့သည်။ ထိုနောက် ယူကရိန်းသို့ ၁၉၉၀ ပြည့်လွန်နှစ်များတွင် ရောက်ရှိခဲ့သည်။ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်လုပ်ငန်း စတင်လုပ်ကိုင်သည်။ ၎င်းလုပ်ငန်းကို ၂၀၁၀ ပြည့်နှစ်တွင် Nestle SA သို့ ရောင်းချလိုက်ပြီး ဗီယက်နမ်သို့ ပြန်လာသည်။
ထိုနောက် အများနှင့် သက်ဆိုင်သော ကုမ္ပဏီ Vingroup JSC ထူထောင်လုပ်ကိုင်သည်။ အိမ်ခြံမြေ၊ အပန်းဖြေစခန်းများ၊ ကျောင်းများ၊ စျေးဝယ်စင်တာများ အစရှိသည့် လုပ်ငန်းကဏ္ဍများကို လုပ်ကိုင်သည်။
ဟနွိုင်အခြေစိုက် Vingroup  သည် ယမန်နှစ်က ဝင်ငွေ ကန်ဒေါ်လာ ၄.၄ ဘီလီယံ ရရှိခဲ့သည်။ VinFast တွင် ရှယ်ယာအများစုကို ပိုင်ဆိုင်ထားသည်။

Source Reuters SCMP 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1190 times