VinFast က ဘက်စုံအီးဗီလုပ်ငန်းအဖြစ်သို့ ဦးတည်ဆောင်ရွက်


VinFast က ဘက်စုံအီးဗီလုပ်ငန်းအဖြစ်သို့ ဦးတည်ဆောင်ရွက်

 

VinFast က ၆နှစ်မှာ စီးရေ ၁ သန်း ထုတ်လုပ်ရန် ရည်မှန်းထားပါတယ်။  ထိပ်တန်းဗီယက်နမ်လုပ်ငန်းစုကြီး Vingroup နှင့် ၎င်းရဲ့ လက်အောက်ခံ မော်တော်ကားလုပ်ငန်းခွဲ VinFast တို့က နည်းပညာကုမ္ပဏီများနှင့် သဘောတူညီချက်များ ဆက်တိုက်ရယူခြင်းဖြင့် လျှပ်စစ်ကားလုပ်ငန်းနယ်ပယ်မှာ ဘက်စုံ ကမ္ဘာ့အီးဗီလုပ်ငန်း ဖြစ်လာစေရန် အနေအထား ရယူနေပါတယ်။


VinFast က  အီးဗီထုတ်လုပ်မှုလုပ်ငန်းကို ၂၀၂၁ ဒီဇင်ဘာလကမှ စတင်ခဲ့ပြီး ဗီယက်နမ်နိုင်ငံပြင်ပတွင် လျှပ်စစ်ကား ရောင်းချတာ မရှိသေးပါဘူး။ ဒါပေမဲ့ ‌အရောင်းပမာဏ ရည်မှန်းချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိကြောင်း ပြသနေပါတယ်။
 
 


VinFast Global CEO Le Thi Thu Thuy 


VinFast ရဲ့ စီအီးအို Le Thi Thu Thuy က ""ငါးနှစ်ကနေ ခြောက်နှစ်အတွင်းမှာ တစ်ကမ္ဘာလုံးမှာ EV အစီးရေ ၁ သန်းကျော်ကို ကျွန်မတို့ ရောင်းချနိုင်မှာပါ" လို့ ပြောကြားပါတယ်။ VinFast က အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး အီးဗီထုတ်လုပ်ရေး စက်ရုံ ဆောက်လုပ်နေပါတယ်။ ၂၀၂၄ ဇူလိုင်လမှာ ဖွင့်လှစ်ဖို့ လျာထားပါတယ်။

အမေရိကန်မှာ စက်ရုံတည်ဆောက်မယ့်အကြောင်း ကြေညာစဉ်က ယခုနှစ်မှာ ဓာတ်ဆီကား ထုတ်လုပ်မှုကို အပြီးအပိုင် ကျောခိုင်းမှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ VinFast က လျှပ်စစ်ကားမှာ ပုံအောထားပါတယ်။

 

 Haiphong မှ Vinfast ကားစက်ရုံ 


 
ဗီယက်နမ် မြောက်ပိုင်း ဟိုင်းဖောင်းမြို့မှ ၎င်းရဲ့ ကားတပ်ဆင်ထုတ်လုပ်ရေးစက်ရုံမှာ ဓာတ်ဆီကားနှင့် ဘက်ထရီကား ၂ မျိုးစလုံး ထုတ်လုပ်တာမှာ အီးဗီထုတ်လုပ်တာကို ပိုများများ ထုတ်လုပ်ပါတယ်။ တိုင်ဝမ်မှ အခဲအမျိုးအစား ဘက်ထရီ ထုတ်လုပ်တဲ့ ProLogium Technology မှာ VinFast က ကန်ဒေါ်လာ သန်းချီရင်းနှီးမြှုပ်နှံကြောင်း၊ ၂၀၂၄ မှာ စတင်ထုတ်လုပ်မယ့် အီးဗီများတွင် ၎င်း တိုင်ဝမ်ကုမ္ပဏီထံမှ ဘက်ထရီများ သုံးစွဲမှာ ဖြစ်ကြောင်း ဇူလိုင်လ ၆ ရက်မှာ VinFast က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 
 Solid-state အခဲဘက်ထရီက lithium-ion လစ်သီယမ်အိုင်းယွန်း ဘက်ထရီထက်  မောင်းနှင်နိုင်မယ့် ခရီးတာ ၂ ဆ ပိုများပြီး အားသွင်းချိန် သုံးပုံနှစ်ပုံ လျော့နည်းပါတယ်။ ဒါပေမဲ့ အ‌မြောက်အမြားထုတ်လုပ်ဖို့ နည်းပညာ ဖွံ့ဖြိုးရေး လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ VinFast က ProLogium နှင့် ဗီယက်နမ်မှာ ဖက်စပ်လုပ်ငန်း ထူထောင်ပြီး အီးဗီဘက်ထရီစက်ရုံ ထူထောင်ရန် စဉ်းစား သုံးသပ်နေပါတယ်။


 
Vingroup က ကိုယ်ပိုင် အီးဗီဘက်ထရီစက်ရုံကို ဗီယက်နမ်နိုင်ငံ Ha Tinh ပြည်နယ်မှာ ထားရှိဖို့ ရည်ရွယ်ထားပါတယ်။  Vingroup က တရုတ်နိုင်ငံမှ Gotion High-Tech နှင့် အတူလက်တွဲပြီး လစ်သီယမ်သံဖော့စဖိတ် lithium iron phosphate (LFP)ဘက်ထရီများကို သုတေသနပြုလုပ်လျက်ရှိပါတယ်။ LFP ဘက်ထရီရဲ့ အားသာချက်က ဈေးကြီးသတ္တု ဖြစ်တဲ့ ကိုဘော့ cobalt ကို အသုံးမပြုတာ ဖြစ်ပါတယ်။ LFP ဘက်ထရီစက်ရုံကိုလည်း Ha Tinh ပြည်နယ်မှာ ထားရှိမှာဖြစ်ပြီး ၂၀၂၄ မှာ စတင်ဖွင့်လှစ်ဖို့ လျာထားပါတယ်။

 
ကားထဲမှာ တပ်ဆင်မယ့် အီလက်ထရွန်းနစ် စက်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ဖို့  Vingroup က အမေရိကန်မှ ထိပ်တန်းလုပ်ငန်းကြီး Intel နှင့် စာချုပ်ချုပ်ဆိုထားပါတယ်။ Vingroup ရဲ့ မူရင်းမူလ စီးပွားရေးက အိမ်ရာတိုက်တာလုပ်ငန်း ဖြစ်ပါတယ်။ ၂၀၁၇ မှာ မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍသို့ ဝင်ရောက်လုပ်ကိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နောက်ထပ် ၂ နှစ်အကြာမှာ မော်တော်ယာဉ်များ စတင်ထုတ်လုပ် ရောင်းချခဲ့ပါတယ်။

 

ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံး ဘီလျံနာဖြစ်ပြီး Vingroup ထူထောင်သူနှင့် ဥက္ကဋ္ဌ ဖြစ်သူ Pham Nhat Vuong က ဗီယက်နမ်နိုင်ငံသားများရဲ့ ဘဝအရည်အသွေး တိုးတက်ကောင်းမွန်စေလိုကြောင်း ပြောကြားခဲ့ပါတယ်။ Vingroup ရဲ့ ကော်ပိုရိတ်တန်ဖိုးထားခြင်းများတွင် "မျိုးချစ်စိတ်" နှင့် "တိုင်းရင်းသားလူမျိုးနွယ်များ၏ ဂုဏ်ယူမှု" တို့ပါဝင်ပါတယ်။

 

" ကမ္ဘာတစ်ဝှမ်းမှာ ဗီယက်နမ်နိုင်ငံသားတွေကို လေးစားမှု မရှိကြဘူးဆိုတာ ကျွန်တော် မြင်‌ေတွ့ရပါတယ်" လို့ ၎င်းက ပြောကြားပါတယ်။ "ပြည်ပမှာ ရောက်ရှိနေတဲ့ ဗီယက်နမ်နိုင်ငံသားတွေက သူတို့ဟာ ဗီယက်နမ်နိုင်ငံသားတွေပါဆိုတာ ကွယ်ဖုန်းထားကြတယ်။ အဲဒါကို ပြောင်းလဲဖို့ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားချင်ပါတယ်" လို့ ၎င်းက ပြောကြားပါတယ်။
 
 

VinFast Global CEO Le Thi Thu Thuy (ဝဲ) VinGroup  ထူထောင်သူနှင့် ဥက္ကဋ္ဌ Pham Nhat Vuong (ယာ)
 

Vingroup က မြို့လယ်နေရာတွေမှာ တိုက်တာအဆောက်အဦများ ဖွံ့ဖြိုးရေး လုပ်ကိုင်ခြင်းဖြင့် ရရှိတဲ့ ဝင်ငွေကို မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍထဲ သွန်ထည့်ပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေပါတယ်။ အီးဗီထံမှ ဝင်ငွေမရ ၊ အရင်းအနှီးထည့်ဝင်မှုများသာ ပုံအောနေရလို့ Vingroup ရဲ့ မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍက အကြီးအကျယ် အရှုံးပြနေဆဲ ဖြစ်ပါတယ်။ Vingroup ရဲ့ ရုပ်မြင်သံကြား၊ စမတ်ဖုန်းနှင့် လက်လီရောင်းချသည့် လုပ်ငန်းများမှ ရရှိတဲ့ ဝင်ငွေများဖြင့်လည်း မော်တော်ယာဉ် ထုတ်လုပ်ရေးကဏ္ဍကို ကျားကန်ပေးထားပါတယ်။

 

Vingroup ရဲ့ ဝင်ငွေမှ ၂၀၁၈ ကတည်းက အမြတ် မရတော့သလောက် ဖြစ်နေပါတယ်။  Vingroup ရဲ့ ကုန်ထုန်လုပ်ငန်းကဏ္ဍ မှာ VinFast က ကြီးစိုးထားပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ VinFast က ဒေါင် ၂၃ ထရီလီယံ (ကန်ဒေါ်လာ ၁ ဘီလီယံ) ဝန်းကျင် အရှုံးပြခဲ့တာ Vingroup လုပ်ငန်းစုတစ်ခုလုံးအနေဖြင့်လည်း အရှုံးပြခဲ့ပါတယ်။ VinFast က အမေရိကန်စတော့ဈေးကွက်မှာ ကနဦးအစုရှယ်ယာ ရောင်းချပြီး အရင်းအနှီးရယူဖို့ အစီအစဉ်ကို ၂၀၂၃ နှင့် နောက်ပိုင်းကျမှ လုပ်ဆောင်ဖို့ ရွှေ့ဆိုင်းထားပါတယ်။ ယခုအခါ စတော့ဈေးကွက် အခြေအနေ အကျဘက် ရောက်နေလို့ ရက်ရွှေ့ဆိုင်းထားလိုက်တာ ဖြစ်ပါတယ်။


မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ကုန်ထုတ်လုပ်ရေး လာရောက်လုပ်ကိုင်တဲ့အတွက် အလုပ်အကိုင်များ ရရှိစေတဲ့အပြင် ပြည်နယ်ဖွံဖြိုးရေးကိုလည်း ဖြစ်ထွန်းစေတာကြောင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် အစိုးရက ကန်ဒေါ်လာ ၁.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု မက်လုံး ပေးအပ်တဲ့အကြောင်း Myanmar Automobile Guide မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ See more
 
Vingroup ရဲ့ အီးဗီများကို ဗီယက်နမ်ပြည်တွင်းဈေးကွက်မှာ ယခုနှစ် ပထမနှစ်ဝက်အတွင်း စီးရေ ၂,၁၀၀ ခန့်သာ ရောင်းချနိုင်ခဲ့ပါတယ်။

 

 

Source asia.nikkei

#MyanmarAutomobileGuide  

Telegram Channel  https://t.me/Guid4U

Read 650 times