ဗီယက်နမ်မှာ ဖမ်းဆီးသိမ်းဆည်းထားသော မော်တော်ဆိုင်ကယ်ပင်လယ်ကြီးကြောင့် ရဲတပ်ဖွဲ့  ခေါင်းခဲနေ


ဗီယက်နမ်မှာ ဖမ်းဆီးသိမ်းဆည်းထားသော မော်တော်ဆိုင်ကယ်ပင်လယ်ကြီးကြောင့် ရဲတပ်ဖွဲ့  ခေါင်းခဲနေ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

မော်တော်ဆိုင်ကယ် ပိုင်ရှင်အများစုအဖို့ မော်တော်ဆိုင်ကယ် အဆုံးခံလိုက်သည်က ဒဏ်ကြေးပေးဆောင်ခြင်းထက် သက်သာနေသည်။ 

ယခုအခါ ရဲတပ်ဖွဲ့သည် တောင်ပုံယာပုံဖြစ်နေသော မော်တော်ဆိုင်ကယ်များကို မည်သို့မည်ပုံ ရှင်းထုတ်ရမည် မသိ ဖြစ်နေကြပြီး ခေါင်းခဲနေကြရသည်။

  

 

ပြည့်ကျပ်နေသော မော်တော်ဆိုင်ကယ်ပင်လယ်ကြီးကို ခြံဝင်းကျယ်ကြီးအတွင်းမှာ တွေ့ရသည်။ အားလုံးက တဘက်တည်းကို စောင်းနေကြသည်။ အဆောက်အဦများနှင့် သစ်ပင်များကို အဝေးတနေရာမှာ  မော်တော်ဆိုင်ကယ်ပင်လယ်ကြီး၏ နောက်ခံအဖြစ် မြင်တွေ့ရသည်။

၎င်းမော်တော်ဆိုင်ကယ်ပင်လယ်ကြီးသည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှ ရဲဝင်းတခုထဲမှာ တည်ရှိသည်။ 

မော်တော်ဆိုင်ကယ်ပင်လယ်ကြီးအတွက် မြေနေရာ စတုရန်းပေ ၁ သိန်း ပေးထားသော်လည်း နေရာ မလောက်တော့ချေ။ 

 

ဗီယက်နမ်တွင် သွားရေးလာရေးအတွက် မော်တော်ဆိုင်ကယ်များကို အသုံးများကြသည်။

အာဏာပိုင်တို့က အရက်သောက်ထားပြီး မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်းကို ထိထိရောက်ရောက် တိုက်ဖျက်ရန် ဒဏ်ကြေးကို တိုးမြှင့်သတ်မှတ်သည့်အပြင် မော်တော်ဆိုင်ကယ်ကိုပါ သိမ်းဆည်းသည်။ 

ယခုအခါ အဆိုပါ ဒဏ်ကြေးများသည် တပတ်ရစ် မော်တော်ဆိုင်ကယ် တန်ဖိုးထက် ပိုများနေသဖြင့် မော်တော်ဆိုင်ကယ်ကို ပြန်လာမရွေးကြတော့ချေ။

.

အရက်မူးပြီး မောင်းနှင်ခြင်းကို လုံးဝသည်းမခံသော စီမံချက်အရ ပြင်းပြင်းထန်ထန် အရေးယူသည်။ 

 ယခုလို အရေးယူသည့်အပေါ် မကျေမနပ် ပြောဆို ဝေဖန်ကြသည်။

ဟိုချီမင်းမြို့ရှိ ဘဏ်တစ်ခုတွင် အလုပ်လုပ်သော အသက် ၃၀ နှစ်အရွယ် ငုယင်ခန်းက ထိရောက်မှု မရှိသော မလိုအပ်ဘဲ ပြစ်ဒဏ်ပေးသည့်စနစ်သည် ဆိုင်ကယ်များကို ဓားစာခံအဖြစ် ဖမ်းထားသည်ဟု ဆိုသည်။

“သက်ဆိုင်ရာ အာဏာပိုင်တွေလည်း နားလည်ပါတယ်။ ဒါပေမယ့် ပိုကောင်းတဲ့ နည်းလမ်းကို သူတို့ မတွေ့သေးဘူး" ဟု ၎င်းက ပြောကြားသည်။

.

ဗီယက်နမ်ရှိ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်သူ Hue-Tam Jamme က စွန့်ပစ်ထားသော ဆိုင်ကယ်များသည် အသွင်ကူးပြောင်းမှုကို ထင်ဟပ်နေသည်ဟု ပြောကြားသည်။

လူလတ်တန်းစားထဲသို့ ဗီယက်နမ် နိုင်ငံသား အများအပြား ရောက်ရှိလာနေပြီး ၎င်းတို့အဖို့ ပထမဆုံးကားကို ဝယ်စီးကြသည်။ ထိုအခါ မော်တော်ဆိုင်ကယ်သည် မရှိမဖြစ် လိုအပ်သောအရာ မဟုတ်တော့ချေ။ သို့ဖြစ်ရာ မော်တော်ဆိုင်ကယ်ကို အဆုံးခံဖို့ ဆုံးဖြတ်ကြသည်။ 

.

အရီဇိုးနားပြည်နယ် တက္ကသိုလ်တွင် သင်ပြသည့် ပါမောက္ခ Jamme သည်  ဗီယက်နမ်နိုင်ငံ၏ မြို့ကြီးများနှင့် ၎င်း၏စီးပွားရေးတွင် မော်တော်ယာဥ်များ ပါဝင်သည့် အခန်းကဏ္ဍကို လေ့လာနေသောသူဖြစ်ပြီး သူက “မော်တော်ဆိုင်ကယ်က အရင်ကလို ဂုဏ်အဆင့်အတန်း ပြယုဂ် မဟုတ်‌တော့ဘူး” ဟု မှတ်ချက်ပြုသည်။ 

.

 

၂၀၁၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ကာလအတွင်း ကားပိုင်ဆိုင်သည့် အချိုးအစား မြင့်တက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ပျမ်းမျှအားဖြင့် အိမ်ထောင်စု ၁၀၀ လျှင် ကား ၃ ဒသမ ၃ စီး ပိုင်ဆိုင်ခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၈ စီးသို့ မြင့်တက်သည်။

.

ဟိုချီမင်းစီးတီးတွင် လမ်းများပေါ်တွင် ကားနှင့် မော်တော်ဆိုင်ကယ် အချိုးအစားတွင် ကားက ၁၃% သာ ရှိခဲ့သည်။ ကားအရေအတွက်နည်းနေသော်လည်း လမ်းပေါ်မှာ တင်းမာမှုများ ဖြစ်ပေါ်နေစေသည်။ ကားရပ်ထားသည့်အခါ ယူထားသည့်နေရာကြောင့် မော်တော်ဆိုင်ကယ် ရပ်ဖို့ နေရာမကျန်တော့ခြင်း၊ လမ်းလျှောက်စရာ နေရာမကျန်ခြင်းတို့ကြောင့် ရံဖန်ရံခါ ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။

.

မကြာသေးမီနှစ်များအတွင်း ဗီယက်နမ်နိုင်ငံတစ်ဝှမ်းတွင် အရက်သောက်ပြီး ယာဉ်မောင်းနှင်ခြင်းကို ဆန့်ကျင်သည့် စီမံချက်ကို ၄ နှစ်ကြာ ဆောင်ရွက်ခဲ့သည်။

 

အရက်မူးပြီး မောင်းနှင်မှုအတွက် အမြင့်ဆုံးဒဏ်ကြေးကို ၂၀၂၀ ခု ပြည့်နှစ်တွင် နှစ်ဆတိုးခဲ့သည်။ ဒေါ်လာ ၃၀၀ ကျော်နှင့် ညီမျှသော ပမာဏကို ဒဏ်တပ်သည်။ ဗီယက်နမ်မှ လုပ်သားတဦး၏ ပျမ်းမျှလစာထက် ပိုများသည့် ပမာဏ ဖြစ်သည်။ 

 .

လမ်းဘေး စားသောက်ဆိုင်များတွင် ဘီယာများ လွယ်လင့်တကူ ရနိုင်ပြီး အရက်အလွန်အကျွံ သောက်လေ့ရှိသည့် ဓလေ့အပေါ် အဆိုပါ စီမံချက်သည် မြင်သာထင်သာသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ ထောင်ချီသောသူများ ယာဉ်မောင်းလိုင်စင် အသိမ်းခံရသည်။ နိုင်ငံတဝှမ်း ဘီယာ ရောင်းအား ၂၅% ကျဆင်းသည်။ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ၊ ဒဏ်ရာရသူဦးရေ လျော့ကျသွားသည်။

ဟိုချီမင်း စီးတီးတွင် ၂၀၂၂ ခုနှစ်မှာ ယာဉ် ၁၅၅,၀၀၀ နီးပါး သိမ်းဆည်းခဲ့ပြီး အများစုမှာ မော်တော်ဆိုင်ကယ်များ ဖြစ်သည်။ 

.

ဟိုချီမင်းစီးတီးမှ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်သူ အသက် ၅၆ နှစ်အရွယ် ငုယင်ဟူလျမ်က ဇန်နဝါရီလမှာ သူ့လိုင်စင်နှင့် မော်တော်ဆိုင်ကယ် နှစ်ခုစလုံးကို သိမ်းဆည်းခံခဲ့ရကြောင်း၊ တနေ့တာ ကုန်ဆုံးချိန်တွင် သူငယ်ချင်းတဦးနှင့်အတူ အပန်းဖြေရန် ဘီယာအတူ သောက်ပြီးနောက် မော်တော်ဆိုင်ကယ် မောင်းနှင်လာစဉ် အရေးယူခံရခြင်း ဖြစ်သည်။ 

“ကျနော့်အမြင်အရတော့ သာမန်အလုပ်သမားတွေအတွက် ဒဏ်ကြေးက အရမ်းများနေတယ်"ဟု သူက ပြောသည်။

သူ့ တပတ်ရစ်မော်တော်ဆိုင်ကယ်တန်ဖိုးမှာ ဗီယက်နမ်ဒေါင်ငါးသန်း (ကန်ဒေါ်လာ ၂၀၀ ခန့်) ဖြစ်သည်။ သူပေးဆောင်ရသည့် ဒဏ်ကြေးက ကန်ဒေါ်လာ ၂၈၀ ခန့် ဖြစ်သည်။ သူက ဒဏ်ကြေး ပေးဆောင်သည်။ အဘယ်ကြောင့်ဆိုသော် ရဲများက သူ့လိုင်စင်ကို ပြန်ရရန်မှာ ဒဏ်ကြေး ပေးဆောင်ခြင်းမှတပါး အခြားနည်းလမ်း မရှိဟု ပြောကြားသောကြောင့် ဖြစ်သည်။ 

.

ဒဏ်ကြေး မပေးဘဲ မော်တော်ဆိုင်ကယ်နှင့် လိုင်စင် အဆုံးခံလိုက်သူများ အများအပြား ရှိသည်။ သို့ဖြစ်ရာ ဟိုချီမင်းစီးတီးရှိ ရဲဝင်းထဲ မော်တော်ဆိုက်ကယ် အများအပြား တောင်ပုံယာပုံ ဖြစ်နေပြီး မည်သို့ ရှင်းထုတ်ရမည်မသိသဖြင့် ခေါင်းခဲနေကြသည်။

 

 

ရန်ဖန်ရန်ခါ မီးထလောင်သည့် ဖြစ်ရပ်များလည်း ရှိသည်။ ပစ္စည်းဖြုတ်ခိုးသူများလည်း ရှိသည်။ 

ထောင်ချီသော မော်တော်ဆိုင်ကယ်များကို လေလံတင် ရောင်းချသော်လည်း လက်ကျန် အများအပြား ကျန်ရှိနေ‌သည်။ လေလံဆွဲရန် မသင့်သည့် အခြေစိုက်နေသည့်  မော်တော်ဆိုင်ကယ်များလည်း တောင်ပုံယာပုံ ရှိနေသည်။ 

Source nytimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read 324 times