နည်းပညာခေတ်တွင် အခြားသောနည်းပညာများတိုးတက်လာခြင်းနည်းတူ နေ့စဉ်မောင်းနှင်နေကြသည့် ကားများတွင်လည်း နည်းပညာသုံးပစ္စည်းများ တပ်ဆင်အသုံးပြုလာခဲ့ပြီဖြစ်ပါသည်။
ယနေ့ခေတ်ဝယ်ယူရရှိနိုင်သည့် ကားများထဲတွင် ပါဝင်နေပြီဖြစ်သော နည်းပညာများထဲမှ အသုံးအဝင်ဆုံး နည်းပညာ (၉) ခုကို ရေးသားဖော်ပြပေးလိုက်ပါသည်။
(၁) Apple CarPlay and Android Auto
မိုဘိုင်းဖုန်းများ စတင်တီထွင်အသုံးပြုလာခဲ့သည့်အချိန်ကစပြီး လူများသည် ကားများ၏ Media Interface ကိုလည်း ဖုန်း၏ Interface များနှင့်အတူတူ ရရှိရန် တောင့်တလာခဲ့ကြပါသည်။
ယခုချိန်မှာတော့ Apple CarPlay နှင့် Android Auto တို့၏ကျေးဇူးကြောင့် အမှန်တကယ်ရရှိလာခဲ့ပါသည်။
ထိုစနစ်များတပ်ဆင်ထားသည့်ကားများမှာ မိမိတို့ဖုန်းနှင့် ချိတ်ဆက်လိုက်သည်နှင့် Media Interface, Audio Display နှင့် ကားမောင်းနှင်နေစဉ်မှာ အသုံးပြုဖို့ သင့်လျော်သည့် App များကို အသုံးပြုနိုင်ပြီဖြစ်ပါသည်။
အဓိကအားဖြင့် Voice Control ကို အသုံးပြုရမှာဖြစ်ပြီး အခြားလိုအပ်သော Feature များစွာလည်း ပါဝင်ပါသေးသည်။
App များအနေဖြင့် Radio App များ၊ Navigation App များနှင့် Weather App များ အများဆုံးအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ကားမှာ CarPlay နှင့် Android Auto တို့ တပါတည်းပါဝင်ပြီးသား မဟုတ်ခဲ့လျှင်လည်း $700 ခန့်အသုံးပြုပြီး Dashboard မှာ တပ်ဆင်နိုင်ပါသေးသည်။
(၂) Expanded Bluetooth
Bluetooth Technology သည် စတင်ပေါ်လာစဉ်ကတည်းက Hand-free Calling နှင့် File Sharing အတွက် အသုံးဝင်သော Feature တစ်ခုဖြစ်ခဲ့ပါသည်။
ယခုအခါမှာ Bluetooth Feature Built-in ပါဝင်သော ကားများလည်း ထုတ်လုပ်ရောင်းချလာပြီဖြစ်ပါသည်။
ကားမှာပါဝင်သော Bluetooth စနစ်ကို ဖုန်းနှင့်ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုစေခြင်း၊ ဖုန်းလက်ခံခြင်း၊ အသံဖြင့် Message ပို့ခြင်း၊ သီချင်းနှင့် ရေဒီယိုဖွင့်ခြင်း၊ Map ကိုအသုံးပြုပြီး သွားလိုရာကို လမ်းညွှန်စေခြင်း အစရှိသော လုပ်ငန်းများကို လုပ်ခိုင်းလို့ ရနေပြီဖြစ်ပါသည်။
(၃) USB Ports
USB Port များပါဝင်သောကားများသည် မိမိတို့၏ ဖုန်း နှင့် Accessories များကို အားသွင်းနိုင်ရုံတင်မက wireless function များမပါဝင်သောဖုန်းမော်ဒယ်အဟောင်းများ၊ iPod Generation အနိမ့်များအတွက် သီချင်းဖွင့်ခြင်း၊ ရေဒီယိုဖွင့်ခြင်း စသောလုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် အသုံးဝင်ပါသည်။
Bluetooth ကို အသုံးပြုနိုင်သည့် ကားအချို့မှာလည်း USB Port ကို အသုံးပြုပြီး ပိုကောင်းမွန်သော အသံစနစ်နှင့် နားထောင်နိုင်သည်ကိုတွေ့ရပါသည်။
Bluetooth စနစ်မပေါ်ခင်ကဆိုလျှင် USB Port များသည် ဖုန်း၊ SD Card များနှင့် ချိတ်ဆက်ဖို့ တစ်ခုတည်းသော option ဖြစ်ခဲ့ပါသည်။
(၄) Keyless Access and Start
နောက်ပိုင်းထွက်ရှိလာသည့်ကားများတွင် ကားသော့မလိုအပ်ဘဲ ကားတံခါးကို လက်ဗွေမှတ်တမ်းဖြင့် ဖွင့်လှစ်နိုင်သောစနစ်၊ ကားစက်နှိုးရာတွင်လည်း သော့မလိုဘဲ လက်ဗွေနှင့် နှိုးနိုင်သောစနစ်များ ပါဝင်လာပြီဖြစ်ပါသည်။
ထို့ကြောင့် ယခင်ကလို သော့ပျောက်မှာ မစိုးရိမ်ရတော့သည့်အပြင် ကား၏လုံခြုံရေးပိုင်းကိုလဲ အဆင့်မြှင့်တင်ပြီးသား ဖြစ်သွားပါသည်။
(၅) App Integration
တစ်ချို့ကားများတွင် ကား၏ Digital Interface ပေါ်မှာ User များ အသုံးလိုမည့် App များ တစ်ပါတည်း ပါဝင်ပြီးသား ထည့်သွင်းပေးလာပါသည်။
ထိုစနစ်များကို အင်တာနက်ပလန်များနှင့် တွဲဖက်ဝယ်ယူနိုင်ပြီး ကားအတွက် သီးသန့် ဒေတာပလန်များလည်း ရှိပါသည်။
တစ်ချို့စနစ်များတွင် ဖုန်းမှာအသုံးပြုထားသော ဒေတာပလန်များနှင့် ချိတ်ဆက်ပြီးအသုံးပြုနိုင်သည့်အတွက် အပိုကုန်ကျမှု မရှိတော့ပေ။
Pandora Radio, Bing Local Search, Stitcher Radio, The Weather Channel, Movietickets.com, OpenTable, Aha Radio နှင့် Glympse location sharing အစရှိသော Service များ ပါဝင်ပါသည်။
(၆) Remote Vehicle Management
ထိုစနစ်ကတော့ မိမိတို့၏ smartphone မှတဆင့် ကား၏လုံခြုံရေးစနစ်၊ Door lock နှင့် ကားစက်နှိုးခြင်းများကို ထိန်းချုပ်နိုင်မည့် စနစ်ဖြစ်ပါသည်။
လိုအပ်သော App ကို Download ရယူပြီးသည်နှင့် အဆိုပါစနစ်ထည့်သွင်းထားသော ကားတွေကို အင်တာနက်မှတဆင့် လိုအပ်သလို ထိန်းချုပ်နိုင်ပြီဖြစ်ပါသည်။
(၇) Blind Spot Monitoring and Cross Traffic Alert
ထိုစနစ်ကတော့ ကားပေါ်တွင်လိုက်ပါလာသူများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုကို ဦးစားပေးထားသည့် စနစ်ဖြစ်ပါသည်။
ကားမောင်းနှင်နေစဉ်မှာ မြင်ရန်ခက်ခဲသော Blind Spot အတွင်း ဝင်ရောက်လာသည့် ကားများ၊ အရာဝတ္ထုများကို ကားတွင် တပ်ဆင်ပေးထားသည့် Sensor များမှတဆင့် သိရှိနိုင်မှာဖြစ်ပြီး အန္တရာယ်ရှိလာမယ်ဆိုလျှင် အချက်ပြပေးမှာဖြစ်ပါသည်။
ထို့အပြင် လမ်းဆုံလမ်းခွများကို ဖြတ်သန်းစဉ်မှာ အရှိန်နှင့် ဝင်လာမည့် အခြားကားများနှင့် အရာဝတ္ထုများကိုလည်း စောင့်ကြည့်ပြီး အသိပေးသွားမည်ဖြစ်ပါသည်။
(၈) Lane Keeping Assists
ထိုစနစ်ကတော့ အလိုအလျောက်မောင်းနှင်နိုင်သော ကားများထုတ်လုပ်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်ထားသည့် စနစ်ဖြစ်ပါသည်။
ဟိုက်ဝေးလမ်းမပေါ်တွင် လမ်းကြောင်းတစ်ခုယူပြီး မောင်းနှင်နေစဉ်မှာ ထိုစနစ်ကို ဖွင့်ထားမည်ဆိုလျှင် ကားသည် ထိုလမ်းကြောင်းအတိုင်း မပြောင်းလဲဘဲ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။
ထိုအရာသည် ညဘက်ကားမောင်းသူများနှင့် ကားမောင်းရင်း အိပ်ငိုက်တတ်သူများအတွက် အလွန်အသုံးဝင်သော စနစ်ဖြစ်ပါသည်။
(၉) Adaptive Cruise Control and Pre-collision Systems
လေအိတ်များ တီထွင်ပြီးသည့် နောက်ပိုင်းတွင် အကောင်းဆုံး အန္တရာယ်ကင်းစနစ်တီထွင်မှုကို ပြပါဆိုလျှင် Pre-collision System များကို ပြရမည်ဖြစ်ပါသည်။
ထိုစနစ်သည် ကားမှာတပ်ဆင်ထားသော sensor များနှင့် ကင်မရာများကို အသုံးပြုပြီး ကားတိုက်မှု မဖြစ်ခင် ကြိုတင်အသိပေးခြင်း၊ လိုအပ်ပါက အရေးပေါ် ဘရိတ်အုပ်ပေးခြင်း အစရှိသော လုပ်ဆောင်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ထို Sensor များနှင့် ကင်မရာများကို အသုံးပြုပြီး လိုချင်သော speed နှင့် အကွာအဝေးကို သတ်မှတ်ပေးပြီးသည့်အခါ ရှေ့မှ ကားတစ်စီး၏ မောင်းနှင်မှုအတိုင်း နောက်ကလိုက်ပြီး မောင်းနှင်နိုင်သော Adaptive Cruise Control စနစ်ကိုလည်း အသုံးပြုနိုင်ပါသည်။