တစ်ပတ်ရစ်ကား ဝယ်စီးမယ်ဆိုရင် စဉ်းစားရမည့် ဆိုးကျိုးများ


ကားဟောင်းဈေးကွက်ကတော့ မြန်မာပြည်မှာတင် မကပဲ နိုင်ငံအသီးသီးမှာ ရှိပြီး တစ်ပတ်ရစ်ကားတွေ ကိုမှ ပြန်စီးကျတဲ့ ယဉ်ကျေးမှုလည်း ရှိပါသေးတယ်။ သူက ဈေးသက်သာတဲ့ အားသာချက် တစ်ခု ရှိပါတယ်။ သို့ပေမယ့် ကိုယ်ရွေးချယ် ဝယ်ယူတဲ့ကားက ကီလိုမီတာ မြောက်များစွာ အသုံးပြုထားပြီးတဲ့ နှစ်ချို့ တစ်ပတ်ရစ်ကား ဖြစ်နေရင်တော့ မကောင်းတော့ပါဘူး။ အဲ့ဒီလို အတော်ကြာတဲ့ ကားဟောင်းနဲ့ ပက်သက်ပြီး ရရှိနေတဲ့ ဆိုးကျိုးအချို့ကိုဖော်ပြ ပေးလိုက်ရပါတယ်။

ကားတွေကို Grade အမျိုးမျိုးခွဲ သွင်းကြတယ်။ Grade A ၊ Grade B နဲ့ နောက်ဆုံးတော့ ဘယ်လိုပဲ ခွဲခွဲ ကားတွေက အပြစ်အနာအဆာ တွေနဲ့ချည်းပါ။ အပြင်မှာ လှနေရင်တောင် အတွင်းက အတော်လေး ဝါရင့်နေပါပြီ။ အထူးသဖြင့် ဂရိတ်နိမ့်လေလေ ကား Performance ကျဆင်း လေလေ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာက သတ်မှတ်ထားပြီးသားပါ။ ဘယ် ၂ ကီလိုမီတာ မောင်းပြီးတဲ့ ကား တစ်စီးအနေနဲ့ အင်ဂျင်ကထုတ်တဲ့ အိတ်ဇော ဘယ်လောက်ထိ အရောင့် ရင့်လာမယ်၊ အသံ ဘယ်လောက် ဆူညံလာမယ် ဆိုတာကအစ၊ ကားတစ်ကိုယ်လုံးမှာ အသုံးပြုတဲ့ခဲ၊ သတ္တုတွေကနေ အပူချိန်ကြောင့် အငွေထွက်ပြီး ကျန်းမာရေး ထိခိုက်မှာတွေ တစ်ခါတည်း တွက်ချက်ပြီး နှစ်ကြာတဲ့ကား ဖြစ်လေ အခွန်ဆောင်ခိုင်းတာ ပိုတိုးလာလေပါပဲ။ ဒီတော့ ၂ နှစ်လောက် မောင်းပြီးရင် လေလံကွင်းပို့ ကြတယ်လေ။ ကျနော်တို့ မြန်မာပြည်က သူတို့ ကျန်းမာရေး ထိခိုက်မှာစိုးလို့ ပို့လိုက်တဲ့ ကားတွေကို အသုံးပြုနေ ကြပါတယ်။ မီးခိုး တစ်လူလူနဲ့၊ မမြင်နိုင်တဲ့ အငွေ့ တွေနဲ့ ကျန်းမာရေးကို ထိခိုက်စေမှာ အမှန်ပါပဲ။

အင်ဂျင်တစ်လုံးဟာ သူ့ရဲ့ Running hour တစ်ခု အတွင်းပဲ အကောင်းဆုံး အလုပ်လုပ်တာပါ။ သက်တမ်း ရင့်လာတဲ့ အင်ဂျင်ဖြစ်လေ performance ကျလေပါပဲ။ ဆိုးကျိုးကတော့ လောင်စာဆီ ပိုစားလာတယ်။ အရင်က လေ၊ ဆီ အချိုးက နှစ်ကြာလာတော့ ပြောင်းလဲလာပြီး ဆီအချိုး ပိုကြီး လာတတ်ပါတယ်။ ဒီတော့ ဓာတ်ဆီဆိုင်မှာ တန်းဆီရတဲ့ အခြေအနေက ပိုများ လာတာပေါ့။ ကြားထဲက မသန့်တဲ့ ဆီသုံးမိရင် ခံရမယ့် ဒုက္ခက မသေးပါဘူး။

ဂျပန်မှာက ကားတစ်စီး မီးခိုးအရောင် ဘယ်လောက်ကို ဘယ်လောက် ကြာကြာထွက်ရင် ဒဏ်ငွေဘယ်လောက် ဆောင်ရမယ်ဆိုတာ တစ်ခါတည်း သတ်မှတ်ထားပြီးသားပါ။ ဒီတော့ စက်ထုတ်လုပ် သူတွေက မီးခိုး သက်သာအောင် ဖော်မြူလာ မျိုးစုံနဲ့ ဖန်တီးပါတယ်။ မီးခိုးမထွက်တဲ့ ကားတော့ ဘယ်ရှိမလဲ။ အနည်းနိုင်ဆုံး ဖြစ်အောင်တော့ ဖန်တီး ကြတာပေါ့။ မြန်မာပြည် ရောက်လာတဲ့ ကားတွေက ဂျပန်တွေမှာ မကောင်းတော့တာတွေ များတယ်လေ။ မီးခိုးအတွက် စည်းကမ်း သတ်မှတ်မှုကို အချို့က ကျော်လွန် နေကြပြီ။ အချို့က ကျော်လွန်ခါနီး။ ဒီတော့ သဘာဝ ပတ်ဝန်းကျင်ကို ကြိမ်းသေညစ်နွမ်းစေပါတယ်။

ပရီမီယံ ကားတစ်စီးနဲ့ အဟောင်းတစ်စီး ပြိုင်တူဝယ်ရင် ဘယ်တစ်စီးက အာမခံရမယ် ဆိုတာ အားလုံး သိကြမှာပါ။ အဟောင်းက ကားပိုင်ရှင် ရောင်း၊ ကုမ္မဏီရောင်း မဟုတ်ပါဘူး။ ဒီတော့ အာမခံ မရှိပါဘူး။ နိုင်ငံကြီးတွေမှာ ကားအစိတ်အပိုင်း တစ်ခုခု ဖြစ်တယ်ဆိုရင် ကုမ္မဏီက မျက်နှာအပျက်မခံနိုင်လို့ ချက်ချင်းခေါ်ယူပြီး ပြန်လည် ပြင်ဆင် ပေးရပါတယ်။ ဒါတောင် စီးတဲ့သူက မကျေနပ်ရင် တရားဆွဲလို့ ရပါတယ်။ ဒီလိုအခွင့်အရေးကို တစ်ပတ်ရစ်ကား ဝယ်စီးသူများ မရနိုင်ပါဘူး။ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက် အာမခံလည်း မရှိတဲ့အတွက် ကိုယ်ပျက်၊ ကိုယ်ပြင်၊ ကိုယ်ကုန်ပါ။

အမှန်တော့ တစ်ပတ်ရစ် ကားမှန်ရင် ဈေးသက်သာပါတယ်။ လက်ရှိ မြန်မာပြည် အခြေအနေ အရသာ ဈေးကြီးနေတာပါ။ တစ်ပတ်ရစ် ကားသာ ဆိုပါတယ်။ အော်ရီဂျင်နယ်ကား ဝယ်စီးရတဲ့ တန်ဖိုးထက်တောင် ၂ ဆ၊ ၃ ဆ မကလည်း ဈေးကြီး နေတတ်ပါတယ်။ မြန်မာငွေ သိန်း ၅၀၀ ဆိုတာ အမေရိကန် ဒေါ်လာ ၅ သောင်းဆိုရင် US မှာ ကောင်းပါတယ် ဆိုတဲ့ ပြိုင်ကားတွေ ဝယ်စီးလို့ ရပါပြီ။ ဒါကတော့ သူ့ခေတ်သူ့ခါပေါ့။ နောက်လည်း ပြောင်းလဲလာတော့မှာပါ။

အားနည်းချက်၊ ဆိုးကျိုးတွေ ကတော့ အများကြီးပါ။ သို့ပေမယ့် လက်ရှိ မြန်မာပြည် အနေအထားက တစ်ပတ်ရစ်ကား ဈေးကွက်ကိုသာ မှီခိုခွင့် ရှိနေပါသေးတယ်။ သို့ပေမယ့် တစ်ပတ်ရစ် တည်းမှာ ဂရိတ် ကောင်းတာတွေကိုပဲ အဓိကထား ဝယ်ဖို့ အကြံပေး ပါတယ်။

 

Read 9332 times