ကားဟောင်းလေးတွေပဲ ရောင်းဝယ်တာမှာ အဓိက သတိထားရမယ့် အချက်ကြီး ၅ ချက်


ကားဟောင်းလေးတွေပဲ ရောင်းဝယ်နေကြတဲ့ အနေအထားမှာ အဓိက သတိထားရမယ့် အချက်ကြီး ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိတ်ဇော မီးခိုး (Exhaust Smoke) ဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်အဓိက ဖြစ်ပါတယ်။ မိမိဝယ်မည့် ကားကို စက်နှိုးလိုက်ပြီး ကားနောက် အိတ်ဇောပိုက်ကို ကြည့်ပါ။ အလွယ်တကူ မြင်နိုင်မည့် မီးခိုးမထွက်ရပါ။ သို့သော် ယခုလို ဆောင်းရာသီမှာ ကားအိတ်ဇော လိုင်းထဲကရေငွေ့ (moisture) တွေဟာ ကားအင်ဂျင် အပူချိန်နဲ့ ရေနွေးငွေ့ (Steam) ဖြစ်ပြီး အိတ်ဇော ပိုက်က ထွက်လာတာကတော့ normal ဖြစ်ပါတယ်။ သတိထားရမှာကတော့ အိတ်ဇောလိုင်းထဲမှာ ရေနွေးငွေ့တွေ ကုန်ပြီးတဲ့အချိန်ထိ မီးခိုးအဖြူရောင် (White smoke)တွေ တွေ့ရရင်တော့ ကားအင်ဂျင် မီးလောင်ခန်း (combustion chamber) ထဲကို coolant ရေ ရောက်နေလို့ပါ။

အင်ဂျင် ဆလင်ဒါဘလော့ (cylinder blok)အက်နေခြင်း။ ဆလင်ဒါဟတ် (cylinder head)အက်နေခြင်း။ ဂတ်စကတ် (cylinder head gasket) ပျက်နေခြင်း စသည်ဖြင့် အင်ဂျင်မှာပတ်နေတဲ့ ရေလိုင်းပေါက် နေခြင်းပါ။ နောက်တစ်မျိုးက မီးခိုးအပြာရောင် တွေ ထွက်နေတာမြင်ရရင် အင်ဂျင် မီးလောင်ခန်းထဲကို အင်ဂျင်ဝိုင်တွေ ဝင်နေပါပြီ။ ဖြစ်နိုင်တာတွေကတော့ အင်ဂျင် ပစ္စတင် ရင်း (piston ring) တွေစားပြီး ချောင်နေခြင်း။ အဝင်အထွက် ဗားအထိုင်တွေစားပြီး အင်ဂျင်ဝိုင်လိုင်းယိုကျခြင်း စတာတွေဖြစ်နေပါပြီ။ နောက်ထပ် အိတ်ဇောငွေ့ မီးခိုး/အမဲရောင် အနေနဲ့ နည်းနည်းထွက်ရင်တော့ လေစစ် (air filter) ပလဂ် (spark plug) တွေလဲပေးခြင်း နဲ့ slow ချိန်ပေး ခြင်းဖြင့် အလွယ်တကူပြန်ပြင် နိုင်သော်လည်း မီးခိုးမည်း အရမ်းများနေရင်တော့ အင်ဂျင်တွင် ဂျီး/ဂျိုး များနေခြင်းနဲ့ လောင်စာဆီ အပြည့်အဝ မလောင် ကျွမ်းခြင်းပြသနာ ရှိနေပါတယ်။


၂။ အင်ဂျင်ခန်းအတွင်း ဆီ (oils) နဲ့ coolant ယိုစိမ့်ခြင်း (Fluid leaks) ဖြစ်ပါတယ်။ မိမိဝယ်မယ့်ကား အင်ဂျင်ခန်းဟာဆီ/ရေ ခြောက်နေဖို့ လိုပါတယ်။ အင်ဂျင်ခန်းကို ပြောင်နေအောင် ဆေး ထားရင် ပိုသတိထားပါ။ ကားကို မောင်းကြည့်ပြီးမှ အင်ဂျင်ခန်းအတွင်း ဘယ်နေရာမှာ ဆီ/ရေ ယိုစိမ့် ထွက်နေလည်း ရှာကြည့်ရပါမယ်။ ပိုက်ဆက်/ကြိုးဆက် စသည်ဖြင့် အက်ကွဲနေမှုမရှိစေရပါ။ နောက်တစ်ခုကတော့ အင်ဂျင်ဘေးပတ်လည်က ဘော်ဒီနဲ့ ဘောနတ်ဖုံးအတွင်းနံရံတွေမှာ ဆီ ပန်းထား တာတွေရှိမရှိကြည့်ပါ။ အင်ဂျင် ဂီယာဘောက်စ် အောက်ငုံ့ကြည့်ပါ။ ဆီယိုကျနေတာမရှိရပါ။ အားလုံး စမ်းမောင်းပြီးမှ စစ်ပါ။


၃။ အင်ဂျင်ဝိုင် အရောင် (Cloudy oil) ကော်ဖီ/ ခရင်ရောင် ဖြစ်နေခြင်းပါ။ စမ်းမောင်းပြီးတာနဲ့ အင်ဂျင်ဝိုင်တိုင်းတံ (Dip Stick) ကိုထုတ်ကြည့်ပါ။ အင်ဂျင်ဝိုင် လျော့တာ/မဲနေတာက အင်ဂျင်ဝိုင် လဲလိုက်လို့ရပါတယ်။ ခရင်မီကော်ဖီ (coffee creamy) အရောင်ဖြစ်နေရင်တော့ အင်ဂျင်တွင်း အင်ဂျင်ဝိုင်နဲ့ coolant ရေ ရောနေပါပြီ။ အင်ဂျင် ဂတ်စကတ်ပျက်နေတဲ့ သဘောပါ။ နောက်တစ်ခု ကတော့ အင်ဂျင်ဝိုင်ထည့်တဲ့ အဖုံးကိုဖွင့်ကြည့်ပြီး ဂျီး/ဂျိုးတွေ တွေ့ရရင် အင်ဂျင်ဝိုင်မလဲဘဲ ကြာကြာ သုံးထားမှန်းသိသာပါမယ်။

၄။ Rusting လို့ခေါ်တဲ့ ကားအောက်ပိုင်း သံချေး တက်နေခြင်းပါ။ အလွယ်တကူကတော့ ဖုံးကို ဗီဒီယို recording လုပ်ပြီး ကားအောက်လက်ထည့်ရိုက်ပါ။ ပြီးမှ တစ်ခုခြင်းပြန်ကြည့်ပါ။ အိတ်ဇောလိုင်း သံချေး အနည်းငယ်တတ်တာကတော့ normal ပါ။ တလက်စတည်း ကားဘော်ဒီ အပိန် အချိုင့် အတိုက် အခိုက်ရှာကြည့်ပါ။ သံချေးအရမ်းများနေရင်တော့ မဝယ်ပါနဲ့။

၅။ နောက်ဆုံးတစ်ခုကတော့ OBD II CODES error တွေဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဝယ်မယ့်ကားကို စက်ထိုးပါ။ error code ဖတ်ပါ။ မျက်မြင်ကတော့ engine check light, ABS, EPS, SRS, စသည်ဖြင့် error တွေကို OBD II (Onboard Diagnosis 2) စက်သွားထိုးပြီးစစ်လိုက်ပါ။ အထက်ပါ အချက်ကြီး ၅ ချက်ကတော့ ကားဟောင်းတစ်စီးကို ကောင်း/မကောင်း အဓိက စစ်ဆေးရမည့် အချက်သာ ဖြစ်ပါတယ်။ ကျန်သော ကားမှန်/မမှန် ဖြတ်ဆက် ဖောက်စွတ် ပေါင်ခံ ခိုးရာပါ အမွေဆိုင် အမှုတွဲ စသည့် နည်းပညာနှင့်မဆိုင်သော အရာများ အော်ဆေး အော်ကီလို ကားGrade များ တာယာများ ဘက်ထရီ စသည်တို့အား မိမိစိတ်ကြိုက် ဆုံးဖြတ်ဝယ်ယူ နိုင်ပါကြောင်းဖြင့်။

Source:Lin Htet (Engineering Explained for Myanmar)

Read 1353 times