တောင်ကိုရီးယား ထရပ်ကားများအတွက် ယူရီးယားများ တင်ပို့ခွင့် တရုတ်ပြန်ခွင့်ပြု


တရုတ်နိုင်ငံမှ တောင်ကိုရီးယားသို့ တင်ပို့မယ့် ယူရီးယား ၁၈,၇၀၀ မက်ထရစ်တန်ကို တင်ပို့မှု ရပ်ဆိုင်းထားရာမှ ပြန်လည်ခွင့်ပြုလိုက်ပါတယ်။

တောင်ကိုရီးယားမှာ ထရပ်ကားများ သုံးစွဲတဲ့ ဒီဇယ်အင်ဂျင်မှ ဓာတ်ငွေ့စွန့်ထုတ်မှု‌ေကြာင့် ‌ေလထု မညစ်ညမ်း‌ေစရန်အတွက် သန့်စင်ပေးဖို့ ဓာတ်ကူပစ္စည်းအဖြစ် ယူရီးယားကို ရေဖျော်ပြီး သုံးစွဲကြပါတယ်။

ကိုရီးယား လုပ်ငန်းတွေထံ တင်ပို့ဖို့ စာချုပ်ပြီးသား ယူရီးယားအစိုက်အခဲ တန်ချိန် ၁၈,၇၀၀ တန်ကို တင်ပို့ခွင့် ပြန်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံက အသိပေးကြေညာခဲ့ပါတယ်။

တရုတ်အစိုးရက ပြီးခဲ့တဲ့လမှာ ဓာတ်မြေဩဇာများ၊ ယူရီယား အပါအဝင် ဆက်စပ်ပစ္စည်းများကို စစ်ဆေးပြီးမှ ပြည်ပသို့ တင်ပို့ရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်ပြည်မှာ ကျောက်မီးသွေး ပြတ်လပ်နေတဲ့အတွက် ကျောက်မီးသွေးမှ ထုတ်လုပ်တဲ့ ယူရီးယား ပြည်ပတင်ပို့မှုများကို စိစစ်ခိုင်းထားတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှ ဒီဇယ်အင်ဂျင်သုံး ထရပ်ကားတွေက ယူရီယားဖျော်ရည်ကို မရှိမဖြစ် လိုအပ်ပါတယ်။ အင်ဂျင်မှ စွန့်ထုတ်တဲ့ ဓာတ်ငွေ့တွေမှာ လေထုညစ်ညမ်းမှု ဖြစ်ပေါ်စေတဲ့ နိုက်တြိုဂျင် အောက်ဆိုဒ်ကို ယူရီယားဖျော်ရည်က နိုက်တြိုဂျင်နဲ့ ရေ အဖြစ်သို့ ရောက်အောင် ဓာတ်ကူပြောင်းပေးပါတယ်။ 

ထရပ်ကားများအတွက် ယူရီယားကို ရာနှုန်းပြည့် ပြည်ပမှ တင်သွင်းတာမှာ တရုတ်နိုင်ငံမှ ၉၇% တင်သွင်းပါတယ်။ တရုတ်နိုင်ငံမှ တစ်နှစ်လျှင် တန်ချိန် ၅ သန်း နီးပါး တင်သွင်းပါတယ်။ တရုတ်နိုင်ငံမှ တင်ပို့တဲ့ ယူရီယားတွေကို အများဆုံး ဝယ်ယူတာ တောင်ကိုရီးယားဖြစ်ပြီး ဒုတိယနေရာမှာ အိန္ဒိယနိုင်ငံ ရှိနေပါတယ်။ 

ယခင်က ယူရီးယားကို တောင်ကိုရီးယား ပြည်တွင်းမှာ ထုတ်လုပ်ခဲ့ပေမဲ့ ဈေးကြီးတယ်။ ရုရှားနဲ့ တရုတ် နိုင်ငံတို့မှ တင်သွင်းတာက ဈေးသက်သာနေလို့ ပြည်တွင်းထုတ်လုပ်မှုများ ပိတ်သိမ်းလိုက်ကြတယ်။ Korea Fertilizer Co., Ltd. အရှုံးပေါ်လို့ ယူရီးယား ထုတ်လုပ်မှုကို ၂၀၁၁ ခုနှစ်မှာ ပိတ်သိမ်းခဲ့တယ်။ 

အောက်တိုဘာ လလယ်ပိုင်းမှ စလို့ တရုတ်နိုင်ငံက ယူရီးယားတင်ပို့မှုကို လျှော့ချလိုက်တဲ့အတွက် တောင်ကိုရီးယားမှ ဒီဇယ်အင်ဂျင်သုံး မော်တော်ယာဉ် စီးရေ လေးသန်းနီးပါးတို့ ယူရီယားမရရင် ရပ်ထားရမယ့်ကိန်း ဆိုက်ရောက်သွားတယ်။ 

ဒီဇယ်အိပ်ဇောဖျော်ရည် diesel exhaust fluid (DEF) အဖြစ် ယူရီယားဖျော်ရည်ကို သုံးစွဲကြတယ်။ DEF ကို လေထုညစ်ညမ်းမှုကာကွယ်ရေးအတွက် မသုံးမနေရ သုံးကြရတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ထုတ်လုပ်တဲ့ ဒီဇယ်ကားတွေအဖို့ selective catalytic reduction (SCR) system မပါမဖြစ် ထည့်ပေးထားလို့ အင်ဂျင်လည်ပတ်မှုအတွက်လည်း DEF ကို ပုံမှန်ဖြည့်ပေးနေဖို့ လိုအပ်ပါတယ်။ မဖြည့်ရင် အင်ဂျင်က ပုံမှန်အလုပ်မလုပ်တော့ဘူး။ 

ဒီဇယ်ကား ၄ သန်းနီးပါး ရှိတာမှာ ၂ သန်းနီးပါးက ကုန်စည်ပို့ဆောင်ရေးကဏ္ဍမှ ထရပ်ကားတွေ ဖြစ်ပါတယ်။ ထရပ်ကားတွေ ရပ်ထားရရင် ကုန်စည်ပို့ဆောင်ရေး ရပ်တန့်သွားတော့မှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ထရပ်ကားများနဲ့ ယန္တရားများလည်း ရပ်တန့်ကုန်မှာ ဖြစ်လို့ ဆောက်လုပ်ရေးကဏ္ဍလည်း ရပ်ထားရတော့မယ့်အရေး ဖြစ်ပါတယ်။ 

 

 

ယူရီယားကို ထရပ်ကားသမားတွေ စိုးရိမ်တကြီး ဝယ်ယူခဲ့ကြဖို့ ဆီဆိုင်တွေမှာ ထရပ်ကားတွေ တန်းစီကြတယ်။ 

အရေးပေါ် လိုအပ်ချက်ကို ဖြေရှင်းဖို့အတွက် ဩစတေးလျမှ ယူရီယားများကို လေတပ်မှ ဂျက်လေယာဉ်များဖြင့် ကိုရီးယားသို့ နိုဝငဘာလဆန်းပိုင်းမှာ သယ်ယူခဲ့ပါတယ်။  ယူရီးယားဖျော်ရည် ၂၇,၀၀၀ လီတာ သယ်ယူခဲ့ပါတယ်။ 

ဗီယက်နမ် နိုင်ငံမှ တန် ၂၀၀ ဝယ်ယူဖို့ စာချုပ်ခဲ့တယ်။ အခြားနိုင်ငံများမှ တန်ချိန် ၁၀,၀၀၀ အထိ တင်သွင်းဖို့ လိုက်လံဝယ်ယူလျက် ရှိပါတယ်။ 

တရုတ်နိုင်ငံမှ ပြန်လည်ခွင့်ပြုလိုက်တဲ့ ယူရီယားတင်ပို့မှုမှာ ပထမအသုတ် တန် ၃၀၀ ကို စိစစ်ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ တန်ချိန် ၆,၈၀၀ က စစ်ဆေးဆဲ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ တန်ချိန် ၁၁,၆၀၀ ကိုတော့ ပို့ကုန်လုပ်ငန်းတွေက စစ်ဆေးဖို့ လျှောက်ထားခြင်း မပြုရသေးကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

koreaherald.com

 

 

Read 500 times