လိုင်စင်မဲ့ ဆိုင်ကယ်များကို ယနေ့မှစတင်၍ ရက် ၃၀ အတွင်း တရားဝင် လိုင်စင်ချပေးမည်


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဧရိယာနယ်နိမိတ်မှအပ ကျန်တိုင်းနှင့် ပြည်နယ်များတွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဇူလိုင် ၇ ရက် (ယနေ့) မှစတင်၍ သြဂုတ် ၁၉ ရက်အထိ ရက်ပေါင်း ၃၀ ကြာ တရားဝင် လိုင်စင်ချထား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ One Stop Service စီမံချက်ဖြင့် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ကညနရုံးများတွင် ဇူလိုင် ၇ ရက်မှ သြဂုတ် ၁၉ ရက်အထိ ရုံးဖွင့်ရက် ရက်ပေါင်း ၃၀ ကြာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မှတ်ပုံတင်လိုင်စင် သက်တမ်းအား နှစ်နှစ် သတ်မှတ်ပေးမည် ဖြစ်ကြောင်း သိရသည် ။

စည်းကြပ်တန်ဖိုးများကို ထုတ်လုပ်သည့် နိုင်ငံ၊ ထုတ်လုပ်သည့်ခုနှစ် ၊ အင်ဂျင်ပါ၀ါ စီစီတို့အလိုက် ကောက်ခံသွားမည်ဖြစ်ပြီး လက်ရှိ ပုံမှန်တင်သွင်းမှုများတွင် ကောက်ခံသည့်အတိုင်း အကောက်ခွန် ငါးရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည် ။

သတ်မှတ် အခွန်အခ နှုန်းထားများကို သက်ဆိုင်ရာရုံးများတွင် ဗီနိုင်းချိတ်ဆွဲ ကြေညာပေးထားမည်ဖြစ်ပြီး အဆိုပါ သတ်မှတ် အခွန်နှုန်းထားများမှာ တရုတ်နိုင်ငံထုတ် ၂၀၂၀ ပြည့်နှစ် ဆိုင်ကယ် ၁၂၆ စီစီမှ ၂၅၀ စီစီအတွင်း ၁၆၂၀၀၀၀ ၊ ထိုင်းနိုင်ငံထုတ်ဆိုပါ က ၃၇၂၀၀၀၀ ၊ ဂျပန်နိုင်ငံ ထုတ်ဆိုပါက ၄၈၄၀၀၀၀ သတ်မှတ်ထားသည်။

အက္ခရာနံပါတ်မှာ လက်ရှိရောက်ရှိ အက္ခရာနံပါတ်မှ စတင်ကာ ပေါင်းခြင်း (၁၀၊ ၁၃ ) မပါ နံပါတ်များကို ချထားပေးသွားမည်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်မှအပ ကျန်တိုင်းနှင့်ပြည်နယ် အားလုံးတွင် မောင်းနှင်ခွင့် ရှိမည်ဖြစ်သည်။

ELEVEN MEDIA GROUP

Source : https://news-eleven.com/article/211152?

Read 59169 times