ကုန်းနှင့် ရေ နှစ်ထွေသွားနိုင်သော တင့်ကားတွေ၊ မော်တော်ကားတွေကို ကမ္ဘာပေါ်မှာ အများအပြား တီထွင်နိုင်ခဲ့သလို ကုန်းပေါ်မောင်းနှင်တဲ့မော်တော်ကားနဲ့ ရေထဲမှာ ခုတ်မောင်းလို့ရတဲ့မော်တော်ဘုတ်ကို သီးခြားစီခွဲထုတ်လို့ရအောင် ပေါင်းစပ်ဖန်တီးထားသော နည်းပညာမျိုးလည်း ကြံဆခဲ့ဖူးပါတယ်။
၎င်းစိတ်ကူးကို Brooks Stevens ဆိုသူက စတင်ခဲ့တာဖြစ်ပြီး ကနဦးရှေ့ပြေးပုံစံကို ၁၉၇၀ ပြည့်နှစ် ဇန်နဝါရီလမှာ ကျင်းပပြုလုပ်ခဲ့တဲ့ San Francisco Boat ပြပွဲမှာ မိတ်ဆက်ပြသခဲ့ပါတယ်။
Evinrude Rooney Lakester လို့ အမည်ပေးထားတဲ့ ယာဉ်ကို တောက်ပတဲ့ လိမ္မော်ရောင်နဲ့ ပုလဲရောင် ရောစပ်ခြယ်သထားပြီး ခေါင်းပိုင်းကို သဲသောင်ပြင်မှာ မောင်းနှင်ဖို့ ကြီးမားသော တာယာတွေတပ်ဆင်ထားတဲ့ Dune Buggy အပေါ့စားကားငယ်ကို အသုံးပြုထားပါတယ်။
အနောက်တွင် ၁၄ ပေရှည်သော ဖိုက်ဘာဂလပ်စ်မော်တော်ဘုတ်ပါပြီး Dune Buggy ပေါ် အတင်၊ အချလုပ်ဖို့ လျှပ်စစ်ဝန်ချီစက်ကို သုံးရမှာဖြစ်တယ်။
Dune Buggy နဲ့ မော်တော်ဘုတ်တစ်ဆက်တည်းရှိတဲ့အချိန်ဖြစ်ဖြစ်၊ ခွဲထားတဲ့အချိန်ဖြစ်ဖြစ် မောင်းနှင်တဲ့အခါ စွမ်းအင်ထုတ်ပေးဖို့ မြင်းကောင်ရေ ငါးဆယ်အား အင်ဂျင်ကို အသုံးပြုထားပါတယ်။
ပင်လယ်ကမ်းခြေမှာ ရေလွှာစီးဖို့ ရည်ရွယ်ချက်နဲ့ Brooks Stevens တီထွင်ကြံဆခဲ့တဲ့ Evinrude Rooney Lakester ယာဉ်တွေဟာ အဲအချိန်တုန်းကတော့ အမေရိကန်ဒေါ်လာ ၂၅၀၀ လောက်ကုန်ကျမှာဖြစ်ပြီး ဈေးကြီးလွန်းတာကြောင့် ထုတ်လုပ်နိုင်မှုမိုဒယ်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။
သို့ပေမဲ့ မော်တော်ကားနဲ့ မော်တော်ဘုတ်ကို ပေါင်းစပ်အသုံးပြုဖို့ အတွေးအခေါ်ကတော့ အဆုံးသတ်သွားခြင်းမရှိဘြ ၁၉၉၆ ခုနှစ်မှာ ကနေဒါ နိုင်ငံ၊ အွန်တေရီယိုပြည်နယ်အခြေစိုက် Highway Boaterhome Inc ကုမ္ပဏီက ပထမဆုံးမော်တော်ကားနဲ့
မော်တော်ဘုတ်ပေါင်းစပ်ထားတဲ့ယာဉ် ထုတ်လုပ်မှုမိုဒယ်အဖြစ် တီထွင်ထတ်လုပ်ရောင်းချခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ယာဉ်အမည်ကို Boaterhome လို့ အမည်ပေးခဲ့ပါတယ်။ Ford ကုမ္ပဏီထုတ် ရှေ့ဘီးယှက်စနစ်သုံး Econoliner ကားက မော်တော်ဘုတ်ကိုဆွဲတဲ့ Hauler ဖြစ်လာပြီး ခရီးသည်လေးဦးကနေ ခြောက်ဦးအထိစီးနိုင်တဲ့ ၃၁ ပေအရှည်
မော်တော်ဘုတ်ကို လိုရာခရီးရောက်အောင် ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပင်လယ်ကမ်းခြေရောက်ရင် ခေါင်းပိုင်းနဲ့ ခွဲထုတ်ပြီး မော်တော်ဘုတ်ချည်းသက်သက် ရေထဲမှာခုတ်မောင်းနိုင်ပါတယ်။ လမ်းခရီးတွင်မောင်းနှင်နေချိန် မော်တော်ကားခေါင်းပိုင်းနဲ့ မော်ဘုတ်အကြား ကူးပြောင်းသွားလာဖို့ မော်တော်ဘုတ်ဦးပိုင်းမှာတံခါးပေါက်ပါရှိလို့ အခက်မတွေ့နိုင်ပါဘူး။
နောက်ပိုင်းမှာ Boaterhome ယာဉ်တွေကို အမျိုးမျိုးထပ်မံထုတ်လုပ်ခဲ့ကြပြီး ခေါင်းပိုင်းမှာသုံးတဲ့ မော်တော်ကားအမျိုးအစားအပြင် မော်တော်ဘုတ်အရွယ်အစားကလည်း တစ်စီးနဲ့တစ်စီး တူညီမှုမရှိဘဲ ကွဲပြားခဲ့ကြပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ပုံစံမတူညီတဲ့ Boaterhome ယာဉ်စုစုပေါင်း ၂၁ စီး အထိရှိနေပြီ ဖြစ်ပါတယ်။