Turbo နှင့်ပတ်သက်ပြီး သိသင့်သည့်အချက်များ


Turbo charger ဆိုသည်မှာ လွယ်လွယ်ပြောရရင် NA အတိုင်း အင်ဂျင်ထဲဝင်တဲ့လေကို များများဝင်လာနိုင်အောင် လေကို Propeller ဆိုတဲ့ ဒလက်နဲ့ လေကိုအင်ဂျင်ထဲထည့်ပေးတဲ့သဘောဖြစ်ပါသည်။

Turbine ကို အင်ဂျင် outlet manifold မှာ တပ်ထားပြီး အင်ဂျင်ကထွက်လာတဲ့ မီးခိုးကိုအသုံးပြုကာ Turbine ရဲ့ တစ်ဘက်မှာရှိတဲ့ propeller ကိုလည်ပတ်စေပါသည်။

ထို propeller လည်ပတ်မှုကြောင့် ဝင်ရိုးနဲ့ဆက်ထားတဲ့ တခြားဘက်မှာရှိသည့်  compressor propeller ပန်ကာ ဒလက်ကလိုက်လည်ပြီး လေကို pipe line ကတစ်ဆင့် Intercooler ဆီကို ပို့ပေးပါသည်။

ဘာကြောင့်လဲဆိုရင် အင်ဂျင်ကထွက်လာတဲ့ မီးခိုးဟာ အပူချိန်အရမ်းမြင့်ပါသည်။

RPM 3500 ကျော်မှာ exhaust manifold and tarbine temp: သည် 1000°C ကျော်ပါသည်။

Turbine ထဲက propeller ဟာလည်း အပူချိန်မြင့်တက်နေလို့ ဝင်ရိုးနဲ့ဆက်ထားတဲ့ တစ်ဘက် compressor ထဲက propeller မှာ အပူကူးစက်ပြီး လေမှာလိုက်ပြီးပူနေလို့ပါ။

ထို့နောက် propeller ရဲ့ ညှစ်အားကြောင့်လည်း လေအပူချိန် ပိုမြင့်စေပါသည်။

လေဟာပူလာရင် လေထဲမှာ အောက်ဆီဂျင်ပါဝင်မှု လျော့ကျလာလို့ မီးလောင်ပေါက်ကွဲမှု အားနည်းစေပါသည်။

ထိုကြောင့် Intercooler မှာဖြတ်ပြီး လေကိုအအေးခံပြီးမှ throttle body ကနေ Intake manifold မှ တဆင့် cylinder ထဲကို ဝင်ရောက်စေပါ သည်။

ကြားဖြတ်ပြောရရင် Intercooler ရဲ့လုပ်ဆောင်ချက်ကတော့ လေကို အအေးခံပေးခြင်းဖြစ်ပါသည်။

Intercooler ရဲ့ ဖွဲ့စည်းပုံကတော့ ကားရေတိုင်ကီနဲ ့ဆင်တူပါသည်။

Intercooler ထဲက လိုင်းလေးတွေထဲကို လေကဖြတ်သန်းသွားတဲ့အချိန်မှာ ကားသွားတဲ့အရှိန်ကြောင့် ရှေ့ကတိုး ဝင်လာတဲ့လေနှင့် အထဲမှာရှိတဲ့လေတွေကို အအေးခံတဲ့သဘောဖြစ်ပါသည်။

တချို့ကျတော့ fan ပါတာလည်းရှိပါသည်။

Turbo charger စပေါ်ခါစက ကားတွေမှာဆိုရင် Intercooler မပါသေးတဲ့ကားတွေတွေ့ခဲ့ဖူးပါသည်။

Turbo charger ပါသည့် ကားက ဆီပိုစားသလား။

အရင်ဆုံး အင်ဂျင်လည်ပတ်ပုံ အခြေခံသဘောကို ပြန်ကြည့်ရအောင် ဓာတ်ဆီအင်ဂျင်မှာဆိုရင် အင်ဂျင်လည်ပတ်ဖို့ cylinder ထဲ မီးလောင်ပေါက်ကွဲရာမှာ လိုအပ်တာတွေက

၁။ လောင်စာ(ဓာတ်ဆီ)

၂။ အောက်စီဂျင်ပါဝင်တဲ့လေ

၃။ မီး(Spark plug မှ) တို့ဖြစ်ပါသည်။

ထိုသုံးမျိုးမှာ လိုအပ်သလိုအသုံးပြုနိုင်တာက လောင်စာနဲ့ မီးဖြစ်ပါသည်။

ထိုနှစ်မျိုး ကိုတော့ ECU ကနေ လိုအပ်သလောက် Adjust လုပ်ပေးလို့ရပေမယ့် ''လေ''ကိုတော့ လိုအပ်သလို Adjust အလုပ်ပေးလို့မရနိုင်လို့ ပြင်ပက support လုပ်ပေးတဲ့ Turbo charger , super charger စသည့် ကိရိယာတွေ ကိုသုံးရခြင်းဖြစ်ပါသည်။

အင်ဂျင် CC ကြီးတဲ့ကားတွေဟာ အင်ဂျင် CC သေးတဲ့ ကားတွေထက် ဆီပိုစားသည်။

အားပိုကောင်းပြီး ဆီပိုစားတယ်ဆိုတာဟာ Cylinder ထဲမှာ မီးများများလောင်နိုင်လို့ပါပဲ။

 ထိုအတွက် လေစုပ်ယူအားလည်း ပိုကောင်းပါတယ်။

ဒီမှာ တစ်ချက်ကြားဖြတ်ပြီး ပြောမယ်ဆိုရင် အပြင်မှာ မီးဖိုဖူးကြမှာပါ။

အမှိုက်တွေ မီးရှို့ဖူးကြမှာပါ။

မီးရှို့တဲ့အခါမှာ လောင်စာဖြစ်တဲ့ သစ်ကိုင်းဖြစ်စေ၊ စာရွက်ဖြစ်စေ အသုံး ပြုကြတယ်ဆိုရင် ပထမမီးလောင်ဖို့အတွက် မီးခြစ်နဲ့မီးတို့ပေးရတယ်။

နောက်မီးကောင်းကောင်းတောက်ဖို့ အတွက် လေတိုက်မှ မီးတောက်ကောင်းတယ်။

လေမလာရင် ယပ်တောင်မီးပြောင်းစတာနဲ့ လေကို ဖန်တီးပေးရတာ သိကြမှာပါ။

လေမတိုက်ဘဲ တစ်ခုခုနဲ့ support လုပ်ပြီး လေကို ဖန်တီးပေးတာဟာ Turbo or super charger ရဲ့သဘောပါပဲ။

မီး တောက်နေတဲ့အချိန်မှာ လေအရမ်းကြမ်းကြမ်းတိုက်လိုက်ရင် မီးတောက်က ငြိမ်းသွားတာတွေ့ဖူးမှာပါ။ ဒါမှမဟုတ် မီးတောက်ပေါ်ကို လောင်စာဖြစ်တဲ့ သစ်ကိုင်းတွေ အများကြီး အပေါ်ကနေ ဖိတင်လိုက်မယ်ဆိုပါက မီးတောက်ငြိမ်းသွားပါသည်။

ထို့ကြောင့် လေရယ် လောင်စာရယ် မီးရယ်ဟာ အချိုးကျနေမှ အရှိန်အဟုန်ကောင်းတဲ့ မီးတောက်ကိုရပြီး လောင်စာကို အကြွင်းကျန်မရှိအောင် တောက်လောင်နိုင်မည်ဖြစ်ပါသည်။

ဒါကို အခြေခံပြီး အပေါ်က Turbo ပါတဲ့ကားက ဆီပိုစားလားဆိုတာကို ပြန်ရှင်းမယ်ဆိုရင် ဥပမာ 2000 cc အင်ဂျင်ကို ကြည့်မယ်ဆိုရင် Turbo မပါတဲ့ ကားလေစုပ်အားပမာဏ ၅ဝ ဆိုရင် Turbo ပါတဲ့ကားက လေစုပ်အား ၁ဝဝ လောက်ရှိပါတယ်။

ဒါဆို လေက ပိုများလာမယ်ဆိုရင် သေချာပေါက် ဆီလည်း ပိုကျွေးမှ အချိုးညီမှာမဟုတ်လား။ ဒီတော့ အခြေခံအရ ကြည့် မယ်ဆိုရင် ဆီပိုစားပါတယ်။

ဒါကြောင့် ခုနောက်ပိုင်း BMW လိုကားတွေမှာ eng(cc) ကို လျှော့ချပြီး turbo charger တပ်။ HP ကိုတော့ အရင်အတိုင်း ပြန်ထုတ်ထားပါတယ်။

ထို့ကြောင့်  2015 bmw 520 လည်း 2000cc, bmw 528i လည်း 2000cc ၊ သို့သော် turbo တပ်ထားပြီး hp ကို မြင့်ပေးထားလို့ ဆီစား သက်သာတာ တွေ့ရပါသည်။

အရင် 2006/7/8 528i engine ဟာ 2000 cc မဟုတ်ဘဲ 3000cc 231 hp ပါ။

2015 bmw 528i ကျတော့ eng 2000cc ကို လျှော့ချပြီး Turbo တပ်ထားလို့

245hp ပိုများလာပါသည်။

ထို့နောက်ပြီး ကားမောင်းတဲ့ style ပေါ်မှာမူတည်ပြီး တချို့နေရာတွေမှာ Turbo မပါတဲ့ ကားထက်ပိုပြီး ဆီစားသက်သာတာ ရှိပါသည်။

Turbo ပါတဲ့ကားဟာ လီဗာကို နင်းလိုက်လွှတ်လိုက်မလုပ်ဘဲ ပုံမှန်နင်းမယ်ဆိုရင် highway လမ်းပေါ်မှာ Turbo မပါတဲ့ CC တူကားထက် kilo အတူတူမှာ ဆီစား ပိုသက်သာနိုင်ပါသည်။

နောက်တစ်ခုက Turbo ပါတဲ့ကားနဲ့ မပါတဲ့ကားမှာ ဆီစားတာတစ်ခုလောက်ကိုပဲ မကြည့်သင့်ဘူးလို့ပြောချင်ပါသည်။

CC အတူတူမှာ Turbo ပါတဲ့ကားဟာ Turbo ကားထက် hp and torque က နှစ်ဆလောက်ပိုမြင့်ပြီး high way လမ်းပေါ်မှာ နှစ်စီးတွေ့ကြရင်လည်း No Turbo ကားက ဆီကုန်ချင်ကုန်ပါစေ။ ဘယ်လောက်ပဲ full throttle ပဲနင်းနင်း Turbo ကားရဲ့မီးခိုးနံ့တောင် ရှူဖို့မလွယ်ပါဘူး။ ဘက်မှန်အစက်အပြောက်လောက်ပဲ ကျန်ခဲ့မှာပါ။

ပြောချင်တာကတော့ ကိုယ် speed မြင့်ချင်ရင် မြင့်ချင်သလောက် မောင်းလို့ရတာလောက်နဲ့ပဲ ကျေနပ် လောက်ပါသည်။

ထို့ပြင် အစထဲက Turbo ကားကိုဝယ်စီးမှတော့ ဆီစားတာကိုလည်း ထည့်တွက်သင့်ပါသည်။

ဆီစားသက်သာချင်ပါက hybrid လို family ကားမျိုး ဝယ်စီးမှာပေါ့ 2000 CC ကားက 3000CC ကား၏  Power လောက်မက မြင့်တက်လာတာကို 2000 CC ကားရဲ့ဆီစားနှုန်းနဲ့ယှဉ်လို့ ဘယ်ရမလဲ။

Turbo ပါတိုင်း အင်ဂျင်ပါဝါနှစ်ဆထွက်လားဆိုရင် တပ်ထားတဲ့ Turbo အကြီးအသေးနဲ့ ecu mapping ကို ဘယ်လောက် bar မှာ setting လုပ်ထားလဲဆိုတာ ပေါ်မှာမူတည်ပါသည်။

 ဥပမာ စက်ရုံထုတ် original Turbo ပါတဲ့ကားတွေမှာ တွေ့ဖူးသလောက်တော့ အနည်းဆုံးတစ်ဆခွဲ hp တက်ပါသည်။

ဒါဟာ သူတို့က only for speed အတွက် Ecu mapping လုပ်ပေးလိုက်တာ မဟုတ်ဘူး။ ဆီစားလည်း ကောင်းရမည်။

အင်ဂျင်ပျက်စီးမှုလည်းနည်းရမယ် စသဖြင့် အဘက်ဘက်ကစဉ်းစားပြီး ထုတ်လိုက်တာပါ။

2.0 Turbo modified လုပ်ထားတဲ့ကားနဲ့ 3.0 no turbo ကား high way မှာတွေ့ရင် ဘယ်လိုနေမလဲဆိုတာ Turbo tuning ဆိုတာ အဆုံးမရှိသလောက်ပဲ။

ကိုယ်က hp ဘယ်လောက်ထွက်အောင် tuning လုပ်မယ်ဆိုတာပေါ် မူတည်ပါသည်။

တချို့ကားတွေ 2.0 ကို hp 1000 ထိ tuning လုပ်ထားတာ တွေ့ဖူးပါတယ်။ ဒီကားတွေကတော့ only speed ပဲ စဉ်းစားထားတဲ့ကားပါ။

ဆီစားဆိုတာလည်း မေးနေစရာကို မလိုလောက်အောင် စားပါတယ်။ အင်ဂျင် lifetime ကလည်း ၆ လကနေ အများဆုံးတစ်နှစ်ပါပဲ။

ဒီတော့ 2.0 turbo tuning ကားနဲ့ လမ်းပေါ်မှာတွေ့ရင် Lexus Crown လို အင်ဂျင်ကြီးတဲ့ family ကားတွေ လိုက်မောင်းဖို့ မလွယ်ပါဘူး။

 

Read 1379 times