တာဘိုအင်ဂျင်တွေဟာ ရိုးရိုးအင်ဂျင်တွေထက် မြင်းကောင်ရေစွမ်းအား ပိုကြီးပါတယ်။ အင်ဂျင်ထုထည် စီစီ ချင်းအတူတူ “တာဘို” ပါတာနဲ့ “တာဘို” မပါတာ စွမ်းအားချင်းမတူကြပါဘူး။ တာဘိုကြောင့် အင်ဂျင်ထဲကို လေများများဝင်ပြီး စွမ်းအင်ပိုထွက်လာတာပါ။ လေများများဝင်တယ်ဆိုတာ အောက်ဆီဂျင်များများ ဝင်တာပါပဲ။ အင်ဂျင်ထဲမှာ လေနဲ့ လောင်စာဆီရောစပ်ပြီး မီးလောင်ပေါက်ကွဲပါတယ်။ လေများများရမှ ပေါက်ကွဲမှုစွမ်းအား ပိုကြီးပါတယ်။
ပြိုင်ကားတွေ၊ ပြိုင်ပွဲဝင်မော် တော်ဆိုင်ကယ်တွေမှာ တာဘိုတပ်ဆင်ထားတဲ့အတွက် အင်ဂျင်ပါဝါစွမ်းအား မြင့်မားပါတယ်။ Heavy Truck ကားကြီးတွေမှာလည်း တာဘိုချာဂျင် တပ်ဆင်ထားတာကြောင့် ကြီးမားတဲ့ မြင်းကောင်ရေစွမ်းအားတွေ၊ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ တာဘိုတပ်ထားတဲ့အင်ဂျင်မှာ သာမန်အင်ဂျင်တွေထက် လေဝင်ရောက်နိုင်တဲ့ ပမာဏ ၅၀ ရာခိုင်နှုန်းတိုးလာပါတယ်။ လေဝင်များလာတဲ့အတွက် အင်ဂျင်ကထုတ်ပေးနိုင်တဲ့ ပါဝါစွမ်းအင်ကလည်း ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာ ခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ လေထုဖိအားပမာဏဟာ ပုံမှန်ဆိုရင် ၁၄.၇ ပဲ ရှိပါတယ်။ သာမန်အင်ဂျင်တွေမှာ အင်ဂျင်ထဲကိုလေဝင်တာ လေထုဖိအားတစ်ခုတည်း တွန်းအားပဲရှိတယ်။ ဒီဖိအားဟာ ပမာဏနည်းတာကြောင့် အင်ဂျင် Speed မြန်လွန်းတဲ့ အခြေအနေမှာ လေအလုံအလောက်မရတော့ပါဘူး။ အင်ဂျင်အသက်ရှုကျပ်သွားပါတယ်။ ဒီအခြေအနေမျိုးမှာ အင်ဂျင်ထဲကို လေများများဝင်နိုင်အောင် Blower နဲ့ မှုတ်ထည့်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ဒီတာဝန်ကို တာဘိုချာဂျင်က ယူလိုက်ပါတယ်။ အင်ဂျင်အိတ်ဇော တွန်းကန်အားနဲ့ တာဘိုင်ကိုလည်စေတယ်။ တာဘိုင်နဲ့ဝင်ရိုး တဆက်တည်းဖြစ်နေတဲ့ Blower က ပြင်ပလေတွေကို ဖိသိပ်ပြီး အင်ဂျင်ထဲကို တွန်းပို့ပေးတာဖြစ်တယ်။ တာဘိုချာဂျာဆိုတာ ငါးကြင်းဆီနဲ့ ငါးကြင်းကို ပြန်ကြော်ပေးတာပါပဲ။
အရင်တုန်းက တရုတ်ခေါက်ဆွဲ ကြော်ဆိုင်တွေမှာ မီးသွေးမီးဖိုသုံးတယ်။ မီးဖိုမီးပြင်းလာအောင်Blower နဲ့မှုတ်ပေးတယ်။ ပန်းဘဲလုပ်ငန်းမှာလည်း ဖားဖိုကြီးကိုဆွဲပြီး မီးပြင်းအောင် လေသွင်းပေးတယ်။ လေများများဝင်မှ မီးသွေးမီးဖို မီးအားကောင်းမယ်။ အင်ဂျင်မှာလည်း ဒီအတိုင်းပဲ။ သဘာဝလေဖိအားနဲ့ သူ့အတိုင်းသာ လေဝင်နေရင် လေများများမရဘူး၊ Blower နဲ့ အတင်းမှုတ်သွင်းရင် များများဝင်မယ်။ ဒါကို တာဘိုချာဂျင်က လုပ်ဆောင်ပေးပါတယ်။ အင်ဂျင်တစ်လုံးမှာ အောက်ဆီဂျင်နဲ့ လောင်စာဆီလောင် ကျွမ်းပေါက်ကွဲမှုဖြစ်မှ အပူစွမ်းအင် ရတာပါ။ ဒါကို စက်မှုစွမ်းအင်အဖြစ် ပြောင်းလဲပေးခြင်းဖြစ်တယ်။ လေများ များရမှ အောက်ဆီဂျင်များများရမယ်။ မီးလောင်ပေါက်ကွဲမှုစွမ်းအား ပိုကောင်းလာမယ်။
တာဘိုချာဂျင်ကို စတင်စိတ်ကူး ပြီး တီထွင်ခဲ့သူကတော့ ဆွစ်ဇာလန် နိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Alfred Buchi ဖြစ်ပါတယ်။ ၁၉၀၅ ခုနှစ်ကတည်းက အင်ဂျင်အိတ်ဇော တွန်းကန်အားကိုအသုံးချပြီး တာဘိုချာဂျာကို စိတ်ကူးအကောင်အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်အင်ဂျင်တွေမှာလည်း တာဘိုချာဂျင်ကို တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ ဒုတိယကမ္ဘာစစ်မှာ U.S Air Force လေယာဉ်တွေက Turbocharger ကို သုံးနေကြပါပြီ။
တာဘိုချာဂျာကို ကုန်တင်ထရပ်ကားကြီးတွေ၊ ရထားစက်ခေါင်းတွေ၊ ဆောက်လုပ်ရေး၊ ဆည်မြောင်းတည်ဆောက်ရေး စက်ယန္တရားကြီးတွေ၊ Marine Engine တွေမှာ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုပါတယ်။ ဓာတ်အားပေးမီးစက်ကြီးတွေမှာလည်း တာဘိုအင်ဂျင်တွေပါဘဲ။ ပြိုင်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ လူစီးကားတွေမှာလည်း တာဘိုချာဂျင်ကို သုံးပါတယ်။ Intercooler ပါတဲ့ကားဆိုရင် တာဘိုအင်ဂျင်ပါဘဲ။ SUV ကားတွေမှာ အများဆုံးတွေ့ရပါတယ်။ Intercooler ဆိုတာ လေကိုအအေးခံပေးတဲ့ အရာပါ။ တာဘိုချာဂျာက ဖိသိပ်ပြီး တွန်းပို့လိုက်တဲ့ လေတွေရဲ့အပူချိန်က မြင့်တက်နေပါတယ်။ ဒီလေပူတွေကိုအေးသွားအောင် Intercooler ကိုဖြတ်စေပါတယ်။ Intercooler မှာ အအေးခံပြီးမှ အင်ဂျင်ထဲကို ဝင်ရောက်ပါတယ်။
တာဘိုချာဂျာနဲ့ လုပ်ဆောင်ပုံတူတဲ့ စူပါချာဂျာဆိုပြီး တစ်မျိုးရှိပါသေးတယ်။ စူပါချာဂျာကလည်း အင်ဂျင်ထဲကို လေများများဝင်နိုင်အောင် လုပ်ပေးတယ်။ တာဘိုချာဂျာနဲ့ စူပါချာဂျာ ဘာကွာခြားသလဲဆိုတော့ တာဘိုချာဂျာက အိတ်ဇောပေါက်ကွဲ တွန်းအားကို အသုံးချပြီး တာဘိုင် Blower ကို လည်ပတ်စေတာပါ။ စူပါချာဂျာက လည်ပတ်ဖို့ အင်ဂျင်ရဲ့အားကို အသုံးချတယ်။ ချိန်းကြိုး၊ ပန်ကာကြိုး တွေကနေတဆင့် စက်မှုနည်းနဲ့ စူပါချာဂျာကို လည်ပတ်စေတယ်။
တာဘိုချာဂျာက အိတ်ဇောဓာတ်ငွေ့တွန်းကန်အားတွေနဲ့ တာဘိုင်ဒလတ်ကို လည်ပတ်စေတယ်။ တာဘိုင်နဲ့ Blower က ဝင်ရိုးတစ်ချောင်း တည်းပေါ်မှာ တပ်ဆင်ထားတာ။ တာဘိုင်လည်ရင် Blower လိုက်လည်မယ်။ Blower ဆိုတာ Air Compressor ပါ။ အိတ်ဇော်အငွေ့တွေရဲ့ တွန်းကန်အားကြောင့် Tarbine Tsheel ရဲ့လည်ပတ်နှုန်းက တစ်မိနစ်ကို ပတ်ရေ (၁၅၀ဝ၀ မစာ) ရှိတယ်။ အင်ဂျင်လည်ပတ်တဲ့နှုန်းထက် အဆ ၃၀ လောက်များပါတယ်။ ဒါကြောင့် တာဘိုချာဂျာက တွန်းပို့လိုက်တဲ့လေတွေက ဖိအားမြင့်ပြီး ပမာဏများတယ်။ လေကိုဖိသိပ်လိုက်ရင် နိယာမသဘောအရ အပူချိန်တက်သွားတယ်။ လေပူကို အေးသွားအောင် Inter-cooler က လုပ်ပေးတယ်။ အေးသွားမှ လေထုထည်ကျုံ့သွားမယ်။ ဒါမှ လေရဲ့သိပ်သည်းဆ (Density) တတ်လာမယ်။
တာဘိုချာဂျာရဲ့ အားနည်းချက်က အိတ်ဇော်အငွေ့တွေ့ရဲ့ အပူတွေကြောင့် အပူချိန်မြင့်မားနေခြင်းဘဲ။ လည်ပတ်နှုန်းကလည်း မြင့်လွန်းတယ်။ အပူချိန်ကလည်းမြင့်တယ်။ ဒါကြောင့် တာဘိုချာဂျာတွေကို အထူးခိုင်ခန့်အောင် တည်ဆောက်တပ်ဆင်ထားရပါတယ်။ သုံးစွဲတဲ့ ဘယ်ရင်ကလည်း မြင့်မားတဲ့ High Temperature ကို ခံနိုင်ရည်ရှိရတယ်။ ဘယ်ရင်အေးနေအောင် အင်ဂျင်ဝိုင်က ပုံမှန်စီးဝင်ပေးနေတယ်။ အင်ဂျင်ဝိုင်က တာဘိုချာဂျာ ချောမွေ့စွာလည်နိုင်အောင်နဲ့ အပူချိန်ကျဆင်းသွားအောင် လုပ်ပေးတယ်။ တစ်ချို့ကားကြီးအင်ဂျင်တွေမှာ တာဘိုဘယ်ရင် အေးအောင် Cooling System က အအေးခံရည်တွေကို ဖြတ်စီးစေနိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။
တာဘိုချာဂျာက တွန်းပို့လိုက်တဲ့လေတွေဟာ အင်ဂျင် High Speed ရောက်သွားရင် ဖိအားတွေအရမ်း များလာတတ်တယ်။ အင်ဂျင် အဝင်လေဖိအားတွေ သိပ်များလွန်းနေရင် အင်ဂျင်မီးခေါက်သံ (Knocking) ထွက်လာတတ်တယ်။ ဒီလိုဖြစ်တာကို ကာကွယ်ဖို့ တာဘိုချာဂျာမှာ (Waste Gate) လေပိုထွက်ပေါက်တစ်ခု တပ်ဆင်ထားပေးပါတယ်။ သတ်မှတ်ထားတဲ့ လေဖိအားထက်များလာရင် လေပိုထွက်ပေါက် ဗားပွင့်သွားပြီး အပြင်ကိုကွန်ပျူတာထိန်းချုပ်ပေးပါတယ်။ Inlet Manifold ဝင်ပေါက်မှာ Pressure Sensor (ဖိအားအာရုံခံ) တစ်ခု တပ်ဆင်ထားပါတယ်။ တာဘိုချာဂျာမှာ ဖိအားများလာရင် ဆင်ဆာက ကွန်ပျူတာ (ECM) ကိုသတင်းပို့မယ်။ ကွန်ပျူတာ (ECM) က ဆိုလိုနွိုက်ဗားကို ထိန်းချုပ်ပြီး လေပိုထွက်ပေါက်ကို အဖွင့်အပိတ်လုပ်ပေးတယ်။ တစ်ချို့ အင်ဂျင်စွမ်းအားကြီးတဲ့ ပြိုင်ကားတွေဆိုရင် တာဘို ၂ လုံးတောင် တပ်ဆင်ထားပါတယ်။တာဘိုချာဂျာတပ်ထားတဲ့ အင်ဂျင်ဆိုရင် ပါဝါစွမ်းအားပိုကောင်းတာကြောင့် Engine Efficiency မြင့်တယ်။ Fuel Economy ဖြစ်တယ်။ ဆီစားသက်သာတယ်။ ဆီကုန်တာ ချင်းအတူတူ ခရီးမိုင်ပိုပြီးမောင်းနိုင်တယ်။
ဒီနေ့မျက်မှောက်ခေတ်မှာတော့ အင်ဂျင်တွေရဲ့ စွမ်းရည်တွေ ပိုမိုမြင့်တက်လာဖို့ ဆီစားသက်သာဖို့ (Fuel Economy) နည်းပညာအမျိုးမျိုးကို စမ်းသပ်သုတေသနတွေလုပ်ပြီး တီထွင်နေကြတယ်။ တာဘိုချာဂျာနည်းပညာဟာ အင်ဂျင်စွမ်းရည်မြင့်မားစေတဲ့အပြင် Fuel Economy ဖြစ်ဖို့ အထောက်အကူပြုနေတဲ့ အရာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနဲ့ ဥရောပနိုင်တွေမှာ တာဘိုချာဂျာသုံးကားတွေ တိုးတက်များပြားလာဖို့ မူဝါဒချပြီးတောင် တွန်အားပေးကူညီနေကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဟာဗျူဟာပါဘဲ။ စီးပွားရေးလုပ်ငန်းကြီးတိုင်းရဲ့ လောင်စာဆီသုံးစွဲမှု လျော့ကျသွားစေဖို့ Fuel Economy မြင့်တက်လာဖို့လိုပါတယ်။ ဒါကိုထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်း တစ်ခုကတော့ တာဘိုအင်ဂျင်ပါဘဲ။ ကားကြီးပိုင်ရှင်တွေဆိုရင် တာဘိုပါတဲ့ကားမှ ကြိုက်ကြပါတယ်။
Credit;KMA(သိပ္ပံနှင့်နည်းပညာ)