ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်တင်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA တွင် မှတ်ပုံတင်၍ အလုံးစုံအာမခံ GPS စနစ်များ တပ်ဆင်ထားမှသာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်း ခွင့်ပြုပေးမည်ဖြစ်ကြောင်း YRTA တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်း သွားလာမည့် ကုန်တင်ယာဉ်များကို သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ၏ ကုန်တင်ယာဉ်ဌာနတွင် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ရာ အလုံးစုံအာမခံနှင့် GPS များတပ်ဆင်ထားရမည်ဖြစ်ပြီး မှတ်ပုံမတင်ထားသည့် ကုန်တင်ယာဉ်များအား လုပ်ငန်းလိုင်စင် သက်တမ်းတိုးလုပ်ငန်း လုပ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
"ကုန်တင်ယာဉ်တွေအကုန်လုံးက YRTA မှာ မှတ်ပုံတင်ရမယ်။ စာရင်းသွင်းရမယ်။ ယာဉ်နဲ့ပတ်သက်ပြီး speed တွေ သတ်မှတ်ရမယ်။ GPS တပ်ဆင်ရမယ်။ မှတ်ပုံတင်မလုပ်တာတို့ အလုံးစုံအာမခံမလုပ်ထားတဲ့ကားတွေကို လုပ်ငန်းလိုင်စင်သက်တမ်းတိုးပေးမှာ မဟုတ်ပါဘူး။ အခုဆိပ်ကမ်းထဲမှာသင်တန်းတွေပေးနေတယ်။ဆိပ်ကမ်းဝင်ထွက်တာကိုလည်း သတ်မှတ်ချက်အတိုင်းမောင်းနှင်ရပါမယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကုန်သေတ္တာယာဉ်များအားလုံးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး YRTA မှ ထုတ်ပေးသော မှတ်ပုံတင်ကတ်ဖြင့်သာ ဆိပ်ကမ်းဝင်ခွင့်ပြုသွားမည့် အစီအစဉ်လည်း စတင်မည်ဖြစ်ကြောင်းသိရသည်။